မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ပို့စကဒ်ဖြစ်ပါသည်

မျိုးဆက်စံ (ပုဂံဌာနေ) ရေးသည်။

အပိုင်း(၃)

ရှေးဟောင်းအမွေအနှစ်တည်ရှိရာ ရှေးဟောင်းဇုန်ကို ကာကွယ်ထိန်းသိမ်း ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အရေးကြီးဆုံးအချက်ဟာ နယ်နိမိတ် သတ်မှတ်ချက် (Boundary) ဖြစ်ပါတယ်။ နယ်နိမိတ် သတ်မှတ်တဲ့အခါ တိကျသေချာဖို့ လိုသလို အဂတိကင်းရှင်းဖို့လည်း အရေးကြီးပါတယ်။

(၁) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ

(၂) ရှေးဟောင်းနေရာတည်ရှိရာဇုန်

(၃) ကာကွယ်ထိန်းသိမ်းထားတဲ့ဇုန် ဆိုပြီး ခွဲခြားသတ်မှတ်ထားတာကို သိရှိရပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့ ဇုန်နယ်နိမိတ်ပြ မြေပုံမှာ လေ့လာတွေ့ရှိရတာက ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိတဲ့ဇုန် (Property Zone) ကို အနီ ရောင်ခြယ်သထားတာကို တွေ့ရပါတယ်။ ကာကွယ်ထိန်းသိမ်း ထားတဲ့ဇုန် (Buffer Zone) ကိုတော့ အဝါရောင်ခြယ်သထားတာကို တွေ့ရပါတယ်။

အနီရောင်ခြယ်သထားတာဟာ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်ဆိုရင် ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိရာ အချို့နေရာတွေကို ဘာအတွက်ကြောင့် အဝါရောင်ခြယ်သလိုက်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ယခင်က ရှေးဟောင်းဇုန်ကျောက်တိုင်တွေမှာ MZAZPZ ဆိုပြီး သုံးမျိုး ခွဲခြားသတ်မှတ်ခေါ်ဝေါ်ကြတယ်။ ယခုအခါမှာ တော့ Property Zone နဲ့ Buffer Zone ဆိုပြီး ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ကြပြန်တယ်။ ဘယ်လိုပဲ သတ်မှတ် သတ်မှတ်၊ ဘယ်လိုပဲခေါ်ခေါ် ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်း အမွေအနှစ်တွေ တည်ရှိနေတဲ့ နေရာတွေကိုတော့ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာဇုန်အဖြစ် အနီရောင်ခြယ်သရမှာပေါ့။

အဲဒီလို မဟုတ်ဘဲ ပုဂံရဲ့  ဇုန်နယ်နိမိတ်ပြ မြေပုံထဲမှာ ရှေးဟောင်းအဆောက်အအုံ တည်ရှိရာဇုန်ကို ကာကွယ်ထားတဲ့  ဇုန်အဖြစ် အဝါရောင်ခြယ်သလိုက်ခြင်းဟာ ပုဂံဇုန်နယ်နိမိတ်ပြ မြေပုံကို ဦးဆောင်ပြီး ရေးဆွဲထားတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့  ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသာထင်ရှားစွာ သိရှိနိုင်စေရန်အတွက် ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။

ခြံဝင်းထဲမှာ ရှေးဟောင်းအမွေအနှစ်တွေ ရှိတယ်။ ရှေးဟောင်းအမွေအနှစ်တွေက အရင်ကတည်းက ရှိနေခဲ့တာ။ ခြံဝင်းတွေက နောက်မှ ပိုင်ရာဆိုင်ရာတွေနဲ့ လက်သိပ်ထိုးပြီး ကျူးကျော်ခြံခတ်လိုက်တာ။ အဲဒီလို ရှေးဟောင်းအမွေအနှစ်တွေကို ခြံခတ်ထားတဲ့ ခြံဝင်းတွေကို ဘာအရောင်ခြယ်မလဲ။ ဘာဇုန် ခေါ် မလဲ။

