မြောင် – ၂၀၂၂ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေ ၄:၀၀နာရီလောက်က မန္တလေးတိုင်း ၊မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းမြို့ကနေ အာဏာသိမ်းစစ်တပ်ရဲ့ အင်အား၂၀ ဝန်းကျင်လိုက်ပါလာတဲ့ စက်လှေနှစ်စီးဟာ မြောင်မြို့နယ် နေပူကုန်းရွာထဲကို ဝင်လာခဲ့ကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်အုပ်စုထဲမှာ အရပ်ဝတ်နဲ့ စစ်သားလေးဦးလည်း လိုက်ပါလာပြီး နေပူကုန်းရွာထဲ ဝင်ရောက်မွှေနှောက်ခဲ့ကြပါတယ်။
ရွာထဲကနေပြန်အထွက်မှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်လေးဦးကို ရွာထိပ်မှာစောင့်ကျန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေက PDF တွေထင်ပြီး မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လေးဦးထဲက သုံးဦးကိုထမ်းထုတ်သွားရတယ်။ သေနိုင်တယ်လို့ကြားတယ်။ ဆေးကုမယ်ဆိုရင်တောင် ကုစရာ ဆေးခန်းမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးမီးရှို့တာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေပါတယ်။
#Dailynews

