ရန်ကုန် ၊ ၂၀၂၃ မေ ၂၅ (မော်ကွန်း)
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရပြီး ၁၀ ရက်ကြာသည့်တိုင် ဒေသတွင်းပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်နဲ့လုပ်ဆောင်နေရပြီး အကူအညီပေးမယ့်အဖွဲ့တွေ ရောက်မလာကြသေးဘူးလို့ အထက်အညာဒေသတွေမှာအခြေစိုက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မော်ကွန်းကိုပြောပါတယ်။
” အခုချိန်ထိ တစ်ဖွဲ့မှမလာသေးဘူးဗျ။ ဒီကာလဆိုတော့ လာလို့မလွယ်ဘူးလေ။ ICRC တို့ ဘာတို့ ယာဉ်တန်းတွေတောင်မှ အဆင့်ဆင့်သတိပေးပြီး လာရတာကို။ ကျန်တဲ့ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပရဟိတသမားဆိုတော့ ဟိုကောင်တွေ (စစ်ကောင်စီ) ကိုကြောက်နေရတော့ မလာရဲလောက်ဘူး” လို့ မကွေးတိုင်းထဲမှာ ကူညီ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူကဆိုပါတယ်။
စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ဒေသခံသပိတ်ကော်မတီတွေ၊ ဒေသခံပကဖ၊ ပအဖ အဖွဲ့တွေနဲ့ ဒေသခံတွေ ကိုယ်ထူ ကိုယ်ထဟာ လက်ရှိအချိန်မှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။
” ဒီမှာရှိတဲ့အဖွဲ့တွေနဲ့ ပြည်သူတွေပဲ ဝိုင်းဝန်းပြီး လုပ်နေကြတယ်။ လမ်းတွေတောင် အကုန်မပြင်နိုင်သေးဘူး။ အရေးပေါ် လမ်းလောက်ပဲ လုပ်နိုင်သေးတယ် ” လို့ စစ်ကိုင်တိုင်း၊ ကနီမြို့နယ်ထဲမှာအခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောပြချက်အရ မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ်က မြို့နယ်တွေ၊ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က မြို့နယ်တွေမှာလည်း ဒီနေ့အထိ ကူညီကယ်ဆယ်ရေး တစ်ဖွဲ့မှမလာနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ မုန်တိုင်းပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးအတွက် ဒေသခံပရဟိတအသင်းတွေ၊ နိုင်ငံတကာ အဖွဲ့တွေ၊ တခြားဒေသက အဖွဲ့တွေလာရောက်လှူဒါန်းရင် သူတို့အနေနဲ့လက်ခံမှာ ဖြစ်ပေမယ့် ပြန်လည်ထူထောင်ရေးအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာရင်တော့ တိုက်ထုတ်ပစ်မယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့က ဆိုပါတယ်။
“သူတို့က ကူညီဖို့နေနေသာသာ လာရင်မီးရှို့ဖို့ အရင်လာတာ။ သူတို့လာရင် ကျွန်တော်တို့အဖွဲ့တွေက တိုက်မှာပဲ။ အဲဒါပဲပြောချင်တယ်။ စစ်တပ်မဟုတ်တဲ့ ပုံမှန်ပရဟိတအဖွဲ့တွေ လာကူမယ်ဆိုရင်တော့ ကူလို့ရပါတယ်။ ဒါပေမဲ့ သူတို့လည်း လာလို့မလွယ်လောက်ဘူး။ စစ်တပ်ဂိတ်တွေက သွားခွင့်ပေးမယ် မထင်ဘူး။ အစစ်ဆေး ပိုကြပ်ထားတာအခုက။” လို့ စစ်ကိုင်တိုင်း၊ ကနီမြို့နယ်ထဲမှာအခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသခံပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေကို သက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီနဲ့ မြို့နယ်တာဝန်ခံတွေကို ထောက်ပံ့ပေးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်းက ပျက်စီးသွားတဲ့ လမ်းများ
Photo – ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
#Dailynews