“မြန်မာက တကယ့်ကို စားနပ်ရိက္ခာရှားပါးတဲ့ ၊ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ ရမယ့်လမ်းထဲ၊ ကြုံတွေ့ရမယ့် အခြေအနေ ရှိနေပြီ” 

“မြန်မာက တကယ့်ကို စားနပ်ရိက္ခာရှားပါးတဲ့ ၊ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ ရမယ့်လမ်းထဲ၊ ကြုံတွေ့ရမယ့် အခြေအနေ ရှိနေပြီ” 

ဦးဝင်းမျိုးသူ (အလွတ်တန်း သုတေသနပညာရှင်)

စိုက်ပျိုးရေးကိုအခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ ကြွေးကျော်သံမျိုးဟာ မြန်မာနိုင်ငံမှာ မကြားချင်မှ အဆုံးပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက် အစိုးရဆိုသူတိုင်းဟာ တောင်သူလယ်သမားတွေကို ပစ်ထားခဲ့ကြတာချည်းပါပဲ။ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ့်ကြံရည်ဖန်ရည်နဲ့ပဲ နိုင်ငံရဲ့ အကြီးဆုံးကုန်ထုတ်ကဏ္ဍကြီးကို တောင်သူလယ်သမားတွေ မောင်းနှင်လည်ပတ်နေတာ ရှေးကတည်းကပါ။ အခုတော့ အရပ်သားအစိုးရတွေကိုဖြုတ်ချပြီး စစ်တပ်ကအာဏာယူကာ အမှောင်ခေတ်ကို တစ်ကျော့ပြန်ဆွဲသွင်းနေစဉ်မှာ တောင်သူလယ်သမားတွေရော ဘယ်လိုဖြစ်နေပါသလဲ။ ဒီအကြောင်းကို မြန်မာ့လယ်ယာကဏ္ဍကို ဆယ်စုနှစ်နဲ့ချီ လေ့လာစောင့်ကြည်နေတဲ့ အလွတ်တန်းသုတေသနပညာရှင် ဦးဝင်းမျိုးသူကို မော်ကွန်း ဆက်သွယ်ဆွေးနွေးထားတဲ့အထဲက အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ အာဏာသိမ်းထားတာဟာ အခုဆိုရင် သုံးနှစ်အတွင်းကိုဝင်လာပြီ၊ မြန်မာငွေတန်ဖိုးကလည်း ထိုးကျသွားပြီ၊ လယ်သမားတွေ မဖြစ်မနေအသုံးပြုနေရတဲ့ သွင်းအားစုဈေးတွေက မြောက်တက်နေပြီ။ ဒီလိုအခြေအနေမှာ လယ်သမားဟာ ရှင်သန်ရေးအတွက် ဘယ်လောက်အထိ ရုန်းကန်နေရပြီလို့ ဆရာတို့သုံးသပ်ပါသလဲ။

ဦးဝင်းမျိုးသူ။ ။ အဲဒါကိုဖြေဖို့ဆိုရင် တစ်နိုင်ငံလုံးရဲ့အနေအထားနဲ့ ခြုံပြီးပြောချင်ပါတယ်။ ဗမာပြည်မှာက တောင်သူ လယ်သမားလို့ ပြောလိုက်ရင် အဓိကစိုက်တဲ့ စိုက်ပျိုးသီးနှံဟာ သုံးခုရှိပါတယ်။ စပါးရယ်၊ ပဲရယ်၊ ပြောင်းရယ်ပေါ့။ စပါးကတော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရွှေဘိုခရိုင်၊ ပွင့်ဖြူ ဒီလိုနေရာတွေမှာ အဓိကစီးပွားဖြစ်စိုက်ကြတယ်။ ပဲကတော့ များသောအားဖြင့် အညာမှာစိုက်တယ်။ တချို့မြစ်ဝကျွန်းပေါ်ကိုင်းမြေတွေမှာလည်း စိုက်ကြတယ်။ နောက်တောင်ပေါ်ဒေသတွေမှာတော့ ပြောင်း စိုက်ကြတယ်။

ပထမဆုံး စပါးကိုလေ့လာမယ်ဆိုရင်တော့ ကျွန်တော်အဓိကအခြေခံတဲ့အရင်းအမြစ်က နှစ်ခုပေါ့။ တစ်ခုကတော့ လယ်ယာသန်းခေါင်စာရင်းဌာနကထုတ်တဲ့၊ အစိုးရပေါ့ဗျာ၊ လက်ရှိအစိုးရဌာနကထုတ်တဲ့ ရနိုင်တဲ့၊ သူတို့ အွန်လိုင်းမှာ တရားဝင်လွှင့်ထားတဲ့ စာရင်းဇယားကိုလည်း အခြေခံတယ်။ နောက် ကျွန်တော့်မိတ်ဆွေတွေ၊ လယ်ယာလုပ်ငန်းခွင်မှာ လုပ်နေသူတွေ၊ အရောင်းအဝယ်ကုန်သည်တွေ၊ နောက်တစ်ခုက ရနိုင်တဲ့သုတေသန သတင်းအချက်အလက်တွေပေါ့ဗျာ၊ သုတေသနလုပ်ပြီးသား အချက်အလက်တွေကနေ အခြေခံပြီးတော့ ကျွန်တော်ကတော့ တိုတိုတုတ်တုတ်နဲ့ ဘာပြောနိုင်သလဲ ဆိုရင် မြန်မာက တကယ့်ကို စားနပ်ရိက္ခာရှားပါးတဲ့၊ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ရမယ့်လမ်းထဲ၊ ကြုံတွေ့ရမယ့် အခြေအနေရှိနေပြီလို့ ပြောချင်ပါတယ်။

အထူးသဖြင့် ဆန်စပါး ထုတ်လုပ်မှုက ၂၀၂၁ မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရဆိုရင် ဘဲစားဘဲချေ ဖြစ်နေပြီပေါ့။ ဘဲစားဘဲ ချေဖြစ်နေပြီဆိုတာက ကျွန်တော်တို့ တစ်ဦးချင်းစားသုံးဖို့၊ ပြည်တွင်းစားသုံးဖို့လိုတဲ့ ဆန်ပမာဏက တွက်ချက်မှုအရ တစ်နှစ်ကို မက်ထရစ်တန် ၁၀ သန်းလောက်လိုတယ်ပေါ့။ ကျွန်တော်တို့ ထုတ်နိုင်တာကလည်း ၂၀၂၁ စာရင်းဇယားအရ ဆိုရင် မက်ထရစ် တန် ၁၀ သန်း ဖြစ်နေပြီဆိုတော့ ဘဲစားဘဲချေ ဖြစ်နေတာပေါ့။ မဆိုသလောက်လေး နည်းနည်းလေးတော့ ပိုနေတယ်။

အဲဒီမဆိုသလောက်ပိုတဲ့ဟာလေးက မျိုးစပါးအဖြစ်ချန်ရမယ်။ တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့က ပြည်ပကို ပို့တယ်ဆိုရင် ပြည်တွင်းစားသုံးမှုအတွက် လိုအပ်ချက်လေး နည်းနည်းရှိသွားပြီ။ ဒါက ၂၀၂၁ မှာတင် ကျွန်တော်တို့ တွေ့ရတာပါ။ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရကို ၂၀၂၁ ခုနှစ်ရဲ့ ထုတ်လုပ်မှုပမာဏက ၂၀၁၉ ခုနှစ် NLD အစိုးရ လက်ထက်ကာလ အနေအထားနဲ့ယှဉ်ရင် ခြောက်ရာခိုင်နှုန်း ကျဆင်းသွားတာကို ကျွန်တော်တို့တွေ့ရတယ်။

လက်တွေ့ မြေပြင်အခြေအနေမှာက ဒီထက်မက ထုတ်လုပ်မှုက ကျနိုင်တယ်လို့ ကျွန်တော်တို့ယူဆတယ်။
ကျွန်တော်အခု ပြောနေတဲ့ အချက်အလက်တွေဟာ ၂၀၂၁ နိုဝင်ဘာ၊ ဒီဇင်ဘာကို အခြေခံပြီးတော့ ပြောနေတာဖြစ်တဲ့အတွက် ဒီဘက် စိုက်ရာသီတွေဖြစ်တဲ့ ၂၀၂၂ စိုက်ရာသီ၊ ၂၀၂၃ စိုက်ပျိုးရာသီတွေနဲ့ယှဉ်ရင် နိုင်ငံရဲ့ဆန်စပါးထုတ်လုပ်မှုဟာ တအားကို ကျသွားမယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်ပေါ့။

အထွက်နှုန်းကျသွားတဲ့အကြောင်းအရင်းက နံပတ်တစ်က စိုက်ဧကတွေလည်းလျော့ကျတယ်၊ နောက်တစ်ခုက တစ်ဧက အထွက်နှုန်းလည်း နည်းသွားတယ်။ အဲဒီအပေါ်မူတည်ပြီး စပါးအထွက်နှုန်းက ကျသွားတာပေါ့။ စိုက်ဧကကျသွားတာကတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အတွက် သဖန်းဆိပ်ဆည်ကို အခြေပြုပြီးတော့ စပါးအကြီးအကျယ်စိုက်တဲ့ ရွှေဘိုလွင်ပြင် မှာဆိုရင်၊ ရွှေဘိုစပါးစိုက်တဲ့ နယ်တွေမှာဆိုရင် စပါးထုတ်လုပ်မှုဟာ အရမ်းကိုကျသွားတယ်။ မကွေးတိုင်းရဲ့ တချို့ နေရာတွေ မှာလည်း ကျသွားတာပဲ။

ဧရာဝတီတိုင်းမှာတော့ ဒီလောက်မကျပါဘူး။ ပဲခူးတိုင်းမှာဆိုရင် နည်းနည်းလေးတောင်များလာသေးတယ်။ ဒါပေမဲ့ ဒါက ၂၀၂၁ စာရင်းပေါ့။ အခုအချိန်မှာဆိုရင် ပြည်တွင်းလက်နက်ကိုင်စစ်ပွဲ လှုပ်ရှားမှုတွေက ပဲခူးတိုင်းကိုလည်း ပျံ့နှံ့ရောက်ရှိလာတာ ဖြစ်တဲ့အတွက် ပဲခူးတိုင်းမှာလည်း အခုဆိုရင် ကျဆင်းသွားနိုင်မယ့် အနေအထားရှိတယ်ပေါ့။ အဲဒီတော့ စိုက်ဧကကျသွားတာ ရှိသလို တောင်သူတစ်ဦးချင်း ထုတ်လုပ်မှုအနေအထားမှာလည်း တောင်သူတွေရဲ့ ထုတ်လုပ်မှုစွမ်းအားဟာ တအား ကျသွားတယ်။

