ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၇ (မော်ကွန်း)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စက်သုံးဆီဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း ဓါတ်ဆီပြတ်လပ်နေပြီး စက်သုံးဆီဆိုင်တွေ ပိတ်ထားရတဲ့အခြေအနေဖြစ်နေတယ်လို့ မြစ်ကြီးနားဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းလိုက်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင်းကို စက်သုံးဆီအဝင်မရှိတော့တာကြောင့် အခုလို ဆီပြတ်လပ်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။
“အခုက ပန့်ဆိုင်အကြီးတွေရော၊ လမ်းဘေးဆိုင်တွေရော ဘယ်မှာမှမရဘူး။ အကန့်အသတ်နဲ့ပဲ ရောင်းနေတာ။ တချို့ဆိုင်တွေ ပိတ်ထားရတယ်။ ဒီဇယ်လောက်ပဲရတယ်။ ဓါတ်ဆီလုံးဝ ဝယ်မရတော့ဘူး” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ပေါ်က စက်သုံးဆီဆိုင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး စက်သုံးဆီကိုအကန့်အသတ်တွေနဲ့ပဲ စတင်ရောင်းချခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ လုံးဝဝယ်လို့မရတော့တဲ့ အခြေအနေဖြစ်သွားတယ်လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်နဲ့ မန္တလေးမှာ တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်မှာရှိနေတဲ့ ဓါတ်ဆီဈေးဟာ မြစ်ကြီးနားမြို့မှာ တစ်လီတာကို ကျပ်တစ်သောင်းခွဲကနေ နှစ်သောင်းဝန်းကျင်ထိ ပေါက်ဈေးဖြစ်နေတာပါ။
“တစ်လီတာကို တစ်သောင်းခွဲ၊ နှစ်သောင်းဖြစ်သွားတယ်။ အဲဒါတောင်ဘယ်မှာမှ ဝယ်မရဘူး” လို့ ၎င်း ဒေသခံက ပြောပါတယ်။
မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ပြီးခဲ့တဲ့ လပိုင်းထဲက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေကြောင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲနေပြီး စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်တွေ လူသုံးကုန်တွေကို တရုတ်နိုင်ငံဘက်ကနေ အဓိကထား တင်သွင်းနေတာပါ။
လက်ရှိမှာ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ လွယ်ဂျယ်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့ နယ်စပ်စခန်းတွေအားလုံးကို KIA က သိမ်းပိုက်ထားပြီး တရုတ်နိုင်ငံကလည်း သူ့ရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် အခုလို မြစ်ကြီးနားအပါအဝင် တရုတ်နယ်စပ်မြို့တွေမှာ စက်သုံးဆီနဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။
ပုံစာ – မြစ်ကြီးနားမြို့တစ်နေရာ
Photo – Supplied