ရှေးဟောင်းအဆောက်အအုံတည်ရှိတဲ့ ဇုန်ကို အနီရောင် ခြယ်သထားတယ်။ ကာကွယ်ထားတဲ့ ဇုန်ကို အဝါရောင်ခြယ်သထားတယ်။ ဒီထက် အရေးကြီးတာက ရှေးဟောင်းအမွေအနှစ် ရှိပါလျက်နဲ့ အဲဒီနေရာအချို့ကို အဝါရောင်ခြယ်သထားတာ ဘာ ကြောင့်လဲ။ တိုးချဲ့ဟိုတယ် ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ပေးတာ ဘာကြောင့်လဲ။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ခွင့်ရစေဖို့ ဖော်ပြပါ အနီ၊ အဝါ ကာလာမြေပုံကြီးက တရားမျှတမှု ရှိပါသလားဆိုတာ ပုဂံဇုန် နယ်နိမိတ်ပြ မြေပုံကို ဦးဆောင်ရေးဆွဲတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသာထင်ရှားစွာ သိရှိနိုင်စေရန်အတွက် ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။

အဲဒီလို ဘာညာ ဘာညာ ဝါထားတာတွေကို အမှန်စင်စစ် အမှန်အတိုင်း အရှိအတိုင်း အနီရောင်ပြန်ခြယ်ပြီး ရှေးဟောင်း အဆောက်အအုံ တည်ရှိရာဇုန်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဖြစ်တာ ပိုပြီး သဘာဝကျမလား၊ ယုတ္တိရှိမလား။ ဒါမှမဟုတ် အနီရောင်ကို အဝါလုပ် ရှေးဟောင်း အဆောက်အအုံတည်ရှိရာဇုန်ကို ကာကွယ်ထားတဲ့ ဇုန် လုပ်လိုက်ခြင်းဟာ ရွှေရည်စိမ်ထားတဲ့ ကမ္ဘာ့အမွေအနှစ် ဖြစ်မလားဆိုတဲ့ သံသယတွေများစွာ ဖြစ်ပေါ်မှာဖြစ်တယ်။

Photo – Myo Set San   Umbra Hotel နှင့်ရှေးဟောင်းဘုရားမြင်ကွင်း (အမှတ်-၇)ဝက်ကြီးအင်း

နဂါးကျစ်ရွာ သို့မဟုတ် အမှတ် ၇ ဝက်ကြီးအင်းရပ်ကွက်

သမုတိရာဇ်မင်းလက်ထက်က ယုန်လွှတ်ကျွန်းအရပ်မှာ နန်းထိုင်ပြီး ရွာကြီးတစ်ဆယ့်ကိုးရွာကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အထဲမှာ နဂါးကျစ်ရွာဆိုတာ အပါအဝင် ဖြစ်ခဲ့ပါတယ်။ အထင်ကရ ရွှေစည်းခုံဘုရားကြီးအနီးတွင် တည်ရှိပြီး ရှေးဟောင်းအမွေအနှစ်တွေ ပေါများစွာ တည်ရှိတဲ့ သမိုင်းကြီးတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ ကျန်စစ်ဥမင်၊ သိကြားဟစ်၊ သိကြားပုန်း ဘုရားများနဲ့ အခြားသော ရှေးဟောင်း အမွေအနှစ်များစွာ တည်ရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်မှာ ဘာကြောင့်မှန်းမသိ သမိုင်းဝင် နဂါးကျစ်ရွာ သို့ မဟုတ် ဝက်ကြီးအင်းရွာကို အမှတ် ၇ နယ်မြေ ဝက်ကြီးအင်းရပ် ကွက်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။

