မြိုင် – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောအာဏာသိမ်းစစ်တပ်စခန်းကို မနေ့နေ့လယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး
ဘန်ကာထဲက စစ်သားခုနှစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လင်းကတောစခန်းကို နေ့ခင်းကစတင်ပြီး ပထမအကြိမ်အနေနဲ့ဝင်ရောက်တိုက်ခိုက်ချိန်မှာ အာဏာသိမ်းစစ်တပ်က Mi35 တိုက်လေယာဥ်နဲ့ ကူပစ်ပေးခဲ့တယ်လို့ပြောပါတယ်။
” ပထမအကြိမ်တိုက်ပွဲဖြစ်တော့ မုံရွာနမခကနေ လေယာဥ်နဲ့ ကူပစ်ပေးတယ်၊ ကျွန်တော်တို့ရဲဘော်တွေအထိအခိုက်မရှိဘူး၊ကျည်ကွယ်မျက်ကွယ်မှာနေကြတော့၊ သူတို့စခန်းကိုစတိုက်တော့ ဘန်ကာထဲက အသင့်မဖြစ်သေးတဲ့သူတွေရှိတယ်၊သူတို့သေကြတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊ တာဝန်ရှိသူကပြောပါတယ်။
လင်းကတောစခန်းမှာ အာဏာသိမ်းစစ်တပ်က အင်အား ၅၀ ဝန်းကျင်ရှိပြီး ပထမအကြိမ်အနေနဲ့သုံးနာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။
“ပထမအကြိမ်တိုက်ပြီးတော့ လက်နက်အင်အားမလောက်တော့တာနဲ့ လက်နက်ပြန်ဖြည့်တင်းရတယ်၊ပြီးမှ ပြန်တိုက်ခဲ့တာပါ”လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊တာဝန်ရှိသူကပြောပါတယ်။
ညနေ ၄:၀၀ နာရီမှာ လင်းကတောစခန်းကိုထပ်မံတိုက်ခိုက်ခဲ့ပြီးတိုက်လေယာဥ်ကလည်းထပ်မံပစ်ခတ်ခဲ့တယ်လို့သူကပြောပါတယ်။
လက်နက်အင်အားမလုံလောက်မှုကြောင့် စခန်းခြံစည်းရိုးကိုသာမီးရှို့နိုင်ခဲ့ပြီးကျည်ကုန်တာကြောင့် ပြန်ဆုတ်ခဲ့ရပြီး စခန်းကိုမသိမ်းနိုင်ခဲ့ဘူးလို့ပြောပါတယ်။
#Dailynews

