မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်မှောင်ခိုဈေးကွက်ဖြစ်လာပြီး ဝယ်ရခက်ခဲ

မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်မှောင်ခိုဈေးကွက်ဖြစ်လာပြီး ဝယ်ရခက်ခဲ

ရန်ကုန် -၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း)

လေကြောင်းတစ်ခုသာ ချိတ်ဆက်နိုင်တော့တဲ့ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ်မှောင်ခိုဈေးကွက်ကြီးထွားနေပြီ အဝယ်ရခက်ခဲတဲ့ ပြဿနာကြုံနေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကစပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ရွှေဘို-မန္တလေးလမ်းပိုင်း၊ မြစ်ကြီးနား-ဗန်းမော်-မန္တလေး ကားလမ်းတွေပိတ်နေတာ လက်ရှိမှာ ရသတ္တသုံးပတ်နီးပါးထိ ရှိလာပါပြီဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းခရီးနဲ့သာ အရေးပေါ်သွားလာနေကြရတာလို့ ဒေသခံတချို့က ပြောပါတယ်။

လေကြောင်းလိုင်းတွေက တရားဝင်ရောင်းချတဲ့ မြစ်ကြီးနားနဲ့ ရန်ကုန် လေယာဉ်လက်မှတ်ခဈေးနှုန်းဟာ တစ်စောင်ကို ကျပ်လေးသိန်းခန့်ရှိပြီး တစ်ဆင့်ပြန်ရောင်းချတဲ့မှောင်ခိုဈေးကွက်မှာ ကျပ်ခြောက်သိန်းကျော်၊ ခုနစ်သိန်းနီးပါးထိ မြင့်တက်နေတယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ပြန်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပုံမှန်လေကြောင်းလိုင်းကနေပဲ လက်မှတ်မှာမယ်ဆို ပုံမှန်ဈေးက လေးသိန်းကျော်ရှိတယ်။ အဲဒီလက်မှတ်ကလည်း အနည်းဆုံး ၁၅ ရက်လောက် ကြိုဖြတ်တာတောင် လက်မှတ်ရဖို့ မလွယ်ဘူး။ တစ်ဆင့်ပြန်ရောင်းတဲ့ဈေးနဲ့က နှစ်သိန်းကျော်လောက်ကွာတယ်” လို့ ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား-မန္တလေးလမ်းပေါ်မှာရှိတဲ့ အင်းတော်၊ ကသာ၊ ထီးချိုင့်၊ စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ကားလမ်းကိုလည်း နှစ်ဖက်တပ်တွေက ပိတ်ထားတာပါ။

ဒီလမ်းပိုင်းတစ်လျှောက်မှာဆိုရင် တံတားတွေကျိုးနေတာ၊ လမ်းတွေကို ဖြတ်တောက်ထားတာကြောင့် လမ်းပြန်ဖွင့်ဖို့က အချိန်ကြာမြင့်နိုင်တယ်လို့ လမ်းပိုင်းကိုအသုံးပြုနေတဲ့ ကုန်တင်ယာဉ်မောင်းတချို့က ပြောပါတယ်။

အလားတူပဲ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဆိုရင်လည်း ဗန်းမော်၊ မိုးမောက် စတဲ့မြို့တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် လမ်းပိုင်းကို ပြီးခဲ့တဲ့လပိုင်းကတည်းက ပိတ်ထားရတာပါ။

ဒါ့အပြင် စစ်ကောင်စီက မြစ်ကြီးနားမြို့ကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် မြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ မြစ်ကြီးနားဒေသခံတချို့က ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဆန်၊ ဆီ၊ ကြက်ဥနဲ့ ကြက်သွန်တို့အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ယခင်ထက် နှစ်ဆကျော်မြင့်တက်သွားတာကြောင့် ဒေသခံတွေ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့လာရပါတယ်။

“ ကြက်ဥတစ်လုံး ၁,၃၀၀၊ ၁,၂၀၀ ဈေးတဲ့၊ ဆန်နဲ့ဆီလည်း နှစ်ဆကျော်တက်တာ။ ကုန်ကားတွေကလည်း မဲဇာ၊ အင်းတော်ဘက်တွေကနေ တက်လာလို့မရဘူး ပြောတယ်” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အစပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး၊ အင်းတော်၊ စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လဆန်းပိုင်းမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေကို လက်ရှိဆင်နွှဲနေတာပါ။

ပုံစာ- မြစ်ကြီးနားမြို့က ကချင်ရိုးရာအထိမ်းအမှတ် မနောကွင်း မြင်ကွင်း။
ဓါတ်ပုံ- G Com
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."