သမိုင်းဝင်တဲ့ ရွာကြီးဟာ ရပ်ကွက်သတ်မှတ်လိုက်တာ ကြောင့် ညောင်ဦးမြို့နယ် စည်ပင်သာယာရေးဌာနရဲ့ လက်အောက် ရောက်ရှိသွားပါတယ်။ စည်ပင်သာယာဌာနကလည်း အဆောက်အအုံ ဆောက်လုပ်မိန့်တွေ တစ်ခုပြီးတစ်ခု ပေးရင်းက ဒီကနေ့ နဂါးကျစ်ရွာ သို့မဟုတ် အမှတ် ၇ ဝက်ကြီးအင်းရပ် ကွက်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်တွေက ချောင်ပိတ်မိသလို ဖြစ်နေပြီး အချို့က ကျူးကျော်ခြံခတ်ထားကြတယ်။ အချို့ က ၎င်းရှေးဟောင်းအမွေအနှစ်တွေရဲ့ ရှေ့မျက်နှာစာမှာ ခေတ်သစ်အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြင့် ဖုံးကွယ်ထားကြပါတယ်။ ဥပမာပြရရင် အန္တပုဂံဟိုတယ်၊ ၁၅၁၇ မြန်မာ့လက်မှု အနုပညာဆိုင်နဲ့  BBB စားသောက်ဆိုင်တွေရဲ့ ကျောဘက်မှာ ရှေးဟောင်းအုတ်တံတိုင်း၊ မုခ်ဦး၊ ခြေတော်ရာ၊ တိဿဘုရား၊ နာဂဘုရားဆိုတဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ အခြားဘုရား စေတီတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ဖော်ပြတဲ့ ရှေးဟောင်းအမွေအနှစ်တွေရဲ့ ဘေးပတ်ချာလည်မှာ ခေတ်သစ် အဆောက်အအုံများက ဖုံးအုပ်ထားပြီး မကြာခင်ကလည်း ထို ရှေးဟောင်းအမွေအနှစ်တွေ အနီးအနားမှာ ခေတ်သစ်အဆောက် အအုံစီမံကိန်းကြီးတစ်ခု ခွင့်ပြုပေးဖို့ တာစူနေပြီ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ရှေးဟောင်းအမွေအနှစ်တွေနဲ့ လွတ်ကင်းမှု မရှိတဲ့ နေရာကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လုပ်ပိုင်ခွင့် ရရှိသွားစေရန် သမိုင်းဝင်တဲ့ ရွာကြီးကို ရပ်ကွက်လုပ်လိုက်တာ ဖြစ်ပေမယ့် ဝက်ကြီးအင်းသူ ဝက်ကြီးအင်းသား စစ်စစ်တွေကတော့ ရပ်ကွက်နဲ့ညီတဲ့ မြေဂရန် မရှိကြသေးပါဘူး။ ဝက်ကြီးအင်းမှာ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအတွက်သာ သီးသန့် ပါမစ်ချပေးနေတာဖြစ်တယ်။ တကယ်တော့ ဝက်ကြီး အင်းရွာဟာ ရပ်ကွက်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် NGO အဖွဲ့ အစည်းတွေရဲ့ ကျေးလက်ဖွံ့ဖြိုးရေးအထောက်အပံ့တွေ ဆုံး ရှုံးခဲ့ရသလို ဒီကနေ့ ရပ်ကွက်နဲ့တူတဲ့ အခွင့်အရေးလည်း မရှိသေးပါဘူး။

Photo – Myo Set San  ခြံခတ်သိမ်းပိုက်ထားနေသော တိဿဘုရား၊ နာဂဘုရား (အမှတ်-၇)ဝက်ကြီးအင်း

ကျေးရွာပဲ ဖြစ်ဖြစ်၊ ရပ်ကွက်ပဲ ဖြစ်ဖြစ် ရှေးဟောင်းအမွေ အနှစ်တွေ အထင်အရှားရှိနေတဲ့ နေရာတွေကို ဇုန်နယ်နိမိတ်၊ ဇုန်အမျိုးအစား ခွဲခြားသတ်မှတ်ဖို့အတွက် ယူနက်စကို မဝင်မီကတည်းက မန္တလေးတိုင်းဒေသကြီးအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ ဦးဆောင်မှုနဲ့ ပုဂံညောင်ဦးဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဖော်ပြထားတဲ့ တိဿဘုရား၊ နာဂဘုရား၊ ခြေတော်ရာ၊ ရှေးဟောင်းအုတ်တံတိုင်းနဲ့ မုခ်ဦးတွေကို ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်ပြမြေပုံမှာ ဘယ်လိုအရောင်ခြယ်ပြီး ဘာဇုန်အဖြစ် သတ်မှတ်ခဲ့ပါသလဲ။ ၎င်းရှေးဟောင်းအမွေအနှစ်တွေရဲ့ ဘေးပတ်ဝန်းကျင် အနီးအနားတွေမှာ မည်သည့်အတွက်ကြောင့် ခေတ်သစ်အဆောက်အအုံတွေ တစ်ခုပြီးတစ်ခု ခွင့်ပြုပေးနေပါသလဲဆိုတာ ပုဂံဇုန်နယ်နိမိတ် ရေးဆွဲတဲ့ ဇုန်အမျိုးအစား ခွဲခြားသတ်မှတ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်အနေနဲ့ ပြည်သူအများ ရှင်းရှင်းလင်းလင်း သိစေရန် ဖြေကြားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ချောင်ပိတ်မိနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ တည်ရှိရာ နေရာဆီသို့ လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ဆင်ပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။

