အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မတ် ၂၆(မော်ကွန်း)
မျက်နှာဖုံးစွပ်(Mask) တွေကို ဈေးတင်ရောင်းသူနေသူတွေ ဈေးလျှော့ရောင်းပေးဖို့ ပညာပေးစည်းရုံးသွားမယ်လို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းစဉ်တွေအတွက် ကုန်သည်စက်မှုအသင်းချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အလှူငွေပေးအပ်ပွဲကို UMFCCI မှာ မတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဦးဇော်မင်းဝင်းက အဖွင့်အမှာစကားမှာ ပြောဆိုတာဖြစ်ပါတယ်။
“ရောင်းတဲ့သူတွေကို တတ်နိုင်သမျှ ပညာပေးအနေနဲ့ သွားပြီး သူတို့ ကို စည်းရုံးဆောင်ရွက်သွားမယ်” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာ ဈေးကွက်အတွင်း မျက်နှာဖုံးစွပ်(Mask) တစ်ခုကို ငါးရာကျပ်မှ တစ်ထောင်ကျပ်အထိ ပေးဝယ်နေရပေမယ့် အလွယ်တကူဝယ်ယူလို့မရဘူးလို့ (Mask) သုံးစွဲသူတွေက ပြောပါတယ်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာ UMFCCI အနေနဲ့ လှူဒါန်းမှုတွေကို တတ်နိုင်သမျှလုပ်နိုင်ဖို့ UMFCCI COVID-19 Task Force ဖွဲ့စည်းထားပြီး Task Force အောက်မှာရှိတဲ့ Finance & Fundraising Group ကနေတဆင့် ညီနောင်အသင်းတွေကို စည်းရုံးပြီး လှူဒါန်းနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဦးဇော်မင်းဝင်းက ပြောပါတယ်။
အလှူရှင်တွေ လှူဒါန်းတဲ့ ငွေနဲ့ ပစ္စည်းတွေကို အဆင့်လိုက်ခွဲခြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို သွားရောက်လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ ဦးဇော်မင်းဝင်းက ပြောပါတယ်။
Photo – UMFCCI
#Dailynews