Photo – Dr. Soe Khine
မြန်မာနိုင်ငံရဲ့ မီးဖိုချောင်တွေမှာ နှစ် ၆ဝ ကျော် မရှိမဖြစ်၊ မပါ မဖြစ် သုံးစွဲလာတဲ့ ‘ အချိုမှုန့် ’ ဆိုတဲ့ ဟင်းခတ်အရသာဖြည့် ဓာတုပစ္စည်းတစ်မျိုးဟာ နိုင်ငံတကာမှာတော့ MSG (Monosodium Glutamate) လို့ သိထားကြပြီး Kiknnae Gkeda ဆိုသူ ဂျပန်သိပ္ပံပညာရှင် ဓာတုဗေဒပါမောက္ခတစ်ယောက်က ၁၉ဝ၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စတင်တွေ့ရှိတဲ့ ရေညှိကို ဓာတုဗေဒနည်းပညာနဲ့ စီမံလိုက်တဲ့အခါ Umami ဆိုတဲ့ အရသာတစ်မျိုး ပေးတဲ့ ဟင်းခတ်အရသာဖြည့်မှုန့် Food Additive, Flavour Enhancer ဖြစ်လာပြီး အဲဒါကို ထပ်ပြီးအသေးစိတ် ဓာတ်ခွဲနည်းစနစ်နဲ့ အဆင့်မြှင့်လိုက်တဲ့အခါ MSG ဖြစ်လာပါတယ်။ MSG ကို ဖြန့်ချိရောင်းချဖို့ ကုန်အမှတ်တံဆိပ်အဖြစ် Ajinomoto လို့ အမည်ပေးလိုက်ပြီး ကုမ္ပဏီတည်ထောင်ကာ ထုတ်လုပ်ဖြန့်ချိ ရောင်းချလိုက်တဲ့အခါ တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ အားပေးသုံးစွဲကြတာကြောင့် တီထွင်သူ ဂျပန်ပါမောက္ခကြီးလည်း သန်းကြွယ်သူဌေး ဖြစ်သွားပါတော့တယ်။
၁၉၆၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက ဒေါက်တာဟိုမင်ကွက် (Dr. Homin Kwek) ဆိုသူ ဆရာဝန်တစ်ယောက်က တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ တောင်ပိုင်းတရုတ်ဟင်းလျာတစ်ခု စားပြီးတဲ့နောက် ခေါင်းမူးတာ၊ ဇက်ကြောတင်းတာ၊ ရင်တုန်တာ၊ လက်ချောင်းနဲ့ ကြောပြင်ပခုံးမှာ ထုံကျဉ်တဲ့ ဝေဒနာခံစားရတာကို အမေရိကန်ဆေးပညာဂျာနယ်မှာ ဆောင်းပါး ရေးသားဖော်ပြလိုက်တဲ့အခါ တရုတ်စားသောက်ဆိုင်ရောဂါ လက္ခဏာ (Chinese Restaurant Syndrome) ဆိုပြီး ဟိုးဟိုးကျော်သွားရာက MSG ခေါ် အချိုမှုန့်အပေါ် စူးစမ်းလေ့လာမှုနဲ့ တစ်ပြိုင်တည်း ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရှောင်ကြဉ်ဖို့ တိုက်တွန်းမှုတွေ စုပြုံဖြစ်ပေါ်လာရာမှာ ရှောင်ကြဉ်ဖို့၊ မစားသုံးဖို့ အယူအဆက လွှမ်းမိုးသွားပါတော့တယ်။ တကယ်တော့ နောက်ပိုင်းမှာ ဒေါက်တာဟိုက သူ ခံစားလိုက်ရတဲ့ ဝေဒနာလက္ခဏာတွေဟာ အချိုမှုန့် MSG ကြောင့် ဖြစ်ရပါတယ်လို့ အတိအကျ မပြောနိုင်ကြောင်း ထပ်မံရှင်းလင်းခဲ့ပေမယ့် မူလပျံ့နှံ့ပြီး အယူအဆဖြစ်တဲ့ MSG ဟာ အန္တရာယ်ရှိတာကြောင့် ရှောင်ကြဉ်ကြဖို့ သတိပေးလှုံ့ဆော်ချက်တွေကို မကျော်လွှားနိုင်တော့ပါဘူး။
