သံဖြူဇရပ် – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ မိုးရွာသွန်းမှုလာတာကြောင့် ဆားကန်နဲ့ သိုလှောင်ဂိုဒေါင်တွေ ရေမြုပ်နေတယ်လို့ ပငကျေးရွာနေလူငယ်တစ်ဦးကပြောတယ်။
မိုးရွာသွန်းတဲ့အရှိန်ကြောင့် ရေကြီးပြီး ပငရွာအနိမ့်ပိုင်းနေရာတွေမှာ နေအိမ်အထိ ရေစတင် ဝင်ရောက်တဲ့အပြင် ပငရွာနဲ့ ဂရုပ္ပိအကြားလမ်းမပေါ်မှာလည်း ရေကျော်နေတုန်းပဲလို့ သူကပြောပါတယ်။
“ဆားကန်တွေလည်း ရေမြုပ်ကုန်ပြီ၊ မိုးဆက်တိုက် ထပ်ရွာရင်၊ ဆားလုပ်ငန်းရှင်များ အရမ်းစိုးရိမ်ရမှာ။ စိုက်ပျိုးရေးတွေ လယ်တွေရေမြုပ်နေပါတယ်၊ လမ်းမပေါ် ရေကျော်တက်နေလို့ ဆိုင်ကယ်၊ ကား၊ သွားလာလို့မရဘူး၊ တစ်ရွာနဲ့တစ်ရွာ သွားလာဖို့ အခက်အခဲရှိတယ်။ အရင်နှစ်တွေကလည်း မြုပ်တယ်၊ ဒါပေမယ့် ရေအတက်အကျမြန်တယ်၊ ဒီနှစ်တော့ ရေဆင်းဖို့နှေးတယ်”လို့ ပငကျေးရွာသားကပြောပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဆားအများဆုံးထုတ်လုပ်နေတဲ့ ပငကျေးရွာအုပ်စုနဲ့ ဂရုပ္ပိကျေးရွာအုပ်စုမှာ ဂိုဒေါင်ပေါင်း ၄၇ လုံး ရှိပါတယ်။
ဒီရွာတွေဟာ ဆားထုတ်လုပ်ရေးကို အဓိက လုပ်ကိုင်ကြတဲ့နေရာတွေဖြစ်ပြီး ဒီဒေသကထွက်တဲ့ ဆားတွေကို မြန်မာနိုင်ငံအနှံပို့ဆောင်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ်မြို့နယ်အတွင်း ဆားများပျက်စီးဆုံးရှံးရမှာကို စိုးရိမ်ရတာအပြင် အခြားလုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ခင်းတွေလည်း ပျက်စီးလာမယ့်အနေအထားကို တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့ နံနက်ပိုင်းမှာ ပငကျေးရွာနဲ့ ကရုပ္ပိကျေးရွာ လမ်းပေါ် တစ်မိုင်နီးပါး ရေမြုပ်နေတယ်လို့ ပင ပရဟိတလူငယ်အသင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
အခုလ ၁၈ ရက်ကနေ ၂၂ ရက်အတွင်း မိုးရွာသွန်းမှု ပိုများလာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ ခန့်မှန်းတိုင်းတာရေး မိုဒယ်တွေက ကနဦးခန့်မှန်းခဲ့ပေမယ့် ထိုင်ဝမ်နိုင်ငံကို ဝင်ရောက်နေတဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်နဲ့အတူ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုန်လေဟာ အားပိုကောင်းလာတာကြောင့် နောက်ထပ် အနည်းဆုံး သုံးရက်လောက်ထိ မိုးကောင်းနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးတကြောမှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး မြစ်ရေ၊ ချောင်းရေတွေလည်း စိုးရိမ်ရေအမှတ်အထက် တစ်နေ့ထက်တစ်နေ့ကျော်လွန်လာတာကို တွေ့ရပါတယ်။
ပုံစာ – မနေ့ကမြင်တွေ့ရတဲ့ သံဖြူဇရပ်မြို့နယ် ပင နှင့် ကရုပ္ပိလမ်းမြင်ကွင်း
ဓါတ်ပုံ – ပငပရဟိတလူငယ်အသင်း
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