ထုတ်လုပ်မှုစွမ်းအားကျဆင်းရတာက တစ်အချက်ကတော့ ရင်းနှီးမြှုပ်နှံနိုင်မှုပေါ့။ တက်သွားတဲ့ သွင်းအားစုတွေရဲ့ ဈေးနှုန်းကို တောင်သူတွေမခံနိုင်ဘူးပေါ့။ မခံနိုင်ဘူးဆိုတာက ဓါတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ မျိုးစပါးတွေ အစရှိသဖြင့်ပေါ့။ ထို့အတူပဲ လုပ်အားခပေါ့။ လုပ်အားခတွေဟာလည်း တအားတက်လာတဲ့ အနေအထားရှိပါတယ်။ ဘာကြောင့်လဲဆိုရင် စပါးထုတ်လုပ်စိုက်ပျိုးမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ လုပ်အားခစရိတ်အဖြစ် ရှိနေတာကိုး။

အလုပ်သမားကုန်ကျစရိတ်ရှိတဲ့အခါကျတော့ အလုပ်သမားတွေမှာလည်း လူငယ်အများစုဟာ နယ်စပ်တွေကိုထွက်သွားတဲ့ အခါကျတော့၊ ဒါမှမဟုတ် တနယ်၊ တရပ်၊ တကျေးကို ထွက်သွားတဲ့အခါကျတော့ ကိုယ့်ရွာတွင်းမှာတင် ကိုယ့်မိသားစုလုပ် အားနဲ့က မရနိုင်ဘူးပေါ့။ ရွာထဲမှာရနိုင်ရင်လည်း နဂိုအတိုင်းဈေးပေးဖို့က အဆင်မပြေဘူး။ တိုးပေးမှရမှာကိုး။ ဘာဖြစ်လိုလဲ ဆိုတော့ လာလုပ်တဲ့နေ့စားကလည်း သူတစ်နေ့လုပ်တာမှ တစ်နေ့စားဖို့မရဘူးဆိုရင် သူတို့ကလည်းမလုပ်နိုင်ဘူးလေ။

ကျွန်တော်ရဲ့ အနှစ် ၂၀ အတွေ့အကြုံကိုအခြေခံပြီး ပြောရမယ်ဆိုရင်တော့ ကျေးလက်ဒေသတွေမှာ နေ့စားခဘယ်လောက် ပေါက်သလဲဆိုတာက အဲဒီဒေသမှာရှိတဲ့ ဆန်တစ်ပြည်ဈေးနှုန်းပေါ်မှာ အခြေခံတယ်လို့ လေ့လာတွေ့ရှိတယ်ပေါ့။ အထူးသဖြင့် အညာဒေသနဲ့ ဧရာဝတီတိုင်းမှာပေါ့။ အဲဒီတော့ တောင်သူတွေအတွက်ကျတော့လည်း တက်လာတဲ့လုပ်သားခကို ပေးဖို့ကလည်း သူတို့အဖို့မှာအခက်အခဲရှိတယ်။
အလုပ်သမားရဖို့ကလည်း ခက်ခဲတယ်။ အဲဒီတော့ တောင်သူတွေက ဘာလုပ်ကြသလဲဆိုတော့ စနစ်တကျစိုက်ပျိုးမယ်ဆိုရင်၊ ပျိုးထောင်မယ်၊ ပျိုးနုတ်မယ်၊ စနစ်တကျ အတန်းလိုက် စိုက်ပျိုးမယ်ဆိုရင် လုပ်သားလိုအပ်ချက် ပိုများတယ်။ စက်နဲ့ လုပ်မယ်ဆိုရင်လည်း ဓါတ်ဆီ၊ ဒီဇယ်ဈေးက များတယ်။

တစ်ဖက်မှာလည်း မစိုက်ဘဲနဲ့မနေနိုင်တဲ့အခါကျတော့ ဘယ်လိုစိုက်သလဲဆိုတော့ အဖြစ်စိုက်တာပေါ့ဗျာ။ အရင်တုန်းက စနစ်တကျစိုက်တယ်ဆိုရင် အခုတော့ပက်ကြဲပေါ့။ ပက်ကြဲဆိုတော့ မျိုးစပါးလိုအပ်ချက် ပိုများမယ်၊ ပေါက်ချင်သလိုပေါက်မယ်၊ ရှင်သန်နှုန်းရော၊ ထွက်အားနှုန်းရော၊ ပေါင်းမရှင်းနိုင်ရင် မရှင်းနိုင် သလောက် အထွက်လျော့သွားမယ်။ ပေါင်းရှင်းဖို့ ဆိုတာဟာလည်း လူအများကြီးလိုတာပေါ့။

ဆိုတော့ အရင်တုန်းက တစ်ဧက တင်း ၄၀ လောက်ထွက်တယ်ဆိုရင် အခု တစ်ဧက တင်း ၂၀၊ တင်း ၃၀ လောက်ထွက်ရင် ကံကောင်း။ တောင်သူဘက်ကလည်း ရရင်ရသလောက်ပေါ့၊ စားစရာလေးရရင်တော်သေးတယ်ဆိုတဲ့ဟာပေါ့။ အဲဒီလောက်ကို ဖြစ်သွားတယ်။

နောက်တစ်ခုက တောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေကလည်း မရသလောက်ကို ဖြစ်သွားတာပေါ့။ အရင်တုန်းကတော့ စိုက်ဘဏ်တွေကနေ အရင်းအနှီးတချို့ရတယ်။ အခုတော့ စိုက်ဘဏ်တွေရဲ့ ပေးနိုင်စွမ်းကလည်း အကန့်အသတ်ဖြစ်သွားပြီ။ ပြီးတော့ အရင်က အသေးစားငွေချေးလုပ်ငန်းတွေဆီကရတယ်။
အခု အဲဒီဟာတွေဆီကလည်း မရတော့ဘူးပေါ့။ မြို့နဲ့နီးတဲ့ ကျေးရွာတွေဆိုရင်တော့ ဘဏ်မှာသွားပြီး လယ်ပေါင်ပြီးတော့ စိုက်ပျိုးစရိတ်အတွက် ချေးကြတာတွေရှိတယ်။ ဒါကလည်း အနည်းအကျဉ်းပါပဲ။ အခုဆိုရင်တော့ ဒီလိုချေးဖို့တောင် မရှိနိုင်တော့ဘူး။

နောက်တစ်ခုက ကျေးလက်ဦးစီးကနေ ထုတ်ချေးတဲ့ မြစိမ်းရောင်ဘဏ်တို့၊ ဘာတို့ရှိတာပေါ့။ အဲဒါကတော့ ဗမာပြည် အနှံ့အပြား ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေလည်း အခုဘယ်လောက်အထိ လည်ပတ်နိုင်သလဲ။ အဲဒီတော့ လယ်သမားက အနီးစပ်ဆုံးကတော့ ရွာကကုန်သည်ဆီမှာ ချေးတာက အဓိကပါပဲ။

ဆိုလိုတာက အစိုးရရဲ့ သက်သာတဲ့အတိုးနှုန်းထားတဲ့ ချေးပေးနိုင်တာကို တောင်သူတွေ အလွန်ဆုံးရနိုင်ရင် ၂၅ ရာခိုင်နှုန်း လောက်ပဲ ရနိုင်မယ်ပေါ့ဗျာ။ အများစုကိုတော့ ရွာမှာရှိတဲ့ ကုန်သည်တွေ၊ စပါးဒိုင်၊ ပွဲစားတွေ၊ မြို့က ပွဲရုံတွေကပဲ ချေးရတာကိုး။ ဒီလူတွေ(ငွေချေးပေးသူ)ကလည်း အခုအခါပေးနိုင်တဲ့ အတိုင်းအတာမှာ အကန့်အသတ်ဖြစ်သွားတာပေါ့။ ဘာလို့လဲဆိုတော့ ဘဏ်ကနေ ငွေထုတ်ရတာ အရမ်းခက်တယ်။ သူတို့ကိုယ်တိုင်စီးပွားကျပ်တယ်။ အကုန်လုံးက ဒုက္ခရောက်နေတဲ့ကာလ ဆိုတော့ သူတို့ထုတ်ပေးနိုင်တဲ့ ပမာဏကလည်း နည်းသွားမယ်။ သူတို့လည်း တောင်သူတွေနဲ့ ဆက်ဆံရေး မပျက်ချင်လို့ ပေးရင်တောင်မှ အရင်ကလောက် မပေးနိုင်တော့ဘူး။ အဲဒီတော့ ဒီသွင်းအားစုတွေအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေက နည်းသွားတဲ့အခါ တောင်သူတွေဟာလည်း စပါးကို မည်ကာမတ္တပဲစိုက်လေ၊ အထွက်နှုန်းလည်းနည်းမယ်။ စိုက်ဧကလည်း နည်းတဲ့အတွက် အထွက်နှုန်းက ကျိန်းသေပေါက်ကျပြီပေါ့။

မော်ကွန်း။ ။ လယ်သမားတွေနဲ့ စကားပြောတဲ့အခါ အာဏာသိမ်းပြီးကတည်းက ချေးငွေမရတော့ဘူးလို့ ပြောကြ ပါတယ်။ မရတဲ့အတွက် အရပ်ထဲကနေပဲ ငါးကျပ်တိုး၊ ခုနှစ်ကျပ်တိုး စသဖြင့်ယူပြီး လယ်ကိုလုပ်ကြတယ်ပေါ့။ နောက်တစ်ခုက မြေပြင်မှာတွေ့ခဲ့ရတဲ့ လယ်သမားတွေဟာ သီးစားသမားတွေ ဖြစ်နေကြတာတွေ့ရတယ်။ ဒါပေမဲ့ တစ်ချိန်တုန်းက ဒီလယ်တွေဟာ သူတို့လယ်တွေပါပဲ။ ဒီကာလမှာ အကြွေးတွေပိလာတဲ့အခါ အတိုးဖိုးမတတ်နိုင်တော့တဲ့အဆုံး ကာလပေါက်ဈေးနဲ့ဖြတ်ပြီး လယ်ကိုထိုးအပ်တာ၊ ရောင်းတာတွေလုပ်ပြီး အကြွေးဆပ်လိုက်တာပေါ့။ သူဌေးကတော့ သူတို့ ပုံစံ(၇)ကို သိမ်းသွားပေမယ့် သူတို့ကိုတော့ ဒီလယ်ကို သီးစားသမားအဖြစ် ပြန်လုပ်ခွင့်ပေးထားတာပေါ့။

