ဂေထော
ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၈ (မော်ကွန်း)
မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုအနက် ဘီးလင်းနှင့်သထုံမြို့နယ်တွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်မရှိသည့်အတွက် အမည် စာရင်းမသွင်းခဲ့ခြင်းဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ၏ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက မော်ကွန်းကို ပြောသည်။
“ အဲဒီဘက်(ဘီးလင်း) မှာလည်း မွန်တွေက အင်မတန်နည်းတဲ့အခါကျတော့ ဝင်ပြိုင်ဖို့အခွင့်ရခဲ့ပေမယ့် သို့သော် ဝင်ပြိုင်မယ့်သူ မရှိဘူး။ သထုံကတော့ မြို့နယ်ကော်မတီဝင်ရှိတယ်။ ပါတီရုံးလည်းရှိတယ်။ သို့သော်လည်းပဲ မွန်လူမျိုး တွေကနည်းတယ်။ နည်းတဲ့အခါကျတော့ ဝင်ပြိုင်လိုတဲ့ ကိုယ်စားလှယ်လောင်းတွေရှာမရတဲ့ အနေအထားဖြစ်ခဲ့တယ်”ဟု နိုင်လယိတမက ပြောသည်။
၂၀၁၉၊ မတ်လတွင် ထုတ်ပြန်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ လူဦးရေ ၁၉၃,၀၀၀ ခန့် ရှိသော ဘီးလင်းမြို့နယ်တွင် မွန်လူဦးရေသည် ၃၅၀ ကျော်သာရှိပြီး လူဦးရေ ၂၃၆,၅၀၀ ကျော်ရှိသော သထုံမြို့နယ်တွင် မွန်လူဦးရေသည် ၄,၉၀၀ သာ ရှိသည်ဟု ဖော်ပြသည်။
မွန်အမျိုးသားပါတီ (MNP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ( AMDP ) တို့ကို ပူးပေါင်းပြင်ဆင်ဖွဲ့စည်းထားသည့် မွန်ညီညွှတ်ရေးပါတီသည် လာမည့် ၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၆၂ ဦးကို အမည်စာရင်းသွင်းထားသည်။
ထိုကိုယ်စားလှယ်များသည် မွန်ပြည်နယ်တွင် ရှစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် သုံးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးက ခြောက်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပါတီ၏ ရ္ဂေးကောက်ပွဲကြေညာစာတမ်းကို မဲဆွယ်စည်းရုံးရေးကာလမတိုင်မီ အတည်ဖြစ်နိုင်ရန်လည်း ကြိုးစားနေကြောင်း နိုင်လယိတမ က ပြောသည်။
ပုံစာ – မွန်ညီညွတ်ရေးပါတီအလံ
ဓာတ်ပုံ – မွန်ညီညွတ်ရေးပါတီ၏ Facebook Page
#Dailynews