ယင်းမာပင်-၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ ၁၁ ရွာဝန်းကျင်က စစ်ဘေးရှောင်တွေ အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေကပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ အအေးမိဖျားနာတာနဲ့ တုပ်ကွေးအဖြစ်များတာကြောင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာလို့ ယင်းမာပင်မြို့နယ်ထဲက စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက အခုလိုပြောပါတယ်။
“ စစ်ရှောင်ဦးရေကများတယ်။ ဒီဘက်မှာက ဆရာဝန်က တစ်ယောက်ပဲရှိတာ။ ဖျားတာနာတာ၊ မွေးလူနာကအစကုပေးရတော့ ဆေးဝါးက မလောက်တာပေါ့ဗျာ။ ဒီချိန်က တုပ်ကွေးပေါ်တဲ့အချိန်ဆိုတော့ တုပ်ကွေးလည်းအဖြစ်များတယ်။အရေးပေါ်ဆေးတွေလည်းလိုတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့စစ်ကိုင်းတိုင်းထဲမှာ အစစ်ဆေးတင်းကြပ်ထားတာကြောင့် ဆေးဝါးနဲ့စားနပ်ရိက္ခာ ကူညီဖို့ခက်ခဲတယ်လို့ ထောက်ပံ့ကူညီရေးလုပ်နေသူတွေကလည်း ပြောပါတယ်။
“စစ်ကိုင်းထဲက လမ်းကြောင်းတွေကအရင်ထက် အစစ်ဆေးပိုကြပ်တယ်။ ဆေးတို့ ဆန်ဆီရိက္ခာတို့ အင်္ကျီအဝတ်စားတွေတွေ့ရင်တောင် မရဘူး၊ နမခထဲခေါ်စစ်တာ။ ပို့ရတာပိုခက်သွားပြီ” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေကြောင့် လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်သောင်းကျော်ဟာ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက စုန်းချောင်း၊ စေသူ၊ သံပို၊ နဘူးတော၊ ပတိန်ပြင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ နှောပင်၊ နုံးတန်း၊ ကျောက်ကုန်း၊ အင်းဘက် စတဲ့ရွာတွေကဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ယင်းမာပင်အရှေ့ခြမ်းက စုန်းချောင်းရွာကိုစီးနင်းပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာကြောင့် စုန်းချောင်းဒေသခံတွေနဲ့ နီးစပ်ရာရွာတွေက ဒေသခံအများအပြားဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲဘဲ နီးစပ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ထွက်ပြေးနေရတဲ့ ယင်းမာပင်ဒေသခံများ
Photo – Supplied
#Dailynews

