ယင်းမာပင်- ၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာအနီးမှာရှိတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ B Two Fighter ရဲ့ စခန်းတစ်ခုကို မနေ့က စစ်ကောင်စီတပ်တွေက ဓားစားခံတွေခေါ်လာပြီး စီးနင်းတာကြောင့် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“မနေ့ကညနေသုံးနာရီလောက်ကဗျ၊ စခန်းနားရောက်မှ သေနတ်ဖောက်တော့ ရှောင်ချိန်တော့ရလိုက်တယ် ပစ္စည်းတွေယူချိန်မရလိုက်ဘူး။ သူတို့ကအင်အား၂၀လောက်နဲ့ဝင်စီးတာပါ။ သိန်းသုံးဆယ်ပတ်ချာလည်လောက်ဆုံးရှုံးသွားတယ်။ ဓားစာခံတွေရောပါတော့ ကျွန်တော်တို့ဘက်က ပြန်ပစ်လို့မရဘူးလေ။ ဓားစားခံက ၁၂ ယောက်လောက်ပါတယ်။ ယောက်ျားလေးလူငယ်လေးတွေပါလာတယ်။ ရွာထဲကျန်တဲ့ ပုန်းနေတဲ့သူတွေကို ခေါ်လာတာ နှစ်ယောက်ကိုကြိုးတုတ်ထားတယ်။ ဓားစာခံတွေက ဘန့်ဘွေးမြောက်ရွာ တောပြင်က” လို့ သူကပြောပါတယ်။
စခန်းဝင်စီးစဉ်က ခေါ်လာတဲ့ အဲဒီဓားစာခံ ၁၂ယောက်ကိုတော့ စစ်ကောင်စီတပ်တွေက ဒီကနေ့ပြန်လွှတ်ပေးလိုက်တယ်လို့ သူကပြောပါတယ်။
မီးရှို့ခံရတဲ့စခန်းမှာ စားနပ်ရိက္ခာ၊ ယူနီဖောင်းတွေအပြင် တစ်တောင့်ထိုးသေနတ် သုံးလက်နဲ့စကားပြောစက် တစ်လုံးလည်းပါသွားပြီး လူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက မီးရှို့ခံရတဲ့ စခန်းအနီးက စစ်ရှောင်ပြည်သူတွေရဲ့ တဲတွေနဲ့ စာသင်ကျောင်းတစ်ခုကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။
Photo: B Two Fighter
#Dailynews

