မှတ်စရာအထွေထွေ မက္ခရာရေမြေ

Photo – Than Naing Oo

ကျောက်ဆည်လွင်ပြင်မှာ ရှေးဟောင်းစေတီ ပုထိုးတွေ များစွာရှိတယ်။ ချောင်း၊ မြောင်းတွေ ဝန်းရံနေတဲ့ ဒီနယ်မြေမှာ ရှေးဦး မြန်မာတွေ အခြေချ နေထိုင်ခဲ့ကြတယ်။ အရှေ့ဘက်မှာ ရှမ်းရိုးမတောင်တန်းက ကာဆီးထားပြီး ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်တို့က ရစ်ခွေစီးဆင်း နေတယ်။ ဥယျာဉ်ခြံမြေလုပ်ငန်းတွေ၊ ယာ လုပ်ငန်း၊ ကိုင်းလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေ စားသောက်ကြ သူတွေ နေထိုင်ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝဝ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ဒီနယ်မြေ က မန္တလေးမြို့ရဲ့ အရှေ့ တောင်စူးစူးမှာ ရှိတယ်။ မန္တလေးထက် နှစ် ၆ဝဝ စောပြီး တည်ခဲ့တဲ့ ဒီမြို့မှာ (အခုတော့ ကျေးလက်ဒေသ) ရှေးဟောင်းစေတီပုထိုးတွေ၊ ကျောင်းကန်ဇရပ် တွေ၊ မြန်မာအငွေ့အသက်တွေ ဒီနေ့ထိတိုင် ရှိနေတဲ့ ဒေသက မက္ခရာဖြစ်ပါတယ်။

မက္ခရာက မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ နယ်အတွင်းမှာ တည်ရှိတယ်။ စဉ့်ကိုင်မြို့ရဲ့ အရှေ့မြောက်ဘက်၊ ကွန်ပျူတာတက္ကသိုလ်(တအုံ)အနီးမှာ မက္ခရာမြို့ပြကို တည်ခဲ့ ကြတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်း ကီလိုမီတာ ၆၆၆ မှတ် တိုင်ရောက်ရင် ကွန်ပျူတာတက္ကသိုလ်(တအုံ)ရှိရာ လမ်းအတိုင်း အရှေ့စူးစူးကို ဝင်သွားရမှာပါ။ မက္ခရာရဲ့ ထူးခြားချက်က သက္ကရာဇ် ၆၆၆ ခုနှစ်မှာ မြို့တည်ခဲ့သလို (ရန်ကုန်မြို့နဲ့ အကွာအဝေးပြတဲ့) ကီလိုမီတာကျောက်တိုင်ကလည်း ၆၆၆ ဖြစ်နေတာပါပဲ။ ကတ္တရာ လမ်းဖြစ်လို့ သွားလမ်းလာလမ်းသာပါတယ်။ လမ်းဘေးဝဲယာမှာ စိမ်းစိုတဲ့ စိုက်ခင်းတွေကို ဖြတ်လာတဲ့ လေနုအေးကို ခံစားထိတွေ့ နိုင်မှာ ဖြစ်တယ်။ လေးမိုင်လောက် ဝင်ပြီးသွားရင် လမ်းရဲ့ ညာ ဘက်မှာ မက္ခရာကို သွားတဲ့ လမ်းခွဲတစ်ခု ရှိပါတယ်။ လမ်းအနည်း ငယ်ကြမ်းပြီး ဖုန်ထူတယ်။ သပြေရိုးတူးမြောင်းရောက်အောင် လမ်းခွဲအတိုင်း ဆက်ဝင်ရမှာ ဖြစ်တယ်။ လမ်းကို မြှင့်တင်ထားပေ မယ့် လမ်းမချောပါဘူး။ လမ်းဘေးဝဲယာမှာ ဧကကွက် ခြံကျယ် ကြီးတွေ ရှိတယ်။ ရေစီးဆင်းမှု မရှိတဲ့ ရေသွင်းမြောင်း ရှိတယ်။ (အချိန်အခါမဟုတ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။)