ပြီးတော့ သူတို့ဟာ လယ်ယာလုပ်ငန်းခွင်ကို သိပ်ပြီးစိတ်ပါဝင်စားတာမျိုး မရှိတော့တာမျိုးလည်းတွေ့ရတယ်။ လယ်ရောင်းလို့ ရတာနဲ့ သားသမီးတစ်ဦးဦးကို ထိုင်းကိုအလုပ်သွားလုပ်ခိုင်းလိုက်တယ်။ သူတို့ကတော့ ဒီလယ်ကိုသီးစားပြန်ယူပြီး ဆက်လုပ်ရင်း ရပ်တည်တယ်ပေါ့။ အထွက်နှုန်း ထွက်ချင်သလောက်ထွက် စားဖို့လေးရရင်တော်ပြီဆိုတဲ့အမြင်နဲ့ လယ်ကို လုပ်နေတာမျိုးပေါ့။ ပိုတိုးအောင်၊ စီးပွားပိုဖြစ်အောင် အားကြိုးမာန်တက်သဘောမျိုး လယ်အပေါ်မှာစိတ်မဝင်စားကြ တော့တာကို တွေ့ရပါတယ်။ လယ်သမားတွေ သူတို့လုပ်ငန်းခွင်ကို စိတ်ပါဝင်စားမှုလျော့လာတာဟာ ဘယ်လိုအခြေအနေကို ညွှန်းဆိုနေသလဲခင်ဗျ။

ဦးဝင်းမျိုးသူ။ ။ ကျွန်တော်တို့ပြောတဲ့ Food Deficit (စားနပ်ရိက္ခာလိုအပ်ချက်) ဆိုတာက ဆန်ထုတ်လုပ်မှုကိုက ကျသွား တာကိုး။ သို့သော် စားနပ်ရိက္ခာဖူလုံရေးမှာကျတော့ သူကအချက်နှစ်ချက်ကို မူတည်ပြီးတော့ပြောကြတာပေါ့။ တစ်ချက်က Food Production၊ ထုတ်လုပ်မှုကိုလည်း ကြည့်တယ်။ နောက်တစ်ခုက Access to Food လို့ခေါ်တာပေါ့၊ စားနပ်ရိက္ခာရဖို့အတွက် လက်လှမ်းမီမှုပေါ့။ လက်လှမ်းမီမှုဆိုတော့ ဝင်ငွေပေါ့ဗျာ။ တခါတလေကျရင် ဆန်တွေကတော့ ထွက်နေမယ်။ ခင်ဗျားမှာ ပိုက်ဆံမရှိရင်  ဝယ်စားလို့မရဘူးပေါ့။

ရွာမှာပဲကြည့်ရင် စပါးစိုက်တဲ့တောင်သူကတော့ သူဆန်ထုတ်တဲ့အတွက် သူ့မှာစားစရာလေးတော့ရှိမယ်။ ဒါပေမဲ့ ရွာမှာ ကလည်း မြေမဲ့၊ ယာမဲ့အိမ်ထောင်စုက ၄၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့။ အခု ခင်ဗျားပြောပုံအရဆိုရင် တောင်သူငယ်တွေပါ ထပ်ပြီးတော့ မြေမဲ့၊ ယာမဲ့တွေ ဖြစ်ကုန်တာပေါ့လေ။ သီးစားသမားတွေ ဖြစ်ကုန်တာပေါ့။ အရင်တုန်းက (မြေမဲ့ယာမဲ့) ၄၀ ရာခိုင်နှုန်း ရှိခဲ့တယ်ဆိုရင် အခုအချိန်ဆိုရင် ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ကို ဖြစ်သွားမယ်ပေါ့။ အဲဒီတော့ ဗမာပြည်ရဲ့ လယ်သမားတွေရဲ့ လယ်ယာပိုင်ဆိုင်မှုကိုကြည့်ရင် များသောအားဖြင့်က သုံးဧကကနေ ငါးဧကအထိပိုင်တဲ့သူက အများစုပေါ့။ အခုက တောင်သူငယ်တွေရော၊ တောင်သူလတ်တွေရော လယ်တွေ၊ ယာတွေကို ပေါင်နှံပြီးတော့ သားသမီးတွေကို အကုန်လုံး နယ်စပ်ကိုပဲလွှတ်ကြတာပေါ့ဗျာ။ ဒါက တွက်ခြေအကိုက်ဆုံးဖြစ်နေတာကိုး၊ လောလောလတ်လတ်ပေါ့လေ။

သူတို့တွေအကုန်လုံးက သူတို့မနေနိုင်လို့ စပါးပြန်စိုက်တဲ့အခါကျရင် အဖြစ်ပဲစိုက်မယ်။ ဝင်ငွေကလည်း သူတို့မှာ နည်းသွားတယ်။ အဲဒီတော့ ဒီတောင်သူငယ်တွေကိုမှီနေတဲ့ လယ်ယာလုပ်သားတွေရှိတာကိုး။
အသက်အရွယ်ကောင်းရင် သူတို့ကလည်း နိုင်ငံခြားကိုထွက်ကြမယ်။ မလိုက်သွားနိုင်လို့ ကျန်ခဲ့တာတွေရှိမယ်။ တစ်ဝက်လောက်ကျန်ခဲ့မယ်ပေါ့။ သူတို့အတွက်က သူတို့မှီနေတဲ့ တောင်သူတွေကိုယ်တိုင်က အဖြစ်လောက်စိုက်ပျိုးနေတာဆိုတော့ သူတို့ကို မျှဝေပေးဖို့ ဆိုတာက မရှိတော့ဘူးလေ။ မရှိတော့ သူတို့မှာဝင်ငွေမရှိရင် သူတို့လည်း ဒုက္ခရောက်တာပါပဲ။ အခုဟာက ကျနော်တို့က ဖောင်စီးရင်း ရေငတ်နေရုံတင်မကဘူး၊ ရေပါမရှိတော့ဘူးဗျာ။ ကုန်းခေါင်ခေါင်ဖြစ်သွားတဲ့ သဘောပေါ့။ ကျနော်တို့မှာ ထုတ်လုပ်မှုကိုက နည်းလာတဲ့ ပြဿနာရှိတယ်။

ဒါကြောင့်မို့လည်း World Bank(ကမ္ဘာ့ဘဏ်) တို့၊ ဘာတို့က ခန့်မှန်းနေတာက ဗမာပြည်မှာ Poverty rate(ဆင်းရဲမွဲတေမှုနှုန်း) နှစ်ဆတက်သွား တယ်ဆိုတာက အရင်တုန်းက ဘယ်လောက်ဝင်ငွေရှိမှ ဆင်းရဲနွမ်းပါးမှုလို့ ပြောတယ်ပေါ့နော်။ အရင်တုန်းက တော့ဗျာ၊ အကြမ်းဖျင်းပြောရရင် တစ်နေ့ နှစ်ထောင်၊ နှစ်ထောင့်ငါးရာလောက်မှ ဝင်ငွေမရှိရင် ခင်ဗျားကို ဆင်းရဲနွမ်းပါးသူလို့ သတ်မှတ်တာပေါ့။ နှစ်ထောင်၊ နှစ်ထောင့်ငါးရာ ဝင်ငွေရှိမှလည်း ခင်ဗျားက ဆန်တစ်ပြည်ဝယ်မယ်၊ ဆီတစ်ဆယ်သား ဝယ်မယ်၊ တိုလီမုတ်စလေးတွေ ဝယ်နိုင်မယ်ပေါ့ဗျာ။ စားနိုင်သောက်နိုင်တော့ နည်းနည်းတော်သေးတယ်လို့ ပြောတာပေါ့။ သို့သော် နှစ်ထောင့်ငါးရာလို့ပြောရင် နှစ်ထောင့် ခြောက်ရာ၊ ခုနှစ်ရာဝင်တဲ့သူတွေဟာလည်း ဆင်းရဲနွမ်းပါးသူတွေနဲ့ သိပ်မထူး ပါဘူး။ သူတို့ဟာလည်း ပွတ်ကာသီကာလေး ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကလေးမှာ နေနေကြရတာကိုး။ သူတို့ကိုလည်း ဆင်းရဲနွမ်းပါးဖို့ အလားအလာများသူတွေလို့ ပြောလို့ရတာပေါ့။ အခုကတော့ အဲဒီအုပ်စုတစ်အုပ်စုလုံးဟာ ဆင်းရဲနွမ်းပါးတဲ့ စာရင်းထဲကို ရောက်သွားတာပေါ့။

အရင်တုန်းကတော့ စပါးပေါတယ်ပေါ့ဗျာ။ ပိုက်ဆံမရှိလို့သာ မစားနိုင်တာနေမယ်၊ ဆန်စပါးကတော့ ပေါတယ်ပေါ့ဗျာ။ အခုက ဆန်စပါးထုတ်လုပ်မှုကကို ကျသွားတယ်၊ ဆန်ရှားသွားတယ်၊ လိုအပ်ချက်ရှိသွားတယ်။ ဒီကြားထဲမှာလည်း ဆန်ဝယ်ဖို့အတွက်၊ ဆန်တွေဈေးကြီးသွားတော့ ငွေလိုအပ်ချက်ကလည်းပိုများလာတယ်။ ပိုပြီးတော့ ဆင်းရဲမွဲတေမှုဟာ ပိုပြင်းလာတဲ့အတွက် အထူးသဖြင့် မြို့မှာနေတဲ့သူတွေ၊ ကျေးလက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် တခြားသူတွေလို ပြင်ပထွက်ပြီး အလုပ်လုပ်နိုင်ခြင်းမရှိတဲ့သူတွေ၊ ဒီလိုလူတွေဟာ စားနပ်ရိက္ခာဒုက္ခကို ကျိန်းသေပေါက် ကြုံရမလို ဖြစ်ကုန်တာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဆိုးဆိုးရွားရွားကို ရွာတွေမှာလည်း ငတ်ပြတ်မှုတွေ၊ မြို့ပြတွေမှာလည်း ငတ်ပြတ်မှုတွေ ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်ပါတယ်။

