ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၄ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ဒေသခံတွေပြန်လည်ဝင်ရောက်လာဖို့ နှိုးဆော်အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
အထူးသဖြင့် မိုးဗြဲမြို့ပေါ်ကနေ ရှမ်းတောင်ပိုင်းက ကျေးရွာတချို့ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင်တွေကို ပအိုဝ်းပြည်သူ့စစ် (PNA) ရဲ့ အကူအညီနဲ့ နေရပ်ပြန်လာဖို့ နှိုးဆော်အသိပေးနေတာတွေ၊ အတင်းအကျပ် နေရပ်ပြန်ပို့တာတွေရှိလာတယ်လို့ မိုးဗြဲစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့ပြီး ဒီလဆန်း ၂ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ စစ်ကောင်စီတပ်ဟာ ကရင်နီတော်လှန်ရေး မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ပြည်ထောင်စုလမ်းကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကတော့ ဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းမှာ ဒေသခံပြည်သူတွေ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီလို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
လက်ရှိမှာတော့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာတာ ရှိနေပေမယ့် မိုးဗြဲမြို့ ပုံမှန်အတိုင်း လည်ပတ်နိုင်တာမျိုးမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေစရာမရှိ သွားစရာမရှိတော့တဲ့သူတွေကတော့ ပြန်ရမှာပဲလေ။ သာမန်ပြည်သူတွေလောက်ပဲ ပြန်နေတာရှိတယ်။ အဓိကတော့ မြို့ပေါ်မှာ ဈေးတွေ၊ ဆိုင်တွေမဖွင့်သေးတော့ ပြန်ရင်ဘာလုပ်ရမလဲဆိုတာ အခက်အခဲတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ရှမ်းတောင်နဲ့ ကရင်နီဆက်သွယ်တဲ့ ပြည်ထောင်စုလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ရှင်းလင်းပြီးဖြစ်တယ်ဆိုတာကို ဝါဒဖြန့်နိုင်ဖို့ အဆောတလျင် ကြိုးပမ်းလာတယ်လို့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
၎င်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကားတွေအပြင် ကုန်တင်ယာဉ်တွေနဲ့ ဌာနဆိုင်ရာယာဉ်တွေ သွားလာမှုတွေရှိနေပြီး ဒီလမ်းပိုင်းကိုအသုံးပြုကာ ကရင်နီမြို့တော် လွိုင်ကော်ထိ ကုန်စည်တွေ ပို့ဆောင်တာတွေ ရှိလာတယ်လို့ မိုးဗြဲဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲကို ထိန်းချုပ်လိုက်တဲ့အပြင် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးရှင်းလင်းနေပြီး အဲဒီက တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဒါ့အပြင် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ စစ်ဘေးရှောင်တွေလည်းပိတ်မိနေပြီး ဒီးမော့ဆိုဘက်ကို ထပ်မံရွှေ့ပြောင်းသွားသူတွေလည်း ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းမှာ မိုးဗြဲ၊ ဖယ်ခုံနဲ့ လွိုင်ကော် PDF တပ်ရင်းတွေ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာပါ။
ပုံစာ – စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ထားတဲ့ ပင်လောင်း-လွိုင်ကော်လမ်းပိုင်းတစ်နေရာ
ဓါတ်ပုံ – စစ်ကောင်စီ