သပြေရိုးတူးမြောင်းလမ်းဆုံရောက်ရင် ကော်ဖီဆိုင်ရှိပါ တယ်။ ဆိုင်ကို ခပ်ကျယ်ကျယ်ဆောက်ထားပြီး နားနားနေနေ ခဏတဖြုတ် နားနိုင်တယ်။ သပြေရိုးတူးမြောင်းလမ်းအတိုင်း ဘယ်ဘက်ကို ချိုးဝင်ရမှာ ဖြစ်ပါတယ်။ သပြေရိုးတူးမြောင်းက အရှေ့အနောက် စီးဆင်းနေတဲ့ ရေသွင်းတူးမြောင်း ဖြစ်တယ်။  လက်ခုပ်တစ်ဖောင်ကျော် နက်ပြီး ၁၅ ပေလောက်ကျယ်တယ်။ အခုတော့ ရေသွင်းချိန်မဟုတ်လို့ ရေစပ်စပ်သာ ရှိတယ်။ သပြေ ရိုးမြောင်းနဲ့ အပြိုင် လမ်းဖောက်ထားပါတယ်။ ရန်ကုန်-မန္တလေး  လမ်းဟောင်းကနေ သပြေရိုးမြောင်းအတိုင်း မက္ခရာရွာကို လာ လို့လည်း ရပေမယ့် လမ်းကျဉ်းပြီး အနည်းငယ်ကြမ်းလို့ ရွာခံတွေ သာ သုံးကြပါတယ်။ မိနစ်အနည်းငယ် ဆိုင်ကယ်နဲ့ မောင်းဝင်ရုံနဲ့ မက္ခရာခေတ်မှာ တည်ထားခဲ့တဲ့ စေတီတော် နီဆွေးဆွေးကို အဝေးက ဖူးမြော်နိုင်ပါပြီ။ မက္ခရာ ကောင်းစားစဉ်က တည်ထား ခဲ့တဲ့ ရွှေစည်းခုံစေတီတော်ကြီးကိုလည်း ဖူးတွေ့နိုင်ပါတယ်။ သက္ကရာဇ် ၆၆၆ ခုနှစ်မှာ တည်ထားခဲ့တာ ဖြစ်ပြီး စေတီတော်သက် တမ်း နှစ်ပေါင်း ၇ဝဝ ကျော်ပါပြီ။ ရွှေစည်းခုံစေတီ ဖောင်းရစ်အထိ တက်နိုင်တဲ့ လှေကားရှိပြီး တက်ရောက်ဖူးမြော်နိုင်တယ်။ စေတီ တော်ရင်ပြင် ရာဟုထောင့်မှာ သက်တမ်းရင့် မန်ကျည်းပင်ကြီးက အုံ့ဆိုင်းနေတယ်။ စေတီတော် ပရဝဏ်အတွင်းမှာ မင်းကြီးရန် နောင် ဂူဘုရားတစ်ဆူ ပြိုကျပျက်စီးနေပြီး အခုအခါ ပြန်လည် မွမ်းမံတည်ဆောက်နေပါတယ်။

Photo – Than Naing Oo

မင်းကြီးရန်နောင် ဂူဘုရားကို မြန်မာမှု ဒီဇိုင်းသုတေသီ ဆရာဦးဝင်းမောင်က ပုံစံငယ် ထုတ်ပေးထားပြီး ရှေးမူမပျက် ပြန် လည်တည်ဆောက်နေကြတာ ဖြစ်ပါတယ်။ တည်ဆောက်ရေး လုပ်နေတဲ့ ပန်းရန်ဆရာက ”ရွှေစည်းခုံက မြေပေါက်စေတီ၊ မြေ ပေါက်စေတီဆိုတော့ စေတီတော်အတွင်း ဝင်လို့မရဘူး။ အခု ဆောက်နေတဲ့ မင်းကြီးရန်နောင် ဂူဘုရားက ကုလားကျောင်းပါ တယ်။ ကုလားကျောင်းက အတွင်းမှာ လိုဏ်ခေါင်းခံပြီး ဆောက် ရတာ”လို့ ပြောတယ်။ ပန်းရန်လုပ်သား ၁၅ ယောက်နဲ့ မင်းကြီး ရန်နောင်ဂူဘုရားကို တည်ဆောက်နေတာပါ။