အထူးသဖြင့် ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့မှာ ဒီလိုအခြေအနေတွေ မြင်နိုင်ပါတယ်။ သို့သော် နေရာဒေသကို လိုက်ပြီး အနည်းငယ်ကွဲပြားတာတွေတော့ ရှိမှာပေါ့။ ဥပမာ ဧရာဝတီတိုင်းမှာဆိုရင် တချို့နေရာတွေမှာ ပဲသီးနှံစိုက်လို့ရတဲ့ ဒေသတွေ ရှိတာပေါ့ဗျာ။ အဲဒီတော့ မတ်ပဲကတော့ ဈေးကောင်းတယ်။ အဓိကကတော့ စပါးစိုက်တဲ့ဒေသတွေမှာပဲ တချို့က သီးထပ်၊ သီးညှပ်အဖြစ် ပဲစိုက်လို့ရမယ်ပေါ့ဗျာ။ အဲဒီလိုပဲစိုက်တဲ့ဒေသမှာရှိတဲ့ သူတွေကတော့ နည်းနည်းခံသာမယ်ပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ ပဲစိုက်တဲ့တောင်သူအတွက် ဈေးကွက်ဝယ်လိုအားက ကောင်းနေတယ်လေ။

ကောင်းနေတယ်ဆိုတာက ၂၀၂၀ မတိုင်မီက မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရကြား ညှိနှိုင်းမှုတွေ ရှိခဲ့တဲ့အခါကျတော့ ဗမာပြည်က ပဲကို ပုံမှန်ဝယ်မယ်ဆိုတဲ့ စကားကမ်းလှမ်းမှုတွေ ရှိတယ်။ အဲဒီဟာက ၂၀၂၁ နောက်ပိုင်း စကစ တက်လာတဲ့အခါ စာချုပ်စာ တမ်းတွေနဲ့ ဖြစ်လာပုံရတယ်။ အနည်းဆုံး တနှစ်ကို တန်ချိန်သုံးသိန်းခွဲဝယ်မယ်ဆိုတဲ့ စာချုပ်ကြီးကရှိနေတော့ ပဲတောင်သူ အတွက်ကတော့ ဈေးကွက်ကခိုင်တယ်။ ဆိုတော့ စပါးနဲ့ယှဉ်ရင်တော့ ပဲက ဈေးလည်းတက်သလို ကုန်ကျစရိတ်လည်း တက်တာဖြစ်တဲ့အတွက် သူကခံသာတယ်ပေါ့ဗျာ။ တက်လာတဲ့ဈေးက ကုန်ကျစရိတ်ထက် ပိုတဲ့အတွက် ပဲစိုက်တဲ့တောင်သူ၊ ပြောင်းစိုက်တဲ့တောင်သူတွေဟာ ခံသာသွားတာပေါ့။ အဲဒီတော့ တောင်သူက စပါးနဲ့ပဲ ရောနှောစိုက်ပျိုးသူဆိုရင် အဲဒီလူဟာ ရပ်တည်လို့ ရနေသေးတာပေါ့ဗျာ။ ပြောင်းကကျတော့ ယူကရိန်းစစ်ပွဲ ဖြစ်နေတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ပြောင်းဟာ ရှားပါးမှု၊ ပြတ်လပ်မှုဖြစ်နေတာ ဖြစ်တယ်။ အရင်တုန်းကဆိုရင် ပြောင်းကို ကျွန်တော်တို့က ခိုးပြီးတော့ ပို့ရတာကိုး။ တရုတ်က လည်း လက်မခံဘူး၊ ယိုးဒယားကလည်း လက်မခံဘူးဆိုတော့လေ။ သူခိုးဈေးနဲ့ပဲ ရောင်းရတာပေါ့။

သို့သော် တစ်ကမ္ဘာလုံး ပြောင်းပြတ်လပ်မှုဖြစ်လာတဲ့အခါကျတော့ ယိုးဒယားက ဗမာပြည်ကလာတဲ့ပြောင်းကို အခွန် သွင်းစရာမလိုဘဲနဲ့ တရားဝင်ဖွင့်ပေးလိုက်တာဖြစ်တဲ့အတွက် ကျွန်တော့်အထင် စိုက်ပျိုးရေးသမိုင်းတစ်လျှောက်မှာ ပြောင်း တင်ပို့မှုဟာ ၂၀၂၂ ခုနှစ်မှာ အမြင့်ဆုံးနီးပါးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုးလောက်အထိ ရခဲ့တာကို တွေ့ရတယ်။ အဲဒီတော့ ပြောင်းစိုက်တဲ့ တောင်သူဟာ အသက်ရှုချောင်သွားတယ်ပေါ့ဗျာ။ ထုံးစံတိုင်းပေါ့ဗျာ၊ အရောင်းအဝယ် ပွင့်သွားတဲ့အခါ ကုန်သည်တွေက အလုပ်ဖြစ်မယ်။ တောင်သူကတော့ သိပ်မထူးပေမယ့် သူတို့လည်း နည်းနည်းလေး၊ မဆိုသလောက်လေး ချောင်သွားတာပေါ့။ အရမ်းကြပ်တာထက်စာရင် သူတို့ရောင်းရတာပေါ့။ နောက်တစ်ခုက စကစ လက်ထပ်မှာ အတိုင်းအထာတစ်ခုအထိ တရုတ်နဲ့ညှိပြီး တရားဝင်သွင်းခွင့်တွေရတယ်ထင်တယ်။ အချို့ ကိစ္စတွေမှာပေါ့။ ဥပမာ- ကျွန်တော်သိသလောက် နှမ်းဆိုရင် အရင်က သူခိုးဈေးနဲ့ သွားနေရတာပေါ့။ အခု နှမ်းကို တရားဝင်ပို့လို့ ရသွားတဲ့ ဟာမျိုးတွေ ရှိမယ်။ ဥပမာ- မကွေးဘက်က နှမ်းတောင်သူတွေဆိုရင် အခုဆို အဆင်ပြေတာပေါ့။ တရားဝင် ဈေးကွက် ရသွားတာကိုး။

ဗမာပြည်မှာက အဲဒီလို မတူကွဲပြားမှုတွေ ရှိနေတော့ အုံလိုက်ကျင်းလိုက်ကြီးနဲ့ တစ်နေရာထဲမှာ ဆင်းရဲနွမ်းပါးမှုကိုတော့ မြင်ရမှာ မဟုတ်ဘူး။ ပျံ့နှံ့ပြီးတော့၊ အတွင်းလှိုက်စားပြီးတော့၊ တဖြည်းဖြည်းနဲ့ ချွတ်ခြုံကျတဲ့ ပုံစံမျိုးကိုတော့ ခင်ဗျားတို့ တွေ့ရမယ်။ ကျွန်တော်ပြောတာက တချို့သီးနှံတွေက ဈေးကွက်ကောင်းတယ်ဆိုလို့ တောင်သူတွေ ချမ်းသာနေပြီလို့ ဆိုလိုတာ မဟုတ်ဘူး။ နည်းနည်းလေး စားသောက်လုပ်ကိုင်ရပ်တည်နေလို့ရတဲ့ အနေအထားလေးပေါ့။

သို့သော် အခု ၂၀၂၃ ရောက်လာတဲ့အခါ ဒေါ်လာဈေးဟာ မထင်မှတ်ဘဲ ခုန်တက်တာပေါ့ဗျာ။ အဲဒီ ခုန်တက်နေတဲ့နှုန်းနဲ့ တောင်သူတွေ ရောင်းချလိုက်လို့ ပြန်ရတဲ့အခနဲ့ မကိုက်ရင် တောင်သူတွေရဲ့ ထုတ်လုပ်နိုင်စွမ်းက ကျမှာပဲ။ အထူးသဖြင့် ကုန်သည်တွေအပေါ် မူတည်တာပေါ့။ ကုန်သည်တွေဟာ အခုအချိန်မှာ ဘယ်လိုမှ Export(ပို့ကုန်)လုပ်ဖို့ အခွင့်အလမ်းဟာ မရှိသလောက်ပဲလေ။

သူတို့ ပို့လိုက်လို့ ရလာတဲ့ဟာရဲ့ ၅၀ရာခိုင်နှုန်းကို ၂,၁၀၀ ကျပ်နဲ့ လဲရမယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း စကစ သတ်မှတ်ထားတဲ့ ၂,၉၂၀ လား၊ ၁၅ လား အဲဒီဟာနဲ့ လဲရမယ်။ အဲဒီနှစ်ခုကို ပျမ်းမျှ လုပ်လိုက်ရင် ကုန်သည်ဟာ တစ်ဒေါ်လာကို ၂,၅၀၀ ဝန်းကျင်လောက်ပဲ ရမယ်။ ဒါပေမဲ့ ဒေါ်လာဈေးက အပြင်မှာ ၃,၅၀၀ ပဲ ထားပါဦး။ အတော်လေးကို ကွာသွားပြီလေ။