၁၉၉၈ ခုနှစ်မှာ မြန်မာနှင့် ထိုင်းနယ်စပ်တင်းမှုတွေ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံအတွင်းကို နှစ်ပေါင်းများစွာ တရားမဝင် တင်သွင်းနေပြီး ဈေးကွက်ဝေစု အမြောက်အမြား ကြီးမားစွာ ရရှိထားပြီးဖြစ်တဲ့ အချိုမှုန့် (MSG)နဲ့ ကျွဲရိုင်း (Red Bull) အားဖြည့်အချိုရည်ကို အန္တရာယ်ရှိကြောင်းနဲ့ မစားကြ၊ မသောက်ကြဖို့ ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုတွေကနေ ထုတ်လွှင့်ဟောပြော တားမြစ်ခဲ့သလို အဲဒီတုန်းက တန်ခိုးလက်ရုံး ဘုန်းမီးနေလ တောက်ပခဲ့တဲ့ စစ်ထောက်လှမ်းရေးမှူးချုပ်ရဲ့ မြေတောင်မြှောက် ချီးမြှင့်အားပေးမှုနဲ့ သင်ကြားရေးပါရဂူဘွဲ့ရ သမိုင်းစာရေးဆရာမကြီးတစ်ယောက်ကလည်း ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံသားနဲ့ အချိုမှုန့် မကောင်းကြောင်းတွေ မိုးမွှန်အောင် ဆောင်းပါးအခန်းဆက်ကြီးတွေ ရေးသားပါတော့တယ်။ ရေးသားသမျှကိုလည်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အလွှာစုံ၊ ကဏ္ဍစုံကနေ အချိုမှုန့်ဟာ ‘မီးဖိုချောင်က လူသတ်သမား’လို့ အမည်တပ်ပြီး ရှောင်ကြဉ်ကြဖို့၊ မစားသုံးကြဖို့ တစ်မိုးလုံးဖျောက်ဆိပ် ရေးသားဟောပြော လာကြပါတော့တယ်။ ထို့အတူ တရားမဝင် ကုန်စည်တင်သွင်းမှုတွေကို စစ်ဆေးဖမ်းဆီးရာ ဂိတ်စခန်းတွေ အားလုံးမှာလည်း အချိုမှုန့်တွေ ဖမ်းဆီးမိကြောင်း၊ ဖျက်ဆီးစွန့်ပစ်လိုက်ကြောင်း သတင်းတွေ မကြာခဏ ဖတ်ရပါတော့တယ်။ ဒါပေမဲ့ မြန်မာအိမ်ရှင်မတွေနဲ့ စားသောက်ဆိုင်တွေရဲ့ မီးဖိုချောင်တွေအပြင် သရေစာမုန့်မျိုးစုံ အကြော်အလှော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာတော့ အချိုမှုန့်ဟာ ပန်းပန်လျက်ပါ၊ ချီတက်ဆဲပါပဲ။
၂ဝ၁၇ စက်တင်ဘာလ ၂ဝ ရက်ထုတ် ကြေးမုံ သတင်းစာမှာတော့ အားလုံးတုန်လှုပ်ချောက်ချား ပက်လက်လန်သွားစေတဲ့ သတင်းတစ်ပုဒ် ဖော်ပြပါရှိလာပါတော့တယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ဖို့ ကြိုးပမ်းနေတဲ့ ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်တဲ့အာဂျီနိုမိုတိုစားသောက်ကုန်လုပ်ငန်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံပြီး ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ ဟင်းခတ်မှုန့်တွေကို ပြန်လည်ထုပ်ပိုး (Repacking) လုပ်ပြီး အာဂျီနိုမိုတိုတံဆိပ်အိတ်ခွံတွေနဲ့ မြန်မာ့ဈေးကွက်အတွင်း ဖြန့်ချိမည်ဖြစ်ကြောင်းနဲ့ အဲဒီ ပြန်လည်ထုပ်ပိုးစက်ရုံကို ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ စက်တင်ဘာ ၁၉ ရက်၊ ၂ဝ၁၇က ဖွင့်လှစ်လိုက်ကြောင်း သတင်းဖြစ်ပါတယ်။