ရွှေစည်းခုံစေတီတော်က မက္ခရာနယ်မြေမှာ ပါပေမယ့် မက္ခရာရွာနဲ့ အနည်းငယ် လှမ်းသေးတယ်။ စေတီတော်ကနေ ညာဘက်ကို ထွက်ရင် မြေသားလမ်း ရှိတယ်။ အဲဒီလမ်းအတိုင်း  ဆက်လိုက်ပြီး ယာခရိုးတွေကို ကျော်သွားပါမှ မက္ခရာရွာကို ဒုတ် ဒုတ်ထိ ရောက်မှာပါ။ လမ်းတစ်လျှောက်မှာ ဆီးခြံတွေ၊ ဆီးသီး တွေ ပြွတ်ခဲနေအောင် သီးနေကြပြီ။ သရက်ခြံတွေမှာတော့ သရက်ရာသီ မဟုတ်လို့ တိတ်ဆိတ်နေတယ်။ မက္ခရာရွာထိပ်က ရှေးဟောင်းစေတီလေးတွေနဲ့ ပနံရလှတယ်။ မက္ခရာရွာက ဇော် ဂျီနဲ့ ဒုဋ္ဌဝတီ မြစ်နှစ်စင်းဆုံရာမှာ တည်ထားတာပါ။ ရှေးဦးမြန်မာ တွေရဲ့ ရေခံမြေခံ ရွေးချယ်မှုက အမြော်အမြင်ရှိကြောင်း မက္ခရာ ရွာ တည်ရှိနေပုံက သက်သေပါပဲ။ ဒုဋ္ဌဝတီရဲ့ တစ်ဖက်ကမ်းမှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကင်းဘက်ရွာ၊ ဇော်ဂျီမြစ်ရဲ့ တစ် ဖက်ကမ်းမှာ စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးရွာ တည်ရှိတယ်။ ကျွန်းဦး ရွာနဲ့ မက္ခရာရွာကို ဇော်ဂျီမြစ်က ပိုင်းခြားထားပြီး သစ်သားဘေ လီတံတားရှိလို့ တစ်ရွာနဲ့ တစ်ရွာ ကူးလူးဆက်ဆံမှုရှိတယ်။ တံ တားဖြတ်သန်းခအဖြစ် နှစ်ပတ်တစ်ကြိမ် အလှူငွေ ကောက်ခံပါ တယ်။ တံတားအမည်က မေတ္တာရှင်လို့ ပေးထားပြီး ကားကြီး၊ ကားငယ်တွေ ဖြတ်သန်းနိုင်တယ်။

ပြာသိုလ ရေငယ်ချိန်မို့ ဇော်ဂျီမြစ်ရော ဒုဋ္ဌဝတီမှာပါ ရေ ပါးတယ်။ ဇော်ဂျီက ရေပါးနေပေမယ့် တံတားအောက်မှာ ရေတွေ တဝေါဝေါနဲ့ စီးဆင်းနေပြီး ဒုဋ္ဌဝတီမြစ်ထဲ စီးဝင်နေတယ်။ ဒုဋ္ဌ ဝတီမြစ်မှာ ရေပါးနေတာမို့ နွားရေချ (နွားတွေ ရေသောက်ဆင်း) သူ ရှိတယ်။ အဝတ်တွေ လျှော်ဖွပ်နေတဲ့ မက္ခရာရွာသူတွေ ရှိ တယ်။ ရေချိုးနေတဲ့ ကလေးတစ်သိုက် ရှိတယ်။ မြစ်ဆုံရှုခင်းကို ကျွန်းဦးရွာထိပ်က ကြည့်လို့ရတယ်။

