မှတ်ပုံတင်အပြင် ရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာပါမှ ရန်ကုန်အဝေးပြေးကားဂိတ်တွေက လက်မှတ်ရောင်းပေးနေ၊ YRTC ကတော့ ညွှန်ကြားချက်ထုတ်ထားတာမရှိလို့ဆို

မှတ်ပုံတင်အပြင် ရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာပါမှ ရန်ကုန်အဝေးပြေးကားဂိတ်တွေက လက်မှတ်ရောင်းပေးနေ၊ YRTC ကတော့ ညွှန်ကြားချက်ထုတ်ထားတာမရှိလို့ဆို

ရန်ကုန်-၂၀၂၄ မတ် ၂၁ (မော်ကွန်း)

ရန်ကုန်မြို့ကနေ အခြားတိုင်းနဲ့ပြည်နယ်တွေကို ခရီးသွားမယ့်သူတွေ နိုင်ငံသားမှတ်ပုံတင်အပြင် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာပါမှ ကားဂိတ်တွေက လက်မှတ်ရောင်းချနေကြပေမယ့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က အဲဒီလိုညွှန်ကြားထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

မှတ်ပုံတင်ပါတဲ့သူကိုသာ ကားလက်မှတ်ရောင်းချပေးဖို့တစ်ခုပဲ ယာဉ်လိုင်းတွေကို အမိန့်ထုတ်ထားတာရှိတယ်လို့ YRTC ကော်မတီဝင် ဦးဘမြင့်က မော်ကွန်းကိုပြောပါတယ်။

“ကျွန်တော်တို့ကတော့ မှတ်ပုံတင်နဲ့ရောင်းပါလို့ပဲ အမိန့်ထုတ်ထားတယ်။ ဘာထောက်ခံစာမှ ကျွန်တော်တို့က ယူဖို့မပြောဘူး။ ဒါကျွန်တော်တို့ အဝေးပြေးအနေနဲ့ သတ်မှတ်ထားတာ။ အခုက ဘယ်သူကခိုင်းလို့လုပ်နေလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့အနေနဲ့ ပြောရရင် ကောလာဟလပဲ။ အစိုးရအဖွဲ့ကလည်း ကျွန်တော်တို့က မညွှန်ကြားဘူး၊ ကျွန်တော်တို့ကလည်း စာမထုတ်ဘူး။ ကျွန်တော်တို့ထုတ်ထားတာ မှတ်ပုံတင်ပါရင်ရောင်းဖို့ ၊ မပါရင် မရောင်းဖို့ ဒါပဲထုတ်ထားတယ်။ ထောက်ခံစာနဲ့ရောင်းရမယ်လို့ မပြောပါဘူးဗျာ”လို့ သူက ပြောပါတယ်။

ဒါပေမယ့် မော်ကွန်းက အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာရှိတဲ့ ယာဉ်လိုင်းတွေရဲ့ လက်မှတ်အရောင်းဌာနတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လမ်းမှာစစ်ဆေးရေးဂိတ်တွေကစစ်လို့ ထောက်ခံစာမပါရင် လက်မှတ်ရောင်းချမပေးဘူးလို့ ဆိုကြပါတယ်။

“အခုညီမတို့ဆီမှာ ခရီးသွားမယ်ဆို မှတ်ပုံတင်နဲ့ ထောက်ခံစာပါမှ (လက်မှတ်ဝယ်လို့) ရမှာ။ ညီမတို့လည်းအတိအကျတော့မသိဘူး။ အဲဒါကြောင့် ခရီးသည်တွေကို မှတ်ပုံတင်နဲ့ ခရီးသွားထောက်ခံစာ ယူခဲ့ဖို့ပြောတာ။ အရင်ကမလိုဘူး၊ အခုကတော့မရတော့ဘူး။ (ဘယ်ကညွှန်ကြားတယ်ဆိုတာ)ညီမတို့လည်း အတိအကျတော့မသိဘူး” လို့ E Lite ကားလက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မိုးကောင်းကင်ကားလက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးကလည်း ခရီးသွားထောက်ခံစာမပါရင် ကားလက်မှတ်ရောင်းချပေးလို့မရဘူးလို့ ဆိုပါတယ်။ ဒီလိုသက်မှတ်တာဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ညွှန်ကြားချက်ကြောင့် လုပ်ဆောင်ရတာလို့ ပြောပေမယ့် ဘယ်အဖွဲ့က အမိန့်ထုတ်ထားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။

“ ထောက်ခံစာပါမှ ကားလက်မှတ်ရောင်းပေးရမှာပါ။ ထောက်ခံစာက ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာပါ။ မပါရင်တော့ လက်မှတ်ဖြတ်လို့ မရပါဘူးရှင့်။ ဘာလို့လဲဆိုတော့ လမ်းမှာ ရန်ကုန်ကစထွက်ကတည်းက စစ်လို့ပါ” လို့ မိုးကောင်းကင်ဂိတ်က လက်မှတ် ရောင်းချသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်ကနေ မန္တလေးကိုသွားဖို့ လက်မှတ်ဖြတ်ခဲ့တဲ့အမျိုးသားတစ်ဦးကလည်း ဂိတ်အတွင်းမှာ ထောက်ခံစာ မပါသူတွေကို လက်မှတ်မရောင်းပေးတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ သူကတော့ ထောက်ခံစာ လုပ်လာတဲ့အတွက် လက်မှတ်ရခဲ့တယ်လို့ ဆိုတယ်။

