ယင်းမာပင်-၂၀၂၃ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ B Two Fighters အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပြီး စခန်းနဲ့အနီးနားရွာကနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီးမှ မီးရှို့တာဗျ။ ဒီကောင်တွေက စခန်းထဲရောက်တော့ ကျွန်တော်တို့က စခန်းရဲ့မြောက်ဘက်မှာနေရာယူထားတာ။ စခန်းအတွင်းထဲကိုဝင်လာပြီဆိုမှ ပစ်တာဗျ။ စစ်ကောင်စီဘက်က တပ်ကူတွေထပ်လာနေတယ်သတင်းရလို့ ကျွန်တော်တို့က နောက်နည်းနည်းပြန်ဆုတ်ပေးလိုက်တာ”လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စခန်းမီးရှို့ခံရတဲ့အထဲမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးအပြင် ရိက္ခာတချို့ မီးထဲပါသွားတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီအဖွဲ့တွေက စခန်းမီးရှို့ပြီး ပြန်အထွက်မှာ ဘန့်ဘွေးမြောက်ရွာက လူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားပြီး ဆုံးရှုံးမှုအရေအတွက်ကိုတော့မသိရသေးဘူးလို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီအဖွဲ့ဝင် ငါးဦးနီးပါး သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ကျွန်တော်တို့စခန်းရဲ့မြောက်ဘက် ချောင်းထဲဆင်းလာတဲ့အချိန်မှာ ကျွန်တော်တို့က ဖြတ်ပိတ်တိုက်လိုက်တာ၊ ငါးကောင်လောက်ကြွတယ်။
ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိဘဲ အကောင်းအတိုင်းပြန်ဆုတ်နိုင်တယ်။ သူတို့တော့ ကျည်မှန်ထားတာ ဦးထုပ်တွေရယ်၊ ဦးနှောက်တွေရယ်၊ သွေးအိုင်တွေရယ်တွေ့တယ်ဗျ”လို့ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့ ဘန့်ဘွေးရွာမကို ပြန်ဆုတ်သွားပြီလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း B Two Fighters အဖွဲ့ရဲ့ စခန်းတစ်ခုကို ဓားစာခံတွေခေါ်ပြီး စီးနင်းခဲ့တာကြောင့် လက်နက်တချို့ ယူနီဖောင်းတွေနဲ့ ရိက္ခာတွေ ဆုံးရှုံးခဲ့ပါသေးတယ်။
#Dailynews