မက္ခရာရွာထိပ်မှာ နန်းဦးကျောင်းတိုက်ရှိပြီး အဲဒီနေရာ အနီးမှာ ဒုဋ္ဌဝတီနဲ့ ဇော်ဂျီမြစ်တို့ ဆုံကြတာပါပဲ။ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ မက္ခရာ မူလတန်းကျောင်း ရှိပါတယ်။ အလယ်တန်းအဆင့်ရောက်ရင် ဧည့်ပြရွာ (စဉ့်ကိုင်မြို့နယ် ပေါ် တော်မူဘုရားအနီး)မှာ သွားတက်ကြရပါသတဲ့။ မက္ခရာရွာလယ် လမ်းက အသင့်အတင့် ကျယ်ဝန်းပါတယ်။ အဲဒီလမ်းပေါ်မှာ ထော်လာဂျီတွေ၊ နွားလှည်းတွေ၊ တရုတ်ဆိုင်ကယ်တွေ တဝီးဝီး ဖြတ်သန်းနေကြတယ်။

Photo – Than Naing Oo

ရွာလယ်မှာ ရှေးဟောင်းဇရပ်တစ်ဆောင် ရှိတယ်။ ဇရပ်နဲ့ ဓားလွယ်ခုတ်လောက်မှာ အနီရောင် အပေါင်းလက္ခဏာတံဆိပ် ချိတ်ဆွဲထားတဲ့ ဆေးခန်းတစ်ခန်း ရှိတယ်။ ရွာလယ်လမ်းတစ် လျှောက်မှာ ကွန်ကရစ်ဓာတ်တိုင်တွေ စိုက်ထူထားပြီး လျှပ်စစ် ဓာတ်လိုင်းတွေ သွယ်တန်းထားတယ်။ မက္ခရာရွာရဲ့ လက်ရှိအခြေ အနေကို အသက် ၆ဝ အရွယ် မက္ခရာရွာခံ အမျိုးသမီးကြီးကို မေး ကြည့်တယ်။ ရွာခံအမျိုးသမီးကြီးက သူ့ရွာအကြောင်း အခုလို စိတ်ပါလက်ပါ ပြောပြတယ်။

”ဒီရွာမှာ လျှပ်စစ်မီးရတာ လေး၊ ငါးနှစ်တော့ ရှိပြီ။ အရင် က လျှပ်စစ်မီး မရှိဘူး။ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းပြီးမှ လျှပ် စစ်မီးတွေ ရလာတာ။ အဲဒီလို တမံလုပ်လိုက်တော့ အရင်လို ရေ မျောထင်းတွေ ဆယ်လို့ မရတော့ဘူး။ ထင်းမပြောနဲ့၊ ကျူရိုး တောင် ဆယ်ချင်လို့ မရှိဘူး။ မြစ်ရေပါးသွားတာလည်း ပါတာ ပေါ့။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကတော့ ရေကြီးဖူးတယ်။ ဒီရွာမှာ တော့ ကွမ်း၊ ဆီး၊ သံပရာ၊ သရက်ခြံလုပ်ငန်းတွေ လုပ်ကြတယ်။ မိုးကောင်းပေမယ့် နှင်းမလိုက်လို့ ကုလားပဲတွေ ဒီနှစ် သိပ်မဖြစ် ဘူး။ ရွာခံ ဘွဲ့ရတွေက ကျောက်ဆည်စက်ရုံနယ်မြေမှာ ဝန်ထမ်း လုပ်ကြတာတော့ ရှိတယ်။ လက်ဖက်ရည်သောက်ချင်ရင် ဧည့်ပြ ရွာမှာ သွားသောက်ချင်ရင် ရတယ်။ ဒီရွာမှာတော့ အိမ်ဆိုင်က ကော်ဖီမစ်ထုပ် ဝယ်သောက်ချင်ရင် ရတယ်”

