မုံရွာ-၂၀၂၄ မတ် ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ရှိတဲ့ စစ်တပ်ပိုင်အင်းဝဘဏ်ဓားပြတိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ မြို့ခံငါးဆယ်ကျော် တစ်ပတ်ကြာတဲ့အထိ တစ်ဦးမှပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ ဖမ်းခံရသူတွေရဲ့ မိသားစုတွေနဲ့ မြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။
မုံရွာမြို့လယ်မှာရှိတဲ့ စစ်တပ်ပိုင် အင်းဝဘဏ်ဟာ အခုလ ၁၃ ရက်က ဓားပြတိုက်ခံရပြီးနောက်မှာ မြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။
“ဖမ်းခံရပြီးကတည်းက ရသမျှလိုက်ချိတ်၊ စုံစမ်းတာ၊ အခုထိ ဘယ်မှာဖမ်းထားလဲမသိဘူး။ ရဲစခန်းမှာလည်းမရှိဘူးပြောတယ်။ တခြားဖမ်းခံရသူတွေရဲ့မိသားစုတွေနဲ့ပြောကြည့်တော့လည်း သူတို့လည်းမသိကြဘူး။ သူတို့မိသားစုတွေလည်း တစ်ယောက်မှ မလွတ်သေးဘူး၊ စိတ်ပူတာပေါ့၊ ဖမ်းပြီး ဘာလုပ်နေလဲမသိရဘူးလေ” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုက ပြောပါတယ်။
ဆိုင်ထိုင်နေရင်းဖမ်းဆီးခံရသူတွေဟာ အသက် ၁၅ နှစ်ဝန်းကျင်ကနေ ၆၀ ဝန်းကျင်အရွယ်တွေအထိ ပါတယ်လို့ မြင်တွေ့လိုက်ရသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
မုံရွာကင်းထောက်တချို့နဲ့ ဒေသခံတွေရဲ့ပြောပြချက်တွေအရ ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့ မြို့တော်ခန်းမ၊ အမှတ် (၁)၊ (၂)ရဲစခန်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်စတဲ့နေရာတွေမှာ စစ်ဆေးနေတယ်လို့ဆိုကြပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
“အန်တီတူလေးနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ဆိုင်ထိုင်နေရင်း ဖမ်းခံရတယ်ကြားလို့ ရဲစခန်းလိုက်စုံစမ်းတော့ သူတို့ဆီမရှိဘူးတဲ့။ မြို့တော်ခန်းမမှာ ဖမ်းထားတယ်လို့လည်း ကြားတယ်။ တခြားသူတွေကော အများကြီးရောပြီးဖမ်းခံရတာတဲ့။ အခုထိ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိသေးဘူး” လို့ ဖမ်းခံရသူတစ်ဦးရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။
အင်းဝဘဏ်ဓားပြတိုက်ခံရပြီးနောက်ရက်မှာ မုံရွာမြို့ ညောင်ပင်စောက်ရပ်ကွက်က လက်ဖက်ရည်ဆိုင်တစ်ခုနဲ့ ဆူးလေကုန်းရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာထိုင်နေကြတဲ့ ဒေသခံအများအပြားဖမ်းဆီးခံခဲ့ရတာပါ။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ပေါ်က လမ်းတွေမှာ ဒေသခံတွေကို စစ်ဆေးမေးမြန်းရင်း ဖမ်းဆီးတာတွေရှိသလို၊ စားသောက်ဆိုင်တွေမှာလည်း ရုတ်တရက်ဝင်ရောက်ဖမ်းဆီးတာတွေ မကြာခဏလုပ်ဆောင်လေ့ရှိပြီး အင်းဝဘဏ်ဓားပြတိုက်ခံရပြီးနောက်မှာတော့ အရင်ကထက် ပိုအစစ်ဆေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေ ပိုများလာတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၁၁ ရက်တုန်းကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
အလားတူပဲ မုံရွာမြို့အထွက်မှာရှိတဲ့ သက္ကယ်ကျင်းရွာက ဒေသခံ ၈၀ ကျော်လည်း အခုလ ၁၄ ရက်က ရွာထဲစစ်ကြောင်းထိုးခံရပြီးနောက် ဖမ်းဆီးခံရကာ လက်ရှိအချိန်ထိ ပြန်မလွတ်သလို ဘယ်မှာဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာလည်း မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေက ဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ မနေ့ကအထိ နိုင်ငံအနှံ့မှာ ဖမ်းဆီးခံရတဲ့ ပြည်သူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်အထိရှိလာပြီလို့ ဆိုထားပါတယ်။
ပုံစာ-မုံရွာမြို့
ဓာတ်ပုံ-umyintaung