ကုန်သည်က ပို့ပြီးလို့ အပြင်ကနေ ဥပမာ- ပိုးသတ်ဆေးတို့၊ ဘာတို့၊ ညာတို့ ပြန်သွင်းမယ်ဆိုရင် သူက ၃,၅၀၀ နဲ့ တွက်ရမှာလေ။ အဲဒါမျိုးကျတော့ ကုန်သည်အတွက် လုပ်ရ၊ ကိုင်ရ သိပ်ခက်သွားတာပေါ့။ သူ့အတွက် အမြတ်ဘာမှ မကျန်တော့ဘူးပေါ့။ တကယ်ရပ်တည်နိုင်တဲ့ ကုန်သည်ဆိုတာလည်း လက်ကြီးသမားတွေပေါ့။ ဆန်ကို တန်ချိန်သိန်းချီ၊ သန်းချီပြီးတော့ ပို့မယ်။ ပြီးတော့ သူလည်း သွင်းကုန်ရော၊ ပို့ကုန်ရော နှစ်ခုစလုံး လုပ်မယ်ပေါ့။ တစ်ခုတည်းနဲ့လည်း သူဘယ်လိုမှ မရပ်တည်နိုင်ဘူး။ အဲဒီ ပို့ကုန်၊ သွင်းကုန်အပေါ်မှာ ပြန်မျှတွက်ရင်တော့ ကုန်သည်ကြီးဟာ မဆိုသလောက်ကလေး အမြတ်ကျန်မှာပေါ့။ အနည်းဆုံးတော့ သူရပ်တည်နိုင်တာပေါ့။ အဲဒီတော့ ကုန်သည်ကြီးတွေပဲ ကျန်မယ်။ ကုန်သည်လေးတွေ ပျောက်သွားမယ်။

ဘာကြောင့်ဆိုရင် စပါးကုန်သည်လေးတွေကို စကစက မသယ်ရဘူး၊ မလှောင်ရဘူး၊ မင်းတို့ ဈေးကစားလို့ ဖြစ်တယ် ဘာညာပေါ့။ စကစက သွားချတော့ လက်ကြီးသမားက ဘာမှမဖြစ်ဘူး။ လက်သေးသမားတွေကတော့ ဒီသိုလှောင်ဖြန့်ဖြူး ရေးမှာ သွားပြီး အခက်အခဲတွေ၊ ကြန့်ကြာမှုတွေဖြစ်ရင် ဆန်ဈေးက ပိုတက်မှာပဲပေါ့။ အဲဒီတော့ ဒီဆန်ဈေးကွက်ကြီး တစ်ခုလုံးက ဒုက္ခရောက်သွားတာပေါ့။ ဖုတ်လိုက်၊ ဖုတ်လိုက်နဲ့ သွားနေတာဆိုတော့ ကြာလေ ကိုယ့်ဘက်က ထုတ်လုပ်နိုင်စွမ်းကကျလေနဲ့ နိုင်ငံခြားက သွင်းရမှာပေါ့။

ကိုယ်က မတိုးတက်ဘူး၊ သူများတွေက တိုးတက်နေတာလေ။ ပြေးနေတဲ့ကားလိုပဲပေါ့။ ခင်ဗျားက တနာရီ မိုင် ၃၀ နှုန်းလောက်နဲ့ မောင်းနေချိန်မှာ ဘေးကားက တနာရီ ၆၀၊ ၇၀ နှုန်းနဲ့ မောင်းနေရင် ကြာလေ၊ ကြာလေ ပြတ်ကျန်ခဲ့လေပေါ့ဗျာ။ အခုက အဲဒီပြသနာကို ကြုံမှာပေါ့။ ကြုံတဲ့အခါကျတော့ အခြေအနေ မကောင်းဘူး။ ဆန်စပါးထုတ်လုပ်မှုအရရော၊ ဝင်ငွေအရရော၊ စိုက်ပျိုးစားသောက်ဖို့ ဝင်ငွေအလှမ်းမီမှုအရရော တအားကို ကျပ်တည်းသွားတာဖြစ်တဲ့အတွက် နောက်လာမယ့် နှစ်နှစ်၊ သုံးနှစ် အတွင်းမှာတော့ တော်တော်ကို အခြေအနေ ဆိုးဆိုးရွားရွားတွေ့ရမယ်လို့ သုံးသပ်မိပါတယ်။

မော်ကွန်း။ ။ လယ်သမားတွေဘက်ကို ပြန်လှည့်ရရင် သူတို့ဟာ ဒေါ်လာဈေးတွေတက်လာတဲ့အခါကျတော့ အရင်ပုံမှန် တစ်ဧကကို မြေဆီ နှစ်အိတ်ကျွေးတယ်ဆိုရင် အခုတော့ တစ်အိတ်ပဲကျွေးနိုင်တော့တယ်။
ဒါအပြင် တစ်ဖက်မှာ ရာသီဥတုကလည်း နှိပ်စက်ပါတယ်။ တချို့ဆိုရင် နှစ်ခါစိုက်၊ သုံးခါစိုက်မျိုးတွေနဲ့ စရိတ်ပိုထောင်းတာတွေ ရှိတာပေါ့။ ဆိုတော့ တိုင်းပြည်မှာ လယ်သမားတွေ ထိခိုက်လာတာ၊ ပြသနာတွေ ရှိလာတာက နိုင်ငံသားတစ်ဦးချင်းအပေါ်မှာ ဘာတွေ ရိုက်ခတ်လာမှာပါလဲ။ တိုင်းပြည်အတွက်ကိုရော ဘာတွေသတိပေးနေတယ်လို့ သုံးသပ်နိုင်ပါသလဲ။

ဦးဝင်းမျိုးသူ။ ။ တောင်သူတွေဟာ ရာသီဥတုကြောင့်လည်း သူတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းတာရှိတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကံအားလျော်စွာနဲ့ ဆိုးရွားတဲ့ရာသီဥတု ပြင်းပြင်းထန်ထန်မကျခဲ့ဘူးပေါ့။ ကျတာရှိ ရင်လည်း တချို့နေရာတွေမှာ ဖြစ်တာမျိုးရှိမယ်။ ကွက်ကျားလေးပါပဲ။ ဆိုးဆိုးရွားရွား မကျခဲ့ပါဘူး။ ဒီနှစ်ဆိုရင် ရေနည်းနည်း ကြီးတာလေးတွေရှိမယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွား မဟုတ်သေးပါဘူး။

တစ်ဖက်ကကြည့်ရင် ကျန်တာတွေနှိပ်စက်နေကြချိန်မှာ ရာသီဥတုက နောက်ကိုဆုတ်ပေးထားတဲ့ သဘောပေါ့ဗျာ။ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်ဟာ တချို့ဒေသလေးတွေမှာပဲဖြစ်ခဲ့ပြီးတော့ ယေဘုယျအားဖြင့် ရေကြီးတာတို့ မရှိသေးဘူးပေါ့ဗျာ။ မုန်တိုင်းတိုက်သွားတယ်ဆိုရင်တောင်မှ ရခိုင်နယ်ကိုဝင်သွားတယ်ပေါ့ဗျာ။ အဲဒီနားတစ်ဖြတ်ကလေးပေါ့။ ဟိုဘက်ချင်းတောင်ရောက်တယ်၊ စစ်ကိုင်းဘက်ရောက်တယ်။ ဒါပေမဲ့ အဲဒီဘက်တွေမှာ သိပ်ပြီးတော့ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်သွားလောက်အောင်အထိတော့ မကြားမိပါဘူး။

ဆိုတော့ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်က ရှိတော့ရှိတယ်၊ နေရာတချို့မှာ ဖြစ်တာမျိုးပေါ့။ ဟိုတုန်းကလို တိုင်းလိုက်ကြီး တွေမှာ ရေကြီးတာမျိုးတို့၊ ပူးပြင်းခြောက်သွေ့သွားတာတို့မျိုး မရှိဘူးပေါ့ဗျာ။ ဒီနှစ်ဆိုရင် နှမ်းတွေတအားကောင်းတယ်။ မကွေးတို့၊ ကျောက်ပန်းတောင်းတို့မှာ အထွက်နှုန်းကောင်းလာတယ်။
ရာသီဥတုက အဆင်ပြေ၊ ရှေ့မိုး၊ နောက်မိုး ကောင်းသွားတာမျိုးပေါ့။ အဲဒီလိုလေးတွေ ရှိတာပေါ့။

သို့သော် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဆိုတာကလည်း သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ စက်ဝန်းနဲ့လာတာပါပဲ။ သူက လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ်မျိုးပေါ့။ ထပ်ကြော့ထပ်ကြော့လာတာပေါ့ဗျာ။ တစ်ခုရှိတာပေါ့ဗျာ၊ ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံးက ထုတ်လုပ်မှုတွေ ကျသွားတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်က နည်းနည်းအနားရသွားခဲ့တယ်ပေါ့ဗျာ။ အနားရသွားတော့ သူ့ရဲ့သဘာဝထုတ်လုပ်မှုတွေကို ပြန်ပြီးလုပ်နိုင်ခဲ့တဲ့အတွက် ယေဘုယျအားဖြင့် ဆိုးဆိုးရွားရွားတွေ ကြုံတာမျိုး နည်းခဲ့တယ်။

သို့သော် ဒီနှစ်ထဲမှာ အယ်လ်နီညို ရာသီဥတုလာပြီလို့ ပြောတယ်။ ပြီးခဲ့တဲ့ဟာက လာနီညာရာသီဥတုပေါ့၊ သူက အအေးလှိုင်းပေါ့။ အခုကတော့ အယ်လ်နီညိုပေါ့။ အယ်လ်နီညိုက ပြီးခဲ့တဲ့ဖေဖော်ဝါရီက စတယ်လို့ ပြောကြတယ်။ အခု နိုဝင်ဘာ၊ ဒီဇင်ဘာမှာ အပူလှိုင်းက စပြီးပြင်းထန်လာမယ်၊ နောက်နှစ်တွေရောပေါ့။ ဆိုတော့ ကျွန်တော်တို့ဆီမှာ ဒီနှစ်ဆိုရင် ဆောင်းသီးနှံတွေ ဒုက္ခရောက်မှာပေါ့။ ဆောင်းသီးနှံဆိုတာက မိုးစပါးကျွတ်သွားပြီးလို့ ထပ်စိုက်ကြမယ့် သီးနှံတွေမှာ လိုမယ့် ရေလိုအပ်ချက်တွေများမယ်။ ပဲတို့၊ ဘာတို့လို သီးနှံတွေဟာ ဒုက္ခရောက်မယ်။ ဒီဇင်ဘာလောက်မှာ မြေအစိုဓါတ်တွေ ပျောက်သွားမှာမို့ပေါ့။ အဲဒီတော့ ဆောင်းသီးနှံကို မှီခိုရသူတွေ ထိခိုက်မယ်၊ အထွက်နှုန်းတွေ ကျမယ်ပေါ့ဗျာ။ ဥပမာ- ကော်ဖီလို သီးနှံတွေ အထွက်နှုန်းကျမယ်ပေါ့။