မက္ခရာရွာမှာ လက်ဖက်ရည်ဆိုင် မရှိပေမယ့် ယမကာဆိုင် ရှိတယ်ဆိုရင် မအံ့သြပါနဲ့။ နှစ် ၇ဝဝ ကျော် သက်တမ်းရှိတဲ့ မြန်မာ ရွာကြီးတစ်ရွာက မြို့ပြနဲ့ လက်တစ်ကမ်းအကွာမှာ ရှိပေမယ့် လက်ဖက်ရည်ဆိုင်မရှိဘဲ အရက်ဆိုင်ရှိနေတာ အမှန်ပင်။ တယ် လီဖုန်းတာဝါတိုင်တွေ ယာခင်းထဲမှာ ထိုးထိုးထောင်ထောင် မြင် နေရတယ်။ အိမ်ဆိုင် ခပ်သေးသေးလေးတွေ ရွာထဲမှာ ရှိတယ်။ အိမ်တွေက ရေဝင်ရပ်ဖြစ်လို့ ခြေတံရှည်တွေ ဆောက်ထားကြ တယ်။ ရွာတည်ထားပုံက ဒုဋ္ဌဝတီမြစ်ရိုးနဲ့ အပြိုင် တည်ထားတာ ဖြစ်ပါတယ်။ ဧည့်ပြရွာက မက္ခရာရွာရဲ့ အောက်ဘက် ဆိုင်ကယ်နဲ့ ဆယ်မိနစ်ခရီးအကွာမှာ ရှိတယ်။

မက္ခရာရွာက အိမ်ခြေ ၈ဝ သာ ရှိပါတယ်။ လူဦးရေ ၄၁၆ ယောက်၊ အိမ်ထောင်စု ၉၇ စု ရှိတယ်လို့ ရွာလယ်မှာ ဗီနိုင်းနဲ့ ဆိုင်းဘုတ်ခပ်သေးသေး ချိတ်ဆွဲထားတယ်။ ဗီနိုင်းသည်ပင် ဆေး ရောင်ပြယ်နေပါပြီ။ အခုမှ အိမ်ခြေများလာတာလို့ ရွာခံအမျိုး သမီးက ရှင်းပြတယ်။

”အရင်က ရွာမှာ အိမ်ခြေ ၄ဝ လောက်ရှိတာ။ ဒီဘက်နှစ် တွေ ရောက်မှ အိမ်ခြေ ၈ဝ အထိ ရှိလာတာ”
သမိုင်းမှာ အထင်ကရရှိလှတဲ့ မြို့ကလေးက အခုတော့ အိမ်ခြေ ၁ဝဝ မပြည့်တဲ့ ကားလမ်းအတွင်းကျတဲ့ ရွာကလေး အဖြစ် တိတ်ဆိတ်ငြိမ်သက်နေတယ်။ တစ်ခါတလေ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားလေးတွေ အလည် အပတ် ရောက်လာကြတာတော့ ရှိတယ်။ ရွာခံတွေရဲ့ မျက်နှာမှာ ရိုးသားအေးဆေးတဲ့ အရိပ်အယောင်တွေ အလွယ်တကူ တွေ့နိုင် ပါတယ်။ ရွာသူရွာသားတွေကတော့ သူတို့ရွာလေးအတွက် ဂုဏ် ယူနေကြတယ်။ ဒီရွာလေး ဘာကြောင့် သမိုင်းခေတ်မှာ ကျန်ခဲ့ရ ပါလိမ့်။ သမိုင်းသုတေသီတွေ ဘာကြောင့် ခြေဦးမလှည့်ကြတာ  ပါလိမ့်။

