မုံရွာ-၂၀၂၄ မေ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက အမျိုးသမီးပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်အပါအဝင် သုံးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ Area 71 PDF Monywa က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့သူတွေဟာ တောပုရွာက အမျိုးသမီးပျူစောထီးအဖွဲ့ခေါင်းဆောင် မခိုင်ခင်ဦး၊ ပျူစောထီးအဖွဲ့ဝင် မမိသီးနဲ့ မအေးမြတ်မွန်တို့ ဖြစ်ပြီး သူတို့ကို သတ်ဖြတ်တာတွေလုပ်ဆောင်မှာ မဟုတ်ဘူးလို့ Area 71 PDF Monywa က သူတို့ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။
“သူတို့ဘက်က (မမိသီးရဲ့)ကလေးလေးမိုင်းထိလို့ ဆေးရုံတက်ရာကနေ ဆင်းလာတဲ့အချိန် သတင်းကြိုရလို့ စောင့်ဖမ်းကြတာပါ။ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ကို အပ်လိုက်တယ်ဗျ။ တရားစီရင်ရေးအပိုင်းကတော့ NUG အစိုးရရဲ့ တရားရေးရာကနေ ကိုင်တွယ်ပါလိမ့်မယ်” လို့ Area 71 PDF Monywa အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အမျိုးသမီး ပျူစောထီးခေါင်းဆောင် မခိုင်ခင်ဦးဟာ ထနောင်းတော၊ ကြာပိုင် စတဲ့ရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ် ကိုယ်တိုင်ပါဝင်ခဲ့သလို ကြာပိုင်ရွာက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ပြီး ထွေလာဂျီ၊ ထွန်စက် စတဲ့ပစ္စည်းတွေယူဆောင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
မမိသီးရဲ့ ယောက်ျားဖြစ်သူ ချစ်ရဲနိုင်ဟာလည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မုံရွာမြို့အထွက် စွမ်းရည်ထက်ဆီဆိုင်အနီးက စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန်ယူနေသူဖြစ်တယ်လို့ ဆိုပါတယ်။
တောပုရွာကပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဌေးညွန့်ရဲ့ အမျိုးသမီး မအေးမြတ်မွန်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေ ကြာပိုင်ရွာနဲ့ မုံရွေးကြေးမုံရွာတွေကို စစ်ကြောင်းထိုးစဉ်က ဒေသခံတွေရဲ့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ယူခဲ့သူဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
လက်ရှိအချိန်မှာတော့ ဖမ်းခံရတဲ့ အမျိုးသမီးသုံးဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ လွှဲပြောင်းပေးလိုက်တယ်လို့ Area 71 PDF Monywa အဖွဲ့က ပြောပါတယ်။
အဲဒီအမျိုးသမီးသုံးဦးကို Area 71 PDF Monywa အဖွဲ့နဲ့ မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းတို့ဖမ်းခံရပြီးနောက် တောပုပျူစောထီးရွာကနေ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ Area 71 PDF Monywaအဖွဲ့ကဆိုပါတယ်။
ပုံစာ-တောပုရွာက ဖမ်းဆီးခံရတဲ့ အမျိုးသမီးသုံးဦး။
ဓာတ်ပုံ-Area 71 PDF Monywa

