ရန်ကုန်-၂၀၂၃ မေ ၁၅ (မော်ကွန်း)
ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ” ကြောင့် ချင်းပြည်နယ်အတွင်းမှာ ထိခိုက်ပျက်စီးမှုတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ခံထားရတာကြောင့် ပျက်စီးဆုံးရှံးထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ စစ်ကောင်စီကို တော်လှန်နေတဲ့ CDF – ကန်ပက်လက်က တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောပါတယ်။
“ မုန်တိုင်းဝင်ပြီးတော့ ကမ်းရိုးတန်းဖုန်းတွေကစ အကုန်လုံး ဆက်သွယ်မှုပြတ်တောက်သွားတဲ့ အခြေအနေကရှိတယ်။ မြို့အနီးနား ကျေးရွာဘက်တွေ ပျက်စီးမှုတွေတော့ ရှိတယ်။ ဒါပေမဲ့ အရေအတွက်နဲ့ ဘယ်လိုမျိုးဟာတွေ ဆုံးရှုံးမှုရှိတယ်ဆိုတာကအစ အသေးစိတ်ကို ကျွန်တော်တို့ မသိနိုင်သေးဘူး။ ကော်မတီကနေ ချိတ်ဆက် ဆောင်ရွက်နေတာတော့ ရှိတယ်။ ဒါပေမဲ့ တိတိကျကျ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်ပြီးတော်လှန်ရေးလုပ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်ရှစ်ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာဖြစ်ပြီး ယခုလိုသဘာဝဘေးအန္တရာယ်ကျရောက်နေချိန်မှာ ကယ်ဆယ်ရေးဆောင်ရွက်တဲ့အခါ ဆက်သွယ်ရေးပိုင်းအခက်အခဲဖြစ်ရတယ်လို့ မြေပြင်မှာ ကူညီရေးဆောင်ရွက်ပေးနေ သူတချို့က ပြောပါတယ်။
ပြည်နယ်မြို့တော် ဟားခါးကလွဲလို့ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ထန်တလန်၊ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ် တွေကို စစ်ကောင်စီက အင်တာနက်ဖြတ်ထားတာပါ။
ကန်ပက်လက်မြို့နယ်မှာတော့ ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေကို ဆောင်ရွက်နိုင်ဖို့ အရေးပေါ်တုံ့ပြန်မှုကော်မတီ (Kenpetlet Township Emergency Response Committee) ကို ဖွဲ့စည်းထားပြီး လက်ရှိအချိန်မှာတော့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို စာရင်းပြုစုနေတယ်လို့ ဆလိုင်းထွန်းလင်းထန်းကဆိုပါ
တယ်။
ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီမြို့နယ်ထဲမှာဆိုရင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတာ၊ ဆုံးရှုံးရတာတွေ ရှိတယ်လို့ ကြားပေမယ့် ဆုံးရှုံးမှုပမာဏကို အတည်မပြုနိုင်ဘူးလို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သူကပြောပါတယ်။
မော်ကွန်းသတင်းဌာနအနေနဲ့ ချင်းပြည်နယ်က သတင်းရင်းမြစ်တွေကို ဆက်သွယ်ကြည့်တဲ့အခါမှာလည်း ဆက်သွယ်ရေးပြတ်တောက်နေပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသအတွင်း တည်ရှိပြီး အားကောင်းတဲ့ ဒီမုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်က မြို့ရွာတွေအပါအဝင် ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ထိခိုက်ပျက်စီးစေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခအဖွဲ့ WFP က ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်းကြောင့် ထိခိုက်မယ့် ဒေသတွေကို အကူအညီပေးဖို့ အသင့်ပြင်ထားတယ်လို့ ထုတ်ပြန်ထားသလို နိုင်ငံတကာ ကြက်ခြေနီနဲ့လခြမ်းနီအဖွဲ့ တွေကလည်း မုန်တိုင်းကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့တွေကို ပေးပို့ပေးထားတယ်လို့ သတင်းတွေထုတ်ပြန်ထားပါတယ်။
ဒီနေ့ နေ့လယ်အထိ မြေပြင်အကူအညီပေးရေးအဖွဲ့တချို့ရဲ့ ပြောကြားချက်အရ ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းကြောင့် လူကိုးဦးအထိ သေဆုံးခဲ့ပြီး အခြေခံအဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေတချို့လည်း ပြတ်တောက်ကုန် တယ်လို့ ပြောပါတယ်။
ပုံစာ – ဆိုက်ကလုန်းမိုခါ စစ်တွေမြို့ကိုဖြတ်ကျော်ဝင်ရောက်စဉ်
Photo -K Kaung San
#Dailynews

