ရန်ကုန်- ၂၀၂၃ မေ ၃၁ (မော်ကွန်း)
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် နိုင်ငံတစ်ဝန်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေရှစ်သိန်းထံ အရေးပေါ် စားနပ်ရိက္ခာနှင့်ငွေသား သုံးလစာကိုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ထုတ်ပြန်သည်။
လတ်တလော WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ ၂၃၀,၀၀၀ ကျော်ထံသို့ အသက်ကယ်စားနပ်ရိက္ခာအကူအညီများ ပေးအပ်ပြီးပြီဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြသည်။
အဆိုပါလူဦးရေထဲတွင် မုန်တိုင်းမတိုက်ခတ်မီကပင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်မိသားစုများအပြင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိကျေးရွာများမှ ရိုဟင်ဂျာမိသားစုများပါဝင်သည်ဟု ဆိုသည်။
WFP ၏ စားနပ်ရိက္ခာအထောက်အပံ့များသည် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြသည်။
သို့သော် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကလည်း လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ဒေသအများစုရှိ မုန်းတိုင်းသင့်ပြည်သူတွေထံ အကူအညီ
များ မရောက်သေးဟုဆိုနေကြသည်။
“ အရင်ကတည်းကရှိနေတဲ့ ရှုပ်ထွေးတဲ့အရေးပေါ် အခြေအနေအပေါ်မှာမှ မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေ ထပ်ဆင့်ဖြစ်သွားတဲ့ အနေအထားဖြစ်ပါတယ်။ တိုက်ပွဲရှောင်မိသားစုတွေဆိုရင် မုန်တိုင်းဒဏ်ကနေလွတ်မြောက်လာပေမယ့်လည်း အခုသူတို့မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာဆိုဘာမှမရှိတော့ပါဘူး။ တစ်ပူပေါ် နှစ်ပူဆင့် ပိုလို့တောင် ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်နေကြပါတယ်”ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ဝမ်းရေးဖူလုံမှုမရှိသော လူဦးရေ ၂ ဒဿမ ၁ သန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့်အာဟာရ အကူအညီများကို ယခုနှစ်ကုန်ပိုင်းအထိပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိဖို့ ရံပုံငွေရှာဖွေလျက်ရှိသည်ဟု WFP က ဆိုပါသည်။
အဆိုပါ သန်း ၆၀ တွင် မုန်တိုင်းသင့်သူ ၄၄၀,၀၀၀ ဦးအား ကူညီရန်အတွက် လိုအပ်သော ရန်ပုံငွေ ၂၃ သန်း ပါဝင်သည်ဟုဆိုသည်။ နောက်ထပ် ရန်ပုံငွေများ ထပ်မံမရရှိပါက WFP ၏ အသက်ကယ်ဆယ်ရေး အစီအစဥ်များသည် ၂၀၂၃ ဩဂုတ်မှစတင်၍ ပြတ်တောက်မှုများနှင့် ကြုံတွေ့ရမည်ဟုလည်း သတိပေးထားသည်။
WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများပြုလုပ်ခဲ့သည့်မှတ်တမ်းများအရ မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာဒေသများအတွက် အဓိကအလိုအပ်ဆုံးအရာများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအခက်အခဲတို့ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများသည် ယခုလက်ရှိကာလအတွက်သာမက ရေရှည်အတွက်ပါ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မည်ဖြစ်ပြီး ပင်လယ်ရေငံဝင်ရောက်မှုကြောင့် လယ်မြေများနှင့် ငါးကန်များပျက်စီးခဲ့၍ စပါးမျိုးစေ့များနှင့် တိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#Dailynews