“ တနေ့ကပဲ ကားလက်မှတ် ဖြတ်လာတာပါ။ ထောက်ခံစာမပါရင် (ဂိတ်မှာ) ရောင်းမပေးပါဘူး။ ရပ်ကွက်ဒါမှမဟုတ် ရဲစခန်း ကနေ ခရီးသွားထောက်ခံစာပါမှ ရပါတယ်။ မှတ်ပုံတင်လည်း ပါရမယ်။ ပြီးရင် မှတ်ပုံတင်က သက်ပြည့် (၁၈နှစ်၊ ၃၀နှစ်) လဲထားတဲ့ကတ်ဖြစ်မှရမယ်လို့ ပြောတယ်” လို့ သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

စစ်မှုထမ်း စာရင်းကောက်နေတဲ့ ရန်ကုန်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေ တိမ်းရှောင်ထွက်ပြေးတာမျိုး မလုပ်နိုင်အောင် အခုလို ကြပ်မတ်လာတာလို့ ဝေဖန်ကြတာရှိပေမယ့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတချို့ကတော့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုကြပါတယ်။

“ ခရီးသွားရင်ထောက်ခံစာတွေယူခိုင်းတာက ကြာပြီ၊ တစ်ပတ်လောက်ရှိပြီ။ ရပ်ကွက်ထောက်ခံစာမရတာ၊ တချို့ မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ရပ်ကွက်ရုံးတွေမဖွင့်တာ၊ မရှိတော့တာတို့ဆိုရင် သက်ဆိုင်ရာရဲစခန်းတွေမှာ ထောက်ခံစာ တော့ယူရမှာ။ ရဲစခန်းကတော့ အမြဲတမ်းဖွင့်ထားပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးမှာစိုးလို့ ထောက်ခံစာ တွေယူခိုင်းတာ မဟုတ်ပါဘူး” လို့ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ရန်ကုန်ကနေခရီးသွားမယ့် သူတွေကို အခုလို အထောက်အထားတွေပါမှ ယာဉ်လက်မှတ်ရောင်းပေးတာမျိုး ကားဂိတ်တွေက လုပ်ဆောင်လာပေမယ့် မန္တလေးမှာတော့ အခုလို လုပ်ဆောင်တာ မရှိသေးဘူးလို့ JJ ဂိတ်က အရောင်း စာရေးတစ်ဦးက ပြောပါတယ်။ ထောက်ခံစာမပါလည်း သူတို့ရောင်းချပေးနေဆဲပဲလို့ မနေ့ကနေ့လယ်ပိုင်းက ဆက်သွယ်တော့ သူက ရှင်းပြပါတယ်။

“ ဒီနေ့မနက်အထိက မှတ်ပုံတင်မူရင်းပါရင်သွား လို့ရတယ်ရှင့်။ တစ်မနက်လုံး အဲဒါပဲ ဖုန်းတွေဆက်မေးနေကြလို့။ ညီမတို့လည်း သေချာမသိသေးဘူးဖြစ်နေတာ” လို့ JJ ဂိတ်ရဲ့ အရောင်းစာရေးတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်မြို့တော်၊ ဘားအံက ဒေသခံတစ်ဦးကလည်း သူတို့ဆီမှာ ရန်ကုန်ကို ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်ပါတာနဲ့ ကားလက်မှတ်ဝယ်လို့ ရနေသေးပြီး ရန်ကုန်ဘက်ခြမ်းကားဂိတ်တွေက သတ်မှတ်လိုက်သလို ရဲစခန်း၊ ရပ်ကွက် ထောက်ခံစာ တွေ မလိုသေးဘူးလို့ ဒီနေ့လည်ပိုင်းမှာ ပြောပါတယ်။

စစ်မှုထမ်းဥပဒေအတွက် အကျုံးဝင်သူတွေကို စာရင်းကောက်ယူနေတဲ့ဂယက်ကြောင့် ရန်ကုန်နေ လူထုတွေအကြား ထိတ်လန့် ပွက်လောရိုက်နေကြတာ ရက်သတ္တတစ်ပတ်ခန့် ရှိလာပါပြီ။

အခုရက်ပိုင်းတွေမှာ ရဲစခန်းနဲ့ ရပ်ကွက်ရုံးတွေမှာ ခရီးသွားထောက်ခံစာလုပ်ဆောင်သူတွေ တိုးလာသလို နိုင်ငံခြားထွက် အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ထောက်ခံချက်လာလုပ်သူတွေလည်း များလာတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့က ပြောပါတယ်။

ထောက်ခံစာသွားရောက်လုပ်ဆောင်ခဲ့သူတချို့ကတော့ ရပ်ကွက်ထောက်ခံစာအတွက် ကျပ်ငွေ ငါးထောင်၊ ရဲစခန်း ထောက်ခံစာအတွက် ကျပ်ငွေတစ်သောင်းအထိ ပေးမှ ထောက်ခံချက်ထုတ်ပေးကြတယ်လို့ ပြောကြပါတယ်။

ပုံစာ-အောင်မင်္ဂလာအဝေးပြေးကားဝင်း

ဓာတ်ပုံ-MOI

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."