ဆိုတော့ နောက်နှစ်ဆိုရင် ဒီထက်ပိုဆိုးပြီး ရေလိုအပ်ချက်က ဒီထက်ပိုများမယ်။ နွေစပါးတွေဆိုရင် ရေလိုအပ်ချက် သိပ်များ လာမယ်။ တစ်ဖက်မှာ အခုဆိုရင် ဆည်မြောင်းချောင်းကန်တွေကနေ ရေပေးနိုင်မှုက တအားနည်းသွားပြီလို့ ထင်တယ်။ စီမံခန့်ခွဲမှုတွေက ပုံမှန်သွားနေတာမျိုး မဟုတ်တော့လေ။ ပိုပြီးတော့ ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကို ၂၀၂၄ ထဲမှာ ပိုခံရမယ်။

အဲဒီတော့ ရာသီဥတုကနေ ရိုက်မယ့်တုတ်ကလည်း ပြန်ပြီးနီးလာပြီပေါ့ဗျာ။ ပြီးခဲ့တဲ့ သုံးနှစ်လောက် အတွင်းမှာတော့ ရာသီဥတုထက် လူဘေး၊ စစ်ဘေး၊ စီးပွားရေးဘေးတွေနဲ့ ကြုံခဲ့ကြရတာပေါ့။ နောက်နှစ်မှာတော့ ရာသီဘေးပါလာပြီ။ ပြီးတော့ စီးပွားရေးဟာလည်း ဒီထက်ပိုပြီး ကျပ်လာဖို့ရှိနေတယ်။  ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်က Money Supply ပေါ့၊ ဗဟိုဘဏ်က သူ့မှာရှိနေတဲ့ ဗမာပြည်ရဲ့ ငွေကြေးပမာဏကို ၂၀၂၀ ခုနှစ်နဲ့ယှဉ်ရင် သူက ရှစ်ရာခိုင်နှုန်းလောက် ပိုထုတ်လိုက်တယ်။ ပုံနှိပ်ထုတ်ဝေလိုက်တဲ့အခါကျတော့ ကုန်ဈေးနှုန်းဟာ ၁၈ ရာခိုင်နှုန်းပေါ့၊ နှစ်ဆတက်သွားတာပေါ့။ အခု နှစ်သောင်းတန်ထုတ်ပြီးပြီ၊ သူက ထပ်ထုတ်မှာပဲလေ။ ရိုက်ထုတ်တဲ့ ပမာဏများလာလေလေ၊ ကုန်ဈေးနှုန်းက နှစ်ဆ၊ နှစ်ဆတက်လေဆိုတော့ ၃၀ ရာခိုင်နှုန်းကျော်လောက်အထိ ဖြစ်သွားရင် ဒီထက်ပိုပြီးအော်ကြမှာပေါ့ဗျာ။

အခုတောင် (ကုန်ဈေးနှုန်းဖောင်းပွမှု) ၁၈၊ ၂၀ (ရာခိုင်နှုန်း)လောက်မှာ ဒီလောက်ဖြစ်နေကြရင် ၃၀၊ ၄၀၊ ၅၀ ဆိုရင်ပေါ့၊ ကျွန်တော် ထင်တယ်။ ၃၀၊ ၄၀ ရာခိုင်နှုန်းဟာ ၂၀၂၅ လောက်မှာ ဖြစ်သွားနိုင်တယ်။ အဲဒီအခါကျရင် ဗမာနိုင်ငံတစ်ခုတည်းမှာတင် မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးမှာလည်း စိုက်ပျိုးရေး ထုတ်လုပ်မှုကျဆင်းသွားရင်၊ ဥပမာ ၈၈ (အရေးအခင်း) ဆိုရင် ဆန်စပါးထုတ်လုပ်မှု တစ်နိုင်ငံလုံး တောင်သူတွေ ဒုက္ခရောက်သွားတဲ့အချိန်မှာ နိုင်ငံလုံးဆိုင်ရာအုံကြွမှု၊ နိုင်ငံရေးပြဿနာ ဖြစ်လာတာပဲလေ။

ဘာလို့လဲဆိုတော့ ၁၉၈၄၊ ၈၅ လောက်ထဲကနေပြီးတော့ FAO တို့၊ ဘာတို့က မြန်မာပြည်ဒီအတိုင်းသွားရင်တော့ ဒုက္ခရောက် တော့မှာပဲဆိုပြီး သတိပေးတယ်လေ။ ဒါပေမဲ့ အဲဒီဟာကို ပြုပြင်မွမ်းမံမှု မဆလအစိုးရက မလုပ်နိုင်တဲ့အခါကျတော့ တကယ့် ကို ဆန်စပါးရှားပါးမှုပြသနာတွေ မျိုးစုံတက်လာပြီး တောင်သူတွေ အကြီးအကျယ်ဒုက္ခရောက်၊ နောက်ဆုံးတော့ ၈၈ အရေး အခင်းတွေ ပေါ်လာတာပေါ့။ မီးထိုးအားပေးသလို ဖြစ်နေတာပေါ့။ လူတွေကို ပေါက်ကွဲထွက်လာဖို့လုပ်သလို ဖြစ်နေတာပေါ့။ စားစရာ၊ သောက်စရာမရှိလာရင်လေ။

အဲဒီတော့ လက်ရှိအနေနဲ့ကတော့ စစ်ပွဲတွေလည်းဖြစ်နေတာဖြစ်တဲ့အတွက် နေရာတကာမှာ လူတွေကတော့ ကျပ်တည်းပြီး ဒုက္ခရောက်နေကြတယ်။ စားနပ်ရိက္ခာအရလည်း ရောက်နေကြတယ်။ သို့သော် လက်ရှိအုပ်ချုပ်ရေးမှာ တာဝန်ထမ်းဆောင်နေ တဲ့လူတွေ၊ အစိုးရဝန်ထမ်းတွေပါ ပိုပြီးဒုက္ခရောက်လာမှာပေါ့။
စစ်တပ်တို့၊ ရဲတို့၊ ထွေအုပ်တို့၊ လူဝင်မှုကြီးကြပ်ရေးတို့၊ ကျောင်းဆရာတို့ အစရှိသဖြင့် ဘယ်လိုမှကို ရပ်တည်ဖို့ မလွယ်လောက်အောင် ဖြစ်လာမယ့်အနေအထားပေါ့။ တစ်ကမ္ဘာလုံး ဆိုင်ရာ အာဏာရှင်တွေကို လေ့လာထားတဲ့ သုတေသနတွေရှိတယ်။ ဘယ်လို ပြောင်းလဲသွားသလဲဆိုရင် အဓိကက အဲဒီပြောင်းလဲမှုတွေ ဖြစ်တိုင်း၊ ဖြစ်တိုင်းမှာ လူတွေကို အဓိက ဘယ်အရာတွေက စေ့ဆော်သလဲပေါ့။ ဘာတွေက ဦးတည် သွားစေတာလဲပေါ့။

တစ်ချက်ကတော့ အာဏာရှင်အုပ်စုထဲကပဲ ကွဲထွက်တဲ့အုပ်စုပေါ့။ သူတို့တွေ ခွဲထွက်တာတွေက (အာဏာရှင် ပြုတ်ကျရေးမှာ) အခရာ ကျတယ်။ အဲဒီထက်ပိုပြီး အခရာကျတာကတော့ ဘာသိဘာသာနေတဲ့အုပ်စုပေါ့။
အာဏာရှင်နဲ့ပတ်သက်ပြီး ဆန့်ကျင်တာလည်းမလုပ်ဘူး၊ ထောက်ခံတာလည်းမလုပ်ဘူး။ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလိုလေးပဲနေနေတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ။ အာဏာရှင်ကို ကြိုက်လို့တော့မဟုတ်ဘူး။ သို့သော်လည်း ကိုယ့်ကိုယ်ကို အန္တရာယ် မဖြစ်ရေးနဲ့ ဒီအတိုင်းထိန်းထိန်းသိမ်းသိမ်းနေနေတဲ့ အုပ်စုပေါ့။ အဲဒီလိုအုပ်စုတွေများနေရင်လည်း တော်လှန်ရေး အပြောင်းအလဲတို့ ဘာတို့ဟာ မအောင်မြင်တတ်ဘူးပေါ့။

ဒါပေမဲ့ စားဝတ်နေရေး တအားကျပ်တည်းလာတဲ့အချိန်ကြရင်တော့ ဒီအုပ်စုကလည်း မနေနိုင်တော့ဘူး၊ သူတို့ပါ ထိလာပြီကိုး။ အဲဒီအခါ သူတို့နဲ့ အတွင်းထဲမှာရှိနေတဲ့ အုပ်စုတွေဟာ တွက်ကြပြီ။ ဆက်နေရင် ပိုဆိုးတော့မယ်ဆိုတော့ သူတို့ကိုယ်တိုင်ကိုက အပြောင်းအလဲကို လုပ်ဖို့ပိုပြီးတော့ ပါဝင်လာကြတဲ့အခါကြတော့ အာဏာကိုကိုင်ထားတဲ့၊ အာဏာကိုယူထားတဲ့ လူတစ်စု အတွက်က ပိုပြီးတော့ အကွဲအပြဲတွေပိုဖြစ်ကြတယ်ဆိုတာကတော့ ကမ္ဘာလုံးဆိုင်ရာ သုတေသန တွေ့ရှိချက်ပါ။

တောင်သူတွေဒုက္ခရောက်ရင် စားဝတ်နေရေးပိုကျပ်မယ်။ ထက်ကျပ်မှာကတော့ အာဏာလက်ကိုင် တုတ်တွေပေါ့။ အာဏာယန္တရားလည်ပတ်ရေးမှာ အဓိက သွားနေတဲ့ လူတွေအတွက်က ပိုပြီးတော့ ဆက်ပြီးလုပ်နိုင်ဖို့ ပိုခက်လာမယ်။ အကျဉ်းထောင်တွေ၊ ရဲတွေ၊ စစ်တပ်တွေ စသဖြင့် သူတို့ကိုယ်တိုင်ကိုက ခက်ခဲလာမယ်။