ပုဂ္ဂလိက သတင်းစာတစ်စောင်ဖြစ်တဲ့ ‘စံတော်ချိန်’ မှာတော့ အဲဒီ ပြန်လည်ထုပ်ပိုးဖြန့်ချိမယ့် လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး မြန်မာ့စားသောက်ကုန်နှင့် ဆေးဝါးကြီးကြပ်မှုဌာန (FDA) ကလည်း စားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက် ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ကဲ…မှတ်ပလား၊ အချိုမှုန့်ဆန့်ကျင်ရေးတပ်ပေါင်းစုမှ ဆရာတို့။
တကယ်တော့ အချိုမှုန့်ကို မြန်မာနိုင်ငံမှာ နအဖအစိုးရ လက်ထက်မတိုင်မီ မဆလ အုပ်ချုပ်မှုလက်ထက်ကတည်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ စက်ရုံတည်ထောင်ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ပြီး ကုန်ကြမ်းအတွက် ပီလောပီနံ (Tapioca) စိုက်ခင်းကြီး ကိုလည်း အမှတ် ၁ စက်မှုဝန်ကြီးဌာနက အစဉ်တစိုက် တည်ထောင်လာပြီးမှ ရုတ်တရက် ရပ်တန့်ပိတ်သိမ်းသွားတာ ဖြစ်ပါတယ်။ စက်မှု ၁ ကပဲ ဆွမ်းအုပ်အချိုမှုန့်ဆိုပြီးတောင် ရောင်းပါတယ်။ ၂ဝဝဝ လောက်ကလည်း မင်္ဂလာဒုံ အမှတ် ၃ လမ်းမကြီးပေါ်မှာ ရှိတဲ့ ဂျပန်စက်မှုဇုန်လို့ အမည်တွင်ခဲ့တဲ့ MIDC မှာ စက်ရုံတည်ဆောက်ခဲ့ပြီး Ajinomoto အမှတ်တံဆိပ်ကို ထင်းထင်းကြီး ဖော်ပြထားရာကနေ ဘုမသိ ဘမသိ ပျောက်ကွယ်သွားခဲ့ပါတယ်။ အခု ၂ဝ၁၇ သီလဝါစက်မှုဇုန်မှာ ပြန်ပေါ်လာတဲ့ အာဂျီနိုမိုတို ထုပ်ပိုးစက်ရုံအပေါ်မှာ အစိုးရစားသုံးသူကာကွယ်ရေးဌာနအနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးတာတော့ မတွေ့ရသေးပါဘူး။ ကာကွယ်စရာ မလိုဘူးလို့ ယူဆထားလို့လား၊ ဒါဆိုရင် အချိုမှုန့် ဆိုတာဟာ မီးဖိုချောင်ထဲက သေမင်းတမန် မဟုတ်တော့ဘဲ မီးဖိုချောင်ထဲကမိတ်ဆွေဖြစ်သွားပြီလား။ ဘာကိုနားလည်ရမှာလဲနော်။
အဲဒီ သီလဝါစက်မှုဇုန်က အချိုမှုန့် ထွက်လာရင် Made in Myanmar မဟုတ်ဘဲ Pack in Myanmar ဖြစ်နေတာကြောင့် ခွင့်ပြုမိန့်ပေးတဲ့ အဖွဲ့အစည်းမှာ တာဝန်ကင်းပါတယ်။ နယ်စပ်လမ်းကြောင်းတွေကနေ သယ်ဆောင်လာစရာ မလိုတော့တဲ့အတွက် ဂိတ်ကနေ စောင့်ဖမ်းမယ့်သူတွေကို သနားမိတာတော့ အမှန်ပါပဲ။ MIC က တရားဝင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ပေးထားပြီး FDA ကလည်း စားသုံးရန်သင့်လျော်ကြောင်း ထောက်ခံချက် ပေးထားတာကြောင့် ဈေးထဲမှာ ရဲရဲဝံ့ဝံ့ တင်ရောင်းနိုင်သလို အရင်စက်ရုံတွေလို ရုတ်တရက် ဘာကြောင့်မှန်းမသိ ပိတ်သွားမှာလည်း မစိုးရိမ်ရတဲ့အတွက် ဒီလောက်ကြီးမားတဲ့ ပြည်တွင်းဈေးကွက်ရှိတဲ့ ကုန်ပစ္စည်းကို လက်လီလက်ကား စိတ်ချလက်ချ အလုအယက် ရောင်းဝယ်ဖြန့်ချိကြတော့မှာ ဖြစ်ပါကြောင်း Ajino to Bravo လို့ ကြွေးကြော်လိုက်ပါရစေ။ ခုတစ်မျိုး တော်တော်ကြာတစ်မျိုးဆိုတာ အဲဒါပါပဲ။ ။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ သုံးသပ်ချက် ဖြစ်ပါသည်။
ဒေါက်တာ စိုးခိုင် ရေးသည်။