ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြို့ကြီးရွာကို စစ်ကောင်စီတပ်တွေ မနေ့ကနေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာတစ်ဝက်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မြို့ထဲကနေပြီးတော့ မြို့ကြီးဘက်ကိုလာတဲ့စစ်ကြောင်းက ဒေသခံ(ပကဖ) အဖွဲ့တွေရှိတော့ မလာရဲတော့ လေယာဉ်ပစ်ကူခေါ်ပြီးပစ်ပြီးမှ ရွာကိုဝင်ပြီးမီးရှို့သွားတယ်။ အရေအတွက်တော့ မတွက်ရသေးဘူး။
အိမ်ခြေတစ်ဝက်နီးနီးလောက်ပါသွားတယ်။ ရွာတစ်ခြမ်းနီးနီးပါသွားတယ်။ အဲဒီရွာက ခန့်မှန်းချေ အိမ်ခြေနှစ်ရာနီးနီးလောက်ရှိတယ်” လို့ ပြောပါတယ်။
ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာရပြီး အသက် ၆၀ ကျော်အမျိုးသားတစ်ဦးရဲ့ မီးလောင်နေတဲ့ အလောင်းကိုလည်း တွေ့ရကြောင်းသူကဆက်ပြောပါတယ်။
“လေယဉ်နဲ့ပစ်လို့လား၊ သူတို့မီးရှို့သတ်ခဲ့တာလားမသိဘူး၊ အဲဒီရွာက အသက်၆၀ကျော် အဖိုးကြီးတစ်ယောက် အလောင်းတွေ့ရတယ်။ အခုလက်ရှိတော့ဒေသခံတွေက ရွာကိုဝင်လို့မရသေးဘူး” လို့ ဆိုပါတယ်။
ဒီနေ့လယ်အထိ မြို့ကြီးရွာကဒေသခံတွေအပြင် အနီးနားရွာတွေက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီလေတပ်ဟာ မြို့ကြီးရွာကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် မြောက်နုံးရွာကိုလည်း အကြောင်းမဲ့ပစ်ခတ်သွားတာကြောင့် နေအိမ်တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေဟာ ၂၀၂၁ မေလကနေ ၂၀၂၃ မေလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ငါးသောင်းကျော်အထိ အများဆုံးဖျက်ဆီးခံထားရပါတယ်။
#Dailynews