ဒါပေမဲ့ သက်ဆိုင်ရာအာဏာရှင်တွေကလည်း သူတို့အတွက် အထူးအခွင့်အရေးတွေ ပေးကောင်းပေးမှာပေါ့။ ဥပမာ ဆန်ထောက်ပံ့တာတို့၊ လစာ တိုးပေးတာတို့ပေါ့။ ဒါပေမဲ့ လိုက်လုပ်နိုင်စွမ်းကတော့ မမြင်ဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်လေ၊ ပိုဆိုးလေပဲ။ ဘာလို့လဲဆိုတော့ သူတို့က ငွေကိုရိုက်ထုတ်ပြီးတော့မှ လုပ်ရမှာလေ။ ကျန်တဲ့ ဝင်ငွေ တိုးလာလို့မှ လုပ်တာမှမဟုတ်တာ။ အဲဒါဆိုရင် အခြေအနေကို ပိုပြီးဆိုးစေမှာပေါ့ဗျာ။

တစ်ချိန်တည်းမှာတင် အပြင်ဘက်က ဆန့်ကျင်တော်လှန်မှုတွေကလည်း များလာတယ်ဆိုရင် ဒီလူတွေ၊ အောက်ခြေက အာဏာယန္တရားကို အကောင်အထည်ဖော်ပေးနေတဲ့လူတွေက မဖြစ်နိုင်တဲ့ ဖိအားတွေပိုရလာတာပေါ့။ မဖြစ်နိုင်တာတွေ အခိုင်းခံရလေ၊ တစ်ဖက်မှာလည်း ရပ်တည်ဖို့တောင် မဖြစ်နိုင်တဲ့အခြေအနေမှာဆိုတော့လေ။ Do or Die တွေက ပိုပြီးများလေ၊ ပေါက်ကွဲမှုတွေက အတွင်းထဲမှာတင်၊ ဒီအာဏာယန္တရားထဲမှာတင် ပိုပြီးဖြစ်နိုင်တဲ့ အလားအလာတွေ ရှိတယ်ပေါ့။

ဒီလိုအခက်အခဲကြုံတဲ့နေရာမှာ ဒီအာဏာယန္တရားထဲက လူတွေတင် ကြုံတာမဟုတ်ဘူး၊ အပြင်ဘက်က ပြည်သူလူထုတွေလည်း ကြုံတာပါပဲ။ အဲဒီပြည်သူလူထုကရော ဘယ်လောက်ခံနိုင်သလဲပေါ့။ လူထုကလည်း ပိုပြီး ကျပ်တည်းလာတဲ့အတွက် ပိုပြီးတွန်းအားတွေပေးနိုင်လာတယ်။ အာဏာယန္တရားထဲမှာလည်း ဘယ်လိုမှရပ်တည်လို့ မဖြစ်နိုင်တဲ့ အခြေအနေတွေဖြစ်နေတယ်။ အဲဒီနှစ်ခုပေါင်းမိရင်တော့ အဲဒါဟာပြောင်းလဲရေးတစ်ခု၊ နောက်ထပ် စနစ်တစ်ခုပြောင်းလဲရေးကို သွားလေ့ ၊သွားထရှိတယ်ဆိုတာကို ကမ္ဘာလုံးဆိုင်ရာ သုတေသနတွေအရ ဒီလိုပြောလို့ရတယ် ပေါ့နော်။ ဘယ်တော့လဲဆိုတာကတော့ မသိဘူး။

သို့သော်လည်း ပုဂ္ဂလိကခန့်မှန်းချက်အရတော့ တကယ်လို့ ငွေကြေးဖောင်းပွမှုနှုန်း ၅၀ ရာခိုင်နှုန်းကျော် ဖြစ်သွားတဲ့အချိန်မှာ အရမ်းကိုခက်သွားမယ်လို့ ကျွန်တော်ထင်တယ်။ စားဝတ်နေရေးကတစ်မျိုး၊ ငွေကြေးလှည့်ပတ်မှုကတစ်မျိုး၊ စစ်ရေး အရှိန်ကဆက်ပြီးရှိနေတယ်။ ဒီထက်မပြင်းထန်ရင်တောင်မှ စစ်ရေးအရှိန်က ဆက်ပြီးရှိနေတယ်ပေါ့။  နောက် လူမှုရေး ဖိအားတွေပေါ့။ အဲဒါတွေ ရှိလာတဲ့အချိန်မှာတော့ ၂၀၂၅၊ ၂၀၂၆ လောက်မှာတော့ အပြောင်းအလဲတစ်ခုကို အဲဒီအချိန်ကျရင် ပိုပြီးတော့တွေ့ရမယ်လို့ မြင်တယ်။ အဲဒီအခါမှာ အတွင်းကနေလှိုက်ပြီးတော့ ပြောင်းရမယ့်အနေအထားတစ်ခု ဖြစ်သွား နိုင်တယ်ပေါ့။ အဲဒါဟာ တောင်သူတွေဆီကစလာတဲ့ အပြောင်းအလဲပဲပေါ့ဗျာ။ တောင်သူတွေဟာ ဘယ်လိုမှမရပ်တည် နိုင်တော့ရင် အဲဒီလိုတွေ ဖြစ်သွားမှာပေါ့။ အဲဒီမှာမှ ရာသီဥတုကပါ ထပ်ပြီးနှိပ်ဆက်ပေးရင် ဒီထက်ပိုပြီး မြန်မှာပေါ့။

မော်ကွန်း။ ။ စစ်ကောင်စီအုပ်ချုပ်မှုအောက်က တောင်သူလယ်သမားတွေအတွက်ရော အခုလိုအကျပ်အတည်း တွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းရှိပါသလား။

ဦးဝင်းမျိုးသူ။ ။ နံပတ်တစ်ကတော့ ဗမာပြည်ကံကောင်းနေတဲ့ အချက်တစ်ခုကတော့ Diverse (မတူကွဲပြားမှု) ဖြစ်နေတာပေါ့။ မတူညီတဲ့ အလှတရားတွေ ရှိနေတာပေါ့။ Diverse ဖြစ်တယ်ဆိုတာက   လက်ချောင်းလေးတွေ အရှည်အတို မညီသလိုပေါ့။ ဒါလေးကိုက လှနေတာလေ။ အားလုံးသာညီနေရင် အလုပ်လုပ်ရတာ ကောင်းမှာ မဟုတ်ဘူးပေါ့ဗျာ။

ဆိုလိုတာက ဗမာပြည်မှာက ဒီနားမှာ ဒုက္ခရောက်ပေမယ့် ဟိုနားမှာက အခြေအနေကောင်းရင် ကောင်းနေတာမျိုးပေါ့။ ဥပမာ- ဒီနှစ် နှမ်းသမားတွေ အခြေအနေကောင်းနေသလိုပေါ့။ အဲဒီနှမ်းတွေ ဒုက္ခရောက်ရင် ဒီဘက်က စပါးကကောင်းချင်ရင် ကောင်းနေမယ်။ ရေမြေတောတောင်နဲ့ လူတွေရဲ့အနေအထားအရ အဲဒီလိုလေးတွေဖြစ်နေတာက တစ်ချက်ပေါ့။

နောက်တစ်ခုက remittance လို့ခေါ်တဲ့ ပြည်ပလုပ်အားကနေရတဲ့ငွေက တိုင်းပြည်ရဲ့စီးပွားရေးကို အဓိကမောင်းနှင်နေတဲ့ ဝင်ငွေရခွင့်ရလမ်းဖြစ်နေတယ်။

အခုအချိန်မှာဆိုရင် ပြည်ပထွက်တဲ့ လုပ်သားတွေက ပိုပြီးတော့များတယ်။ အရင်တုန်းက ခန့်မှန်းကြတာက လေးသန်း၊ ငါးသန်းလောက်ပဲရှိမယ်လို့ ခန့်မှန်းရာကနေ အခုဆိုရင် ရှစ်သန်းလောက်အထိရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဥပမာ- ထိုင်း နိုင်ငံတစ်ခုထဲမှာတင်ကို အများကြီးပေါ့ဗျာ။ နောက်တစ်ခုက အခုထိုင်းရဲ့နိုင်ငံရေးအရ သူတို့က နေ့စဉ်လုပ်အားခကို ဘတ် သုံးရာကနေ ဘတ်ခြောက်ရာအထိတိုးမယ်ဆိုရင် အဲဒီကိုရောက်နေတဲ့ ပြည်ပလုပ်သားတွေရဲ့ ပို့ငွေကလည်း အားကိုးစရာ တစ်ခုပေါ့ဗျာ။ လူတွေက အဲဒီပြည်ပလုပ်သားတွေအပေါ်မှာပဲ အကုန်မှီပြီး စားသောက်နေရသလို ဖြစ်နေတာကိုး။

နောက်တစ်ခုက နယ်စပ်ကကျယ်တဲ့အတွက် သူ့ဟာနဲ့သူ မှောင်ခိုတွေက မျိုးစုံဝင်နိုင်တယ်။ လိုတဲ့ဟာတွေ ဝင်နိုင်တယ်။ အဲဒီတော့ ငွေလေးရှိတယ်၊ ဈေးတော့ကြီးမယ်၊ ရပ်တည်လို့ရတဲ့အခြေအနေမျိုးပေါ့။ အဲဒီလိုလေးတွေတော့ ကွက်ကျားလေး တွေ ဖြစ်နေမယ်။

တောင်သူတွေ ဒီလိုအခြေအနေမှာ ဘယ်လို ရပ်တည်နိုင်မလဲဆိုရင်တော့ အကောင်းဘက်က ပြန်စဉ်းစားရင်တော့ ဒီအချိန်မှာ ဩဂဲနစ်စိုက်ပျိုးရေးလိုဟာမျိုး၊ ဓါတုဓါတ်မြေဩဇာအစား သဘာဝဓါတ်မြေဩဇာတွေသုံးပြီး စိုက်ရေးပျိုးရေးလုပ်ကြဖို့ပေါ့။ အဲဒါကို Resilient Farming (ဒူပေဒဏ်ပေခံနိုင်ရည်ရှိတဲ့စိုက်ပျိုးရေး) လို့ခေါ်တာပေါ့။ ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းလို့ လည်း မြင်တယ်။ တချို့ စိုက်ပျိုးရေးပညာရှင်တွေလည်း စိုက်ပျိုးထိန်းသိမ်းတဲ့ နည်းပညာတွေကို တောင်သူတွေကို စည်းရုံးပြီး လုပ်နေကြတာရှိတယ်။

