ရန်ကုန်-၂၀၂၃ မေ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကပိုင်စံပြကျေးရွာအနီးမှာ မိုခါမုန်တိုင်းအရှိန်နဲ့မိုးများပြီး ရေတိုက်စားလို့ ပျက်နေတဲ့လမ်းပြင်နေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီလေတပ်က ဒီကနေ့ နေ့လယ် ၂နာရီဝန်းကျင်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ – ခရိုင်တပ်ရင်းအမှတ် ၃၆ က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“လူတွေကတော့ တစ်ဦးတစ်ယောက်မှဒဏ်ရာရတာတို့ ကျဆုံးတာတို့တော့မရှိဘူးဗျ။ ပြည်သူပိုင် မြေသယ်ကားတစ်စီးကတော့ လုံးလုံးပျက်သွားတယ်။ ကြေမွသွားတာပေါ့။ ရွာထဲတော့မပစ်ဘူး။အကြောင်းမဲ့ လေယာဉ်နဲ့လာပြီးပစ်တာ။ ဂျက်ဖိုက်တာနဲ့ပစ်တာ”လို့ သူကပြောပါတယ်။
လူအထိခိုက်မရှိပေမယ့် ဗုံးကြဲသွားတဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံးရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။
ကပိုင်ကျေးရွာဟာ ယင်းမာပင်မြို့နယ်ရဲ့ အနောက်ဘက် ကနီနဲ့ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်ကလည်း စစ်ကောင်စီတပ်တွေ လာရောက်မီးရှို့လို့ အိမ်ခြေ ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။
အခုလ ၁၇ ရက်ကလည်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချောင်းမအနောက်ရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတစ်ခုနဲ့ လူနေအိမ်သုံးလုံးပျက်စီးခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ်ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၄၂၇ ကြိမ်ရှိခဲ့ပြီး ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ ၂၉၅ ကြိမ်အထိတိုက်ခိုက်ခံထားရတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က အခုလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ-အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်လေယာဉ်များကိုကြည့်ရှုနေပုံ
Photo – cincds
#Dailynews

