ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း)
ယခုနှစ်မှာ တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၆၀ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လာနိုင်ပြီလို့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က မော်ကွန်းမဂ္ဂဇင်းကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်အများစု ပိတ်ထားလိုက်ရပြီးCDMလုပ်ဆောင်သူတွေလည်း ရှိတာကြောင့် ဘဏ်စုစုပေါင်းရဲ့ ၅၀ရာခိုင်နှုန်းအောက်သာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က “ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကလည်း မရဘူး ဘဏ်တွေဖွင့်ရမယ်၊ ပြည်သူလူထု အခက်အခဲမရှိအောင်ဆိုပြီးတော့ တွန်းအားပေးတယ်။ ဗဟိုဘဏ်ကလည်းတွန်းအားပေးတယ်။ မဖွင့်ရင်ဒဏ်ရိုက်မယ်၊ အရေးယူမယ်၊ ဒါတွေ လုပ်ခဲ့ကြတာ” လို့ရှင်းပြပါတယ်။
လက်ရှိ ဖွင့်လှစ်နေတဲ့ဘဏ်ခွဲတွေဟာ ဝန်ထမ်း အင်အားပြန်လည်ပေါင်းစည်းပြီး ဘဏ်ခွဲနှစ်ခု ဒါမှမဟုတ် သုံးခုပေါင်းကာ ဘဏ်ခွဲတစ်ခုတည်း ဖွင့်လှစ်နေရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘဏ်ခွဲများမှ ငွေထုတ်ယူမှုကို တစ်ပတ်လျှင် လူတစ်ဦးကို သိန်း ၂၀ နဲ့ ကုမ္ပဏီ အဖွဲ့ အစည်းတွေအတွက် သိန်း ၂၀၀ ထုတ်ယူလို့ရတယ်လို့ ဗဟိုဘဏ်ကသတ်မှတ်ထားပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ရှိဘဏ်ခွဲများမှာ ပိုက်ဆံထုတ်ယူလိုပါက ဖုန်းဘိုကင်တင်ရပြီး၊ နယ်တွေမှာတော့ ဘိုကင်မတင်ဘဲ ထုတ်ခွင့်ပေးထားတယ်လို့ အမည်မဖော်လိုတဲ့ပုဂ္ဂလိကဘဏ်မန်နေဂျာတစ်ဦးကပြောပါတယ်။
မြေပြင်အခြေအနေမှာတော့ လူတစ်ဦးကို မိမိအကောင့်ထဲမှ တစ်ပတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ယူလို့ရပြီး “ဒါတောင် ဖုန်းဆက်ပြီး ဘိုကင်တင်ရသေးတယ်။ ဖုန်းကလဲ ဆက်လိုက်တိုင်း ‘မအားသေးပါ’ နဲ့ပဲတိုးနေတာ၊ဆယ်ခါတစ်ခါတောင်မဝင်ဘူး။ အဲ့တော့ မြန်အောင် ရာခိုင်နှုန်းပေးထုတ်လိုက်တော့တယ်” လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပြပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကဘဏ်ခွဲပေါင်း နှစ်ထောင်ရှိတယ်လို့ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဝင်းသော်ကပြောပါတယ်။ ပြည်တွင်းမှာ ပုဂ္ဂလိက ဘဏ် ၂၇ ခုနဲ့ နိုင်ငံခြားဘဏ်ခွဲပေါင်း ၁၀ ခုတို့ကို လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားတာလည်းဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်မြို့မှ ပုဂ္ဂလိကဘဏ်တစ်ခု
Photo: Mawkun
#Dailynews

