မြင်းမူ-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မနေ့က ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၃၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ghost Team Ranger Myinmu (GTR-MMU) အဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အသေအပျောက်ကတော့ အတိအကျမသိရသေးဘူး။ မနေ့က ၆ နာရီဝန်းကျင်မှာ ကျွန်တော်တို့ ဒရုန်းကိုးစီးနဲ့ စတင်တိုက်ခိုက်ခဲ့တာပေါ့နော်။ စုစုပေါင်း ဗုံးသီး ၃၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ စခတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပြန်ပစ်ခတ်ခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ရဲဘော်တွေအနေနဲ့ကတော့ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အသေအပျောက် စာရင်းကိုတော့ စုံစမ်းနေတုန်းပဲလို့ သူကဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း၂၊ တပ်ခွဲ(၁)၊ (၂)၊ Ghost Team Ranger Myinmu(GTR-MMU) ၊ ၁၈၀၁ တပ်ရင်း Federal Wings တပ်ခွဲ ၃ စစ်ကိုင်းဒေသ၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်း၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ စတဲ့အဖွဲ့တွေအပြင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ GTR-MMUက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အခုလ ၁၆ ရက်ကလည်း မြင်းမူမြို့ပေါ်က ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းကို ရောက်ရှိနေတဲ့ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေ အထိခိုက်အကျအဆုံးရှိခဲ့တယ်လို့ GTR-MMU က ထုတ်ပြန်ထားပါတယ်။
ပုံစာ-မြင်းမူမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်
ဓာတ်ပုံ – GTR-MMU
#Dailynews