Photo – Than Naing Oo

မန္တလေးနဲ့ မက္ခရာရွာက တကယ်တော့ မိုင် ၃ဝ ပျော့ပျော့ သာ ဝေးတာပါ။ ခရီးသွားဟန်လွဲ သွားဖို့ကောင်းတဲ့ ဒေသလည်း ဖြစ်တယ်။ ရှမ်းရိုးမတောင်တန်းတွေက မြစ်ဖျားခံလာတဲ့ ဒုဋ္ဌဝတီ နဲ့ ဇော်ဂျီမြစ်တို့ဆုံရာ နေရာလည်း ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း  ၇ဝဝ ကျော်က တည်ခဲ့တဲ့ စေတီတွေရဲ့ ဗိသုကာလက်ရာတွေကို အလွယ်တကူ လေ့လာမှတ်သားနိုင်တဲ့ အခွင့်အလမ်းလည်း ရှိ တယ်။ ခြံထွက် သစ်သီးဝလံ လတ်လတ်ဆတ်ဆတ်တွေလည်း ရာသီအလိုက် ရနိုင်တယ်။ မြို့ပြက ဧည့်သည်တွေကို ဆွဲဆောင် စရာတွေ ရှိပေမယ့် သမိုင်းထဲမှာပဲ ဘာသိဘာသာ သီးခြားရပ် တည်နေတယ်။

မက္ခရာက အခြားထင်ရှားတဲ့ ရှေးဟောင်းနယ်မြေတွေလို ဧည့်သည်ဆိုးတွေကြောင့် ဖွံ့ဖြိုးရေးရောဂါ မရသေးဘူး။ တကယ့် အပျိူစင်ရွာလေးစစ်စစ်အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတယ်။ လေအဝေ့မှာ တွံတေးသိန်းတန်သီချင်းတွေ လော်စပီကာက တစ် ဆင့် ကြားရနိုင်တဲ့အထိ ကျေးလက်ရနံ့ ထုံသင်းနေဆဲ ဖြစ်ပါ တယ်။ မက္ခရာကို ဒီအတိုင်း ရှိနေစေချင်တဲ့အထဲမှာ ကျွန်တော် လည်း ပါတယ်။ မဖွံ့ဖြိုးစေချင်တဲ့ စေတနာဆိုးကြောင့် မဟုတ် ဘူး။ ဖွံ့ဖြိုးမှုနဲ့ အတူပါလာမယ့် မြို့ပြရောဂါတွေ စွဲကပ်မှာကို ကျွန်တော် မလိုလားဘူး။ အခုလက်ရှိ ဗမာမုန့်တွေနေရာမှာ အသင့်စားနိုင်တဲ့ အမြန်စာ (Fast Food) တွေ  ရောက်မလာစေ ချင်ဘူး။ တစ်ခါသုံး ဘူးခွံတွေ မြစ်ဆုံမှာ ရှုပ်ပွမနေစေချင်ဘူး။ မြစ် ဆုံမှာ ရွာခံမဟုတ်တဲ့ အခြားဒေသက လူတွေ ဆိုင်ခန်းတွေ ပြည့် ကျပ်နေအောင် ဆောက်ပြီး စီးပွားရှာမှာ စိုးရိမ်တယ်။ ဒီအချိန်မှာ မက္ခရာက အလည်အပတ်ဖြစ်စေ၊ ဘုရားဖူးဖြစ်စေ လာလို့ကောင်း တဲ့ အချိန်အခါကောင်း ဖြစ်တယ်။ မက္ခရာရွာကို အလည်သွားမယ် ဆိုရင် စားသောက်ဖွယ်ရာ အစုံအလင် ထည့်သွားတာက ပို အဆင်ပြေပါတယ်။ မန္တလေးဘက်ကို ရောက်တဲ့အခါ အသွား အလာနည်းသေးတဲ့ မက္ခရာဘက်ကို ရောက်ဖြစ်အောင် သွားစေ ချင်ပါတယ်။ မက္ခရာရဲ့ ရိုးရှင်းတဲ့အလှက မိတ်ဆွေတို့ကို ဆွဲ ဆောင်စေမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။      ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

သန်းနိုင်ဦးရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."