ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေ နေ့စဉ်စစ်ကြောင်းထိုးနေလို့ ဒေသခံစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်နေပြီလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
“စားစရာကအကုန်ပြတ်ပြီဗျာ။ ဘာမှမရှိတော့ဘူး။ ဘယ်လိုလုပ်စားနေရလဲဆိုတော့ တောထဲမှာ သူများအခင်းတွေကနေ ချက်စားလို့ရတဲ့ဟာလေးတွေယူချက်စားပေါ့။ အဲ့လိုနေနေရတာ” လို့ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ပို့အတွက်လည်း စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်နေတာကြောင့် လက်ရှိအချိန်မှာပို့ဖို့မလွယ်ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ ကျေးရွာအုပ်စုပေါင်း ၄၂ ခုရှိပြီး လက်ရှိအချိန်မှာ ထွက်ပြေးရတဲ့ ကျေးရွာအုပ်စုပေါင်း ၂၅ စုဝန်းကျင်ရှိပြီး စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်နီးပါးရှိလာနေပြီလို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယခုလဆန်းပိုင်းကစပြီး အင်အားအများအပြားနဲ့ လက်ရှိအချိန်အထိစစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိအချိန်မှာ တိုက်ပွဲတွေဆက်နေတာကြောင့် အသေးစိတ်အခြေအနေတွေ ပြောပြလို့မရတဲ့အပြင် စစ်ဘေးရှောင်ဦးရေလည်း တနေ့တခြားပိုများလာတယ်လို့ မော်ကွန်းကိုပြောပါတယ်။
Photo -Yinmarbin Local PDF
#Dailynews