Photo – Myo Set San ခြံခတ်သိမ်းပိုက်ထားနေသော တိဿဘုရား၊ နာဂဘုရား (အမှတ်-၇)ဝက်ကြီးအင်း

အထင်ကရ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားရဲ့ မြောက်ဘက်ကပ်လျက်မှာ ခြံဝင်းကျယ်ကြီး ရှိနေပါတယ်။ အဲဒီ ခြံဝင်းကျယ်ကြီးက ရှေးဟောင်းအုတ်ကျောင်း အမှတ် ၃၀၆ ကို ကျူး ကျော်ခြံခတ်သိမ်းပိုက်ထားပြီး Royal House Resort အမည်နဲ့ ဟိုတယ်ဆောက်လုပ်ခွင့် ပေးတာတွေ၊ ရှေးဟောင်းအုတ်ကျောင်းကို ကျူးကျော်ခြံခတ်သိမ်းပိုက်ခွင့် ပေးတာတွေက ဘယ်လိုဇုန် အမျိုးအစားထဲ ထည့်သွင်းထားပြီး ဘယ်လို အရောင်ခြယ်ထား ပါသလဲ။ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့ရော ညီညွတ်မှု ရှိပါသလား။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဥပဒေက တစ်မျိုး၊ ဒေသခံပြည်သူတွေအတွက် ဥပဒေကတစ်မျိုး မညီမျှမှုတွေ၊ ဘက်လိုက်မှုတွေ၊ အဂတိမှုတွေ၊ ခြစား မှုတွေက ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရခေတ် ဖြစ်ပေမယ့်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေကြီးမှာ ယခင်အတိုင်းပဲ ခေါက်ရိုးကျိုးနေဆဲပါ။ ရှေးဟောင်း အမွေအနှစ်တွေရဲ့ အပေါ်မှာ အမြတ်တနိုး တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေဟာ အရင်အတိုင်းပဲ တဖြည်းဖြည်း လျော့နည်းလာနေဆဲပါ။

သမိုင်းဝင်ရွာတွေ ဖြစ်တဲ့ အနုရာဓ (မြင်းကပါရွာ)၊ နဂါးစိုး ရွာ (တောင်ဘီလယ်ယားရွာ) များလည်း ပုဂံရှေးဟောင်းအမွေ အနှစ်တွေ များစွာရှိသလို အဲဒီရွာတွေကိုတော့ အနီရောင်ခြယ်ထားပြီး ရှေးဟောင်းအဆောက်အအုံ တည်ရှိရာဇုန် MZ သို့ မဟုတ် Property Zone အဖြစ် သတ်မှတ်ထားတာကို သိရပါတယ်။ ရွာကြီးတစ်ဆယ့်ကိုးရွာထဲမှာ ပါဝင်တဲ့ သမိုင်းဝင်ရွာချင်းအတူတူ နဂါးကျစ်ရွာ သို့မဟုတ် ဝက်ကြီးအင်းရွာကို ရပ်ကွက် လုပ်လိုက်တဲ့အတွက် ဝက်ကြီးအင်းရွာအတွင်းမှာ တည်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေက လက်လွှတ်ဆုံးရှုံးရတော့မှာလား။ ယခင်အာဏာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ဝါး ရိုက်ပြီး သမိုင်းကြီးတဲ့ ရွာကို စားကျက်မြေအဖြစ် အရယူ ရပ်ကွက်လုပ်ခဲ့တာကို လက်ရှိအစိုးရအနေနဲ့ ပြန်လည်စိစစ်သင့်တယ်။ သမိုင်းတန်ဖိုးတွေကို အဖတ်ဆယ် ကယ်တင်သင့်တယ်။

