ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
မကွေးတိုင်း ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အညာအခြေစိုက် တော်လှန်ရေးတပ်ပေါင်းစုတွေက အခုရက်ပိုင်းအတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
အခုလ ၃ ရက်ကစပြီး မြိုင်မြို့နယ် အနောက်တောင်ပိုင်းနဲ့ ပေါက်မြို့နယ်အရှေ့မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၃၀၀ ခန့်ပါတဲ့ ပခုက္ကူ အခြေစိုက် ခြေမြန်တပ်မ (၁၀၁) ရဲ့ စစ်ကြောင်းကို အညာတော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကမနက်ပိုင်းမှာ ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးရွာကနေ ပြန်ထွက်ခွာလာတဲ့ဒီစစ်ကြောင်းကို ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက တစ်ကြိမ်စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ငါးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းနေ့ ညပိုင်းမှာပဲ ဒီစစ်ကြောင်းကို ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ အညာမြေတပ်ပေါင်းစုက ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။
၎င်းစစ်ကောင်စီစစ်ကြောင်းဟာ ဒီဒေသတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတ်တွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ မြိုင်မြို့နယ် စက်မှု (၂) ကို ပြန်လည်ဝင်ရောက်သွားပြီလို့ အညာတပ်ပေါင်းစုက ထုတ်ပြန်ထားတာပါ။
ပခုက္ကူ-မြိုင် ကားလမ်းတစ်လျှောက် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားလှုပ်ရှားနေပြီး စစ်ကောင်စီတပ်ဟာလည်း ဒီဒေသကို မကြာခဏစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မြိုင်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“အဲဒီဘက်တစ်ကျော ရွာတွေအကုန်လုံး လက်နက်ကိုင်တွေချည်းပဲ။ PDF မဟုတ်ရင် ပျူစောထီးရှိတယ်။ လမ်းတွေလည်းမိုင်းတွေနဲ့ သွားလာရတာအဆင်မပြေတော့ဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ တစ်လလုံးနီးပါး စစ်ကြောင်းထိုးခဲ့ကာ ကျေးရွာ ငါးရွာက အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်စွန့်ခွာပြေးခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ မကွေးတိုင်းထဲမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (က.ပ.စ) စက်ရုံတွေ အခြေစိုက်ထားပြီး စစ်ကောင်စီဟာ ဒီဒေသကိုကာကွယ်ဖို့ စစ်အင်အားတွေ ဖြည့်တင်းထားတယ်လို့ ဒေသတွင်းလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်တွေက ပြောထားပါတယ်။
ပုံစာ – အညာဒေသလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – Myaing Underground Defence Force

