မြင်းခြံ – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ရဲသုံးဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၈:၄၅ မိနစ်ခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ ကား ၁ စီးနဲ့ ဆိုင်ကယ် ၃ စီးဟာ နံ့သာလှိုင်ရွာနဲ့ ငါန်းနန်းကျေးရွာကြား ချောင်းကူးတံတားနားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဆိုင်ကယ် သုံးစီး ပျက်စီးကာ ရဲတပ်သား သုံးဦးနေရာမှာပဲ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Force၊ ငါန်းဇွန် Five Starအဖွဲ့ စတဲ့ ဒေသကာကွယ်ရေး ပူးပေါင်းမဟာမိတ် ၄ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာပါတယ်။
ရဲဘော်တွေရဲ့လုံခြုံရေးအခြေအနေအရ တစ်ရက်နောက်ကျပြီးမှသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မနေ့ မနက်အစောပိုင်းက ဆီမီးခုံမြောက်ဖက်နံသာလှိုင်ရွာနားက Mytel တာဝါတိုင်ပေါက်ကွဲခဲ့တာကြောင့် လာရောက်စစ်ဆေးပြီးအပြန် မိုင်းခွဲခံရတာဖြစ်နိုင်ကြောင်း ဒေသခံတချို့က ပြောပါတယ်။
#Dailynews