Umbra Hotel အတွင်းက ရှေးဟောင်းဘုရား၊ မြတောင်ဘုန်းကြီးကျောင်း အရှေ့ဘက်ကပ်လျက် တည်ရှိတဲ့ ဥတ္တမကျော် ဘုရားနဲ့ အုတ်ကျောင်းများကို ကျူးကျော်ခြံခတ် သိမ်းပိုက်ထားတာတွေ၊ ရှေးဟောင်းအုတ်ကျောင်းရှိပါလျက်နဲ့ Preinmar Bagan တည်ဆောက်လိုက်တာတွေ၊ တိဿဘုရား၊ နာဂဘုရား၊ ခြေတော်ရာ၊ ရှေးဟောင်းအုတ်တံတိုင်းနဲ့ ရှေးဟောင်းမုခ်ဦးတွေကို ကျူးကျော်ခြံခတ်ထားတာတွေဟာ သမုတိရာဇ်မင်းကြီး တည်ထောင်ခဲ့တဲ့ နဂါးကျစ်ရွာခေါ် ဝက်ကြီးအင်းရွာ အတွင်း တည်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်ပါတယ်။

အဲဒီလို ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိမှန်း သိပါလျက်နဲ့ ယူနက်စကိုထဲတင်တဲ့ ဇုန်နယ်နိမိတ်ပြ မြေပုံမှာ ဝက်ကြီးအင်းရွာရဲ့ အချို့နေရာတွေကို အဘယ်ကြောင့် အဝါရောင်ခြယ် လိုက်ရပါသလဲ။ နိုင်ငံတော်အစိုးရဲ့ အကြီးအကဲတွေ သိသင့်သလို ပြည်သူတွေအနေနဲ့လည်း လေ့လာသိရှိထားသင့်တဲ့ အရေးကြီး ဆုံးအချက်တွေထဲက တစ်ချက်ပင် ဖြစ်ပါတယ်။

Photo – Myo Set San ခြံခတ်သိမ်းပိုက်ထားသော ရှေးဟောင်းမုခ်ဦး (အမှတ်-၇)ဝက်ကြီးအင်း

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် ယူနက်စကိုအနေဖြင့်လည်း မှန်ကန်တိကျမှု မရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့ ဇုန်နယ်နိမိတ်ပြမြေပုံကို ပြန် လည်သုံးသပ်စိစစ်ဖို့ လိုပါလိမ့်မယ်။ နီချင်ကနီ၊ ဝါချင်ကဝါထားတဲ့ မြေပုံနဲ့ ပုဂံရဲ့ လက်ရှိ မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာဖို့ လိုပါလိမ့်မယ်။ ဘယ်လို ရှေးဟောင်းအမွေအနှစ်တွေက ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (Property Zone) အနီရောင်သတ်မှတ်ထားသလဲ၊ ဘယ်လို ရှေးဟောင်းအမွေအနှစ်တွေက ကာကွယ်ထားတဲ့ဇုန် (Buffer Zone) အဝါရောင် သတ်မှတ်ထားသလဲဆိုတာ UNESCO ရဲ့  ICOMOS နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသဆိုင်ရာကောင်စီ အနေနဲ့ အရေးတကြီး အလျင်စလို တိကျသေချာစွာ စိစစ်လုပ်ဆောင်သင့်တဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ခု ဒီထက်ပိုအရေးကြီးတာက ကမ္ဘာ့အမွေ အနှစ်ဝင်ပြီးနေတဲ့ အချိန်ကာလအတွင်းမှာပင် ရှေးဟောင်းအမွေအနှစ် တည်ရှိတဲ့ ဘေးပတ်ဝန်းကျင်မှာ တိုးချဲ့ခေတ်သစ် အဆောက်အအုံများစွာကို ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ပေးနေတာတွေ ဖြစ်ပါတယ်။ ဒါတွေကို ယူနက်စကို (UNESCO) အနေနဲ့ ဘာအတွက်ကြောင့် အေးစက်ငြိမ်သက်နေရသလဲ၊ ဘာအတွက်ကြောင့် အကြံပြု မတားဆီးနိုင်သလဲဆိုတာလည်း ယူနက်စကို ပူပူနွေးနွေး ဝင်ထားတဲ့ ပုဂံအတွက် စိုးရိမ်ရေအမှတ် ဖြစ်စေပါတယ်။