တောင်သူတွေအနေနဲ့လည်း အရင်တုန်းကတော့ အလွယ်တကူ ဓါတ်မြေဩဇာဝယ်ပြီး ဖြန်းလိုက်လို့ ရတာပေါ့။ အခုတော့ ဓါတ် မြေဩဇာကလည်း ပိုက်ဆံရှိရင်တောင် ဝယ်မရတဲ့အခါကျတော့ သူတို့လည်း တစ်ခုခုကိုလုပ်ရတော့မယ်။ ဆိုတော့ တောင်သူတွေ ကိုယ်တိုင်ပါဝင်လုပ်လာကြတာဆိုတော့ ဒီနည်းပညာလေးတွေဟာ ကောင်းပါတယ်။ ဒီဟာတွေ ဘယ်လောက် ပျံ့နှံ့သွားမလဲဆိုတာတော့ မသိသေးဘူး။ တော်တော်များများတော့ ဒီလိုနည်းပညာလေးတွေကို လိုက်လုပ်နေတာမျိုး တွေ့လာ ရပါတယ်။

ဆိုလိုတာက ဒီအချိန်မှာ သဘာဝပတ်ဝန်းကျင်နဲ့အညီ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့နည်းပညာတွေ ဖွံ့ဖြိုးဖို့အခွင့်အလမ်း ကောင်းလေးတွေ အရင်ကထက်ပိုလာတဲ့ အနေအထားလေးတွေတော့ ရှိနေတယ်။ အရင်တုန်းက တောင်သူတစ်ရာမှာ နှစ်ယောက်၊ သုံးယောက်လောက်ပဲ ဩဂဲနစ်ကို လုပ်တယ်ဆိုရင် အခု တောင်သူ ၁၀ ဦး၊ ၁၅ ဦးအထိ ဖြစ်လာတယ်ဆိုရင် မြင်သာထင်သာ ဖြစ်လာတာပေါ့။ အရင်တုန်းက နှစ်ယောက်လောက်ပဲ လုပ်နေတုန်းက မမြင်သာဘူး။ ဘယ်သူမှ မသိဘူးပေါ့ဗျာ။ အခုက ဆယ်ယောက်၊ ဆယ့်ငါးယောက်လုပ်လာတဲ့ အခြေအနေဖြစ်လာတော့ ရေရှည်၊ နောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးအနေနဲ့လည်း Agroecological Farming  ကို သွားနေတာလေ။ ပတ်ဝန်းကျင်နဲ့ပိုသဟဇာတဖြစ်တဲ့ စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာကို သွားနေကြတာလေ။ အဲဒီအတွက် အထောက်အကူဖြစ်တာပေါ့။ တကယ်လို့များ တိုင်းပြည် အခြေအနေ ငြိမ်သွားလို့၊ နိုင်ငံရေးအခြေအနေ ပိုတိုးတက်ကောင်းမွန်လာခဲ့ရင် ဒီလိုစိုက်ပျိုးရေးနည်းစနစ်တွေကို ထောက်ပံ့ ကူညီတဲ့ မူဝါဒ၊ အစီအစဉ်တွေ ရှိတယ်ဆိုရင် အခုပြောတဲ့ Sustainable Agriculture က ပိုပြီးတော့ ပျံ့သွားနိုင်တဲ့ အခွင့်အလမ်း လည်း ရှိနိုင်တယ်လို့၊ အဲဒီလိုတော့ ကျွန်တော်တို့က အကောင်းမြင်တာလေးတွေတော့ ရှိတာပေါ့။ ဒါကြောင့်လည်း တတ်နိုင်သမျှ သဘာဝပတ်ဝန်းကျင်နဲ့အညီ စိုက်ပျိုးထုတ်လုပ်တာတွေလုပ်ကြဖို့ နှိုးဆော်နေတာပေါ့ဗျာ။

မော်ကွန်း။ ။ ဖြည့်ပြောချင်တာများ ရှိပါသေးသလား။

ဦးဝင်းမျိုးသူ။ ။ ကျွန်တော်ကတော့ မိုက်ခရိုရော၊ မက်ခရိုရော ခြုံပြီးတော့ ပြောတာပေါ့လေ။ သို့သော် ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း၊ ဒီမိုကရေစီအစိုးရတွေရှိခဲ့တဲ့ ၁၀ နှစ်ပေါ့။ အခုအခြေအနေနဲ့စာရင် နည်းနည်းပိုပြီး လုပ်သာကိုင်သာကောင်းတဲ့ အခြေအနေအတွင်းမှာပေါ့။ အဲဒီတုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေအများကြီး သုတေသနလုပ်တာကကို ဒီတောင်သူတွေရဲ့ အနေအထားကိုက တစ်နိုင်ငံလုံးဖြန့်ပြီးလေ့လာချက်အရ ဘာတွေ့သလဲဆိုရင် ဝါးခယ်မလို နေရာမျိုးမှာရှိတဲ့တောင်သူပေါ့၊ ပဲနဲ့စပါးစိုက်တဲ့ တောင်သူကသာလျှင် ဆင်းရဲနွမ်းပါးမှုကနေ ခုန်ထွက်ပြီးတော့၊ ဆင်းရဲနွမ်းပါးမှုကို လွန်မြောက်သွားအောင် လုပ်နိုင်တဲ့ အနေအထားရှိတယ်။

ကျန်တဲ့နေရာတွေအကုန်လုံးကတော့ သူတို့ရဲ့ ထုတ်လုပ်မှုရော၊ တောင်သူရဲ့ ရတဲ့ဝင်ငွေတွေရော ကျဆင်းနေတာပေါ့ဗျာ။ အဲဒီ အတွက်ကို မှန်ကန်တဲ့မူဝါဒတွေ ပံ့ပိုးနိုင်ဖို့လိုမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုက သိပ်ပြီးတော့ ဈေးကြီးနေတဲ့အတွက်၊ ဘာလို့ဈေးကြီးသလဲဆိုတော့ တစ်ဧကအထွက်နှုန်းက နည်းတာကိုး။ အထွက်နှုန်း နည်းတော့ ကုန်ကျစရိတ်က ပိုများသွားတာပေါ့။

သဘောတစ်ခုက မြေတစ်ဟတ်တာကို စိုက်ပျိုးရင် ဗမာပြည်မှာ သီးနှံနှစ်တန်အောက်ပဲရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေမှာက ငါးတန်လောက်ရတယ်ဆိုတော့ဗျာ၊ ကုန်ကျစရိတ်နဲ့တွက်ကြည့်ရင် သူတို့မှာလည်း သွင်းအားစုဖိုးကုန်မယ်။ ဒါပေမဲ့ ထွက်နှုန်းများတဲ့အခါကျတော့ ပျမ်းမျှလုပ်လိုက်ရင် စပါးတစ်တင်းပေါ်မှာ ကုန်ကျစရိတ်က နည်းသွားတာပေါ့။ အဲဒီတော့ သူတို့နိုင်ငံတွေမှာ ဈေးကွက်ယှဉ်နိုင်အား ကောင်းတာပေါ့။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာကတော့ အဲဒီဟာက အဓိကအခက်အခဲ စိုက်ပျိုးရေးမှာ ဖြစ်နေတာပေါ့။

စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ နဂိုကတည်းကိုက နာတာရှည်ရောဂါကြီး ရှိနေတာပေါ့။ မူဝါဒ လိုအပ်ချက်တွေပေါ့။ Systemic error ပေါ့ဗျာ။ တိုက်ကြီးကိုက ဆောက်ထားတဲ့ အိမ်ဒီဇိုင်းတွေ မှားနေတဲ့အခါကျတော့ အောက်ကအုတ်မြစ် တွေရော၊ တိုင်တွေရော ရွဲ့စောင်းနေတာကို ဟိုနားလေးက ဒေါက်လေးထောက်၊ ဒီနားလေးမှာ ဒေါက်လေးထောက်ပြီး နေနေရတာကနေ အခုလိုအခြေအနေမှာတော့ တအားကိုပိုဆိုးသွားတာပေါ့။ ပိုဆိုးသွားတဲ့အတွက် ဒါကို လွန်မြောက်အောင် မလုပ်နိုင်ရင် လုံးလုံးကို ဗုန်းဗုန်းလဲသွားမယ့် အနေအထားတော့ ကြုံတွေ့ကြမှာပေါ့။

သို့သော် ဖြစ်တာ၊ မဖြစ်တာအပထား၊ လူဆိုတာ ရှေ့ကိုမျှော်ပြီး သိပ်စိတ်ပျက်နေလို့လည်းမရဘူးပေါ့။ ကြိုမျှော်ပြီး အကောင်းမြင်လို့မရဘူး၊ စိတ်ပျက်နေလို့လည်းမရဘူး။ တတ်နိုင်သမျှ လောလောဆယ်အခြေအနေမှာ အကောင်းဆုံးလုပ်၊ ဘေးကလူတွေကိုကူပေါ့။ ကူနိုင်တဲ့တောင်သူ အချင်းချင်းတွေကူကြ၊ လုပ်နိုင်တဲ့ နည်းပညာလေးနဲ့လုပ်ကြပေါ့။ အဲဒီလိုမျိုး ခံယူချက်လေးနဲ့ ဖြတ်သွားနိုင်မှပဲ အခုလိုကြမ်းတမ်းတဲ့ကာလကြီးတစ်ခုကို ကျော်နိုင်မယ်။ သို့သော် ဗမာပြည်တစ်ခုလုံးနဲ့ ခြုံပြောရရင်တော့ နိုင်ငံဟာ နဂိုကတည်းက စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ရင် မူဝါဒအားဖြင့်ရော၊ အခြေခံ အားဖြင့်ရော အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် လုပ်စရာတွေတော့ အများကြီးရှိတယ်။ ဒီအပေါ်မှာ မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ လုပ်ဖို့လိုတယ်။ အခုက ဆေးမြီးတိုနဲ့ကုတဲ့သူတွေကပဲ များနေတာကိုး။ အဲဒါကတော့ ရင်လေးစရာတစ်ခုတော့ ဖြစ်တယ်။
#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."