ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို လူမှုကူညီရေးအသင်းတွေက ဒီနေ့မှာ အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့ အဲ့ဒီအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ယခုလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွါးနေတာပါ။
ဒီနေ့မှာတော့ တိုက်ပွဲအနည်းငယ်ပြန်လည်ငြိမ်သက်နေတဲ့အတွက် ပိတ်မိနေတဲ့ ဒေသခံတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မူဆယ်မြို့ခံ ကမ်းလက်ကူညီ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အခုတော့ ခန့်မှန်း နှစ်ရာလောက်တော့ ခေါ်ထုတ်ပေးသွားပြီပေါ့။ တိုက်ပွဲနည်းနည်းငြိမ်သွားတဲ့အချိန် ခေါ်ထုတ်ပေးနေတာပေါ့။ ကားတွေကတော့ သွားလိုက်လာလိုက်ပဲ” လို့ ၎င်းက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တာမရှိသေးပေမယ့် အဲ့ဒီနေရာတစ်ဝိုက်မှာ ဒရုန်းတွေ ပျံဝဲနေပြီး တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ဖြစ်ဖို့များနေတယ်၊ အခုလက်ရှိကို အဲ့ဒီဇုန်တစ်ဝိုက် ဒရုန်းတွေတော့ ဝဲနေတာပဲ။ တိုက်ပွဲဖြစ်နိုင်တဲ့ အရိပ်အယောင်ရှိနေတော့ ကျွန်တော်တို့လည်း မြန်မြန်ဆန်ဆန် ကယ်ထုတ်ပေးနေရပါတယ်” လို့ ၎င်းက ပြောပါတယ်။
ယခုလ ၂၆ ရက်က အဲ့ဒီ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ကာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံနယ်စပ်ဝင်ပေါက်ဖြစ်တဲ့ မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ တုံခန်၊ မန့်မော် အစရှိတဲ့ ကျေးရွာတွေရှိနေပြီး အဲ့ဒီကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲကြားမှာ ပိတ်မိနေကြတာပါ။
ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်နေတဲ့ ညီနောင်မဟာမိတ်တပ်တွေဟာ မူဆယ် (၁၀၅) မိုင်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာ စခန်းကုန်းကို လက်နက်ချဖို့ ပြောထားပေမယ့် စစ်ကောင်စီတပ်က လက်နက်မချတာကြောင့် အဲ့ဒီစခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
မူဆယ်မြို့အဝင် ပြည်ထောင်စုလမ်းပေါ်က နမ့်ပေါ်တံတားနဲ့ ၁၀၅ မိုင် စစ်ကောင်စီ ဗျူဟာကုန်းတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတည်းက ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေအသုံးပြုကာ ပြန်လည်ပစ်ခတ်နေတာပါ။
ယခုလ ၂၇ ရက်ညပိုင်းကလည်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက မန့်မော်ကျေးရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဟာ ရှမ်းမြောက်ဒေသထိုးစစ်မှာ တရုတ်နယ်စပ်လမ်းကြောင်းတွေကို ပိတ်ဆို့ကာ သိမ်းပိုက်ဖို့ ကြိုးပမ်းနေပြီး လက်ရှိမှာ ချင်းရွှေဟော်၊ မုံကိုး၊ ပန်ဆိုင်း(ကြူကုတ်) နဲ့ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ပုံစာ – တိုက်ပွဲကြား ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ – ကမ်းလက်ကူညီပရဟိတအသင်း