Photo – Myo Set San ခြံခတ်သိမ်းပိုက်ထားသော ရှေးဟောင်း အုတ်တိုက်(အမှတ်-၇)ဝက်ကြီးအင်း

ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုအတွင်း မြေယာစီမံခန့်ခွဲရေးဟာ အင်မတန် အရေးကြီးပါတယ်။ ပုဂံရဲ့ ယာမြေတော်တော်များ များမှာ ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိနေပါတယ်။ ယာမြေကို အခြားနည်း သုံးစွဲပိုင်ခွင့် ပြုလိုက်တဲ့အခါ ယာမြေပေါ်မှာ ဟိုတယ်၊ စားသောက်ဆိုင်တွေ တည်ဆောက်လိုက်ပြီး ယာမြေပေါ် ရှိ ရှေးဟောင်းအမွေအနှစ်တွေကလည်း ၎င်းခေတ်သစ် အဆောက်အအုံတွေက ဝါးမျိုဖုံးကွယ်လိုက်ကြပါတယ်။ ထို့ကြောင့် ယာမြေကို စီမံခန့်ခွဲတဲ့အခါ သက်ဆိုင်ရာဌာနအချင်းချင်း မာန်တက်ပြပြီး အားပြိုင်နေလို့ မရပါဘူး။ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ကျွန်တော်တို့က ခွင့်ပြုပေးချင်ပေမယ့် ရှေးဟောင်းသုတေသနဦးစီးဌာနက ခွင့်မပြုပါလို့ ဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေ မသုံးသင့်ဘူး။ မပြောသင့်ဘူး။ တည်ဆဲဥပဒေဆိုတာ မည်သည့်အစိုးရ တက်တက် တရားဝင်ပြဋ္ဌာန်းထားတဲ့အတိုင်း ကျင့်ကြံလိုက်နာရမှာဖြစ်သလို ရှေးဟောင်းအမွေအနှစ်တွေ အထင်အရှားရှိနေတာကို သိသိကြီးနဲ့ ဂရန်ဖောက်ပေးတဲ့ဌာန၊ အဆောက်အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုတဲ့ ဌာနတို့အနေနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး ခွင့်ပြုပေးနေတာတွေ ရပ်တန့်သင့်ပြီ ဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဌာနအနေဖြင့်လည်း ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး ခေတ်သစ် အဆောက်အအုံများစွာကို ဆောက်လုပ်ခွင့်ပြုပေးနေတဲ့ အခြားဌာနဆိုင်ရာတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဆွေးနွေးညှိနှိုင်းပြီး တားဆီးကာကွယ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းနေတဲ့ဌာနဟာ အခြားဌာနတွေရဲ့ ဥပဒေမဲ့ ခွင့်ပြုမိန့်တွေကို ကြောက်ရွံ့၍သော်လည်းကောင်း၊ မပြောရဲ၍သော်လည်းကောင်း အခြားအကြောင်းအရာတွေရှိနေ၍သော်လည်းကောင်း၊ အသံတိတ် ငြိမ်ခံနေရင် တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ ကမ္ဘာ့အမွေအနှစ်ဝင်ထားပေမယ့် ကမ္ဘာ့အမွေအနှစ် မဝင်ခင်ကလိုပဲ စနစ်မကျတဲ့ စီမံခန့်ခွဲမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။


#Postcard


အမျိုးအစား - ပို့စ်ကဒ်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."