မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတဲ့အတွက် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်နေသူတချို့နဲ့ ရပ်ကွက်နေထိုင်သူတချို့က ပြောပါတယ်။
မနေ့ည ၈း၃၀ နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်က ငါးပတ်တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် အရပ်သား ၂၀ ဦးရဲ့ ရုပ်အလောင်းတွေကို အတည်ပြုထားနိုင်ပြီလို့ မြေပြင်ကယ်ဆယ်ရှာဖွေနေသူတချို့က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
စစ်ကောင်စီလေတပ်က ငါးပတ်တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းတစ်ဝိုက်က လူနေရပ်ကွက်တွေပေါ်ကို ပေါင် ၂၅၀ ဗုံး နှစ်လုံးချခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က တစ်နေကုန် မြို့ပေါ်မှာ လေယာဉ်ပျံဝဲပြီးနောက် ညဘက်မှာ အဲဒီ နေရာတွေကို ဗုံးကြဲချသွားတာလို့ အနီးအနား နေထိုင်သူတစ်ဦးက မနေ့က ညပိုင်းမှာ ပြောပါတယ်။
” ငါးပတ်တောင်ထိပ်မှာ အိမ်တွေက စိပ်တယ်၊ နေအိမ် ခြောက်အိမ် ရှိတာ၊ ခြောက်အိမ်လုံး တစစီ ဖြစ်သွားတယ်၊ မိသားစု ငါးစု သေဆုံးသွားတာ၊ လူတွေလည်း အသားတွေ တစစီဖြစ်နေတာကြောင့် ရှင်းလင်းရေးလုပ်နေရတယ် ” လို့ ဗုံးကြဲခံရတဲ့ အနီးမှာ နေထိုင်သူတစ်ဦးက ဒီနေ့လယ်မှာ ပြောပါတယ်။
မနေ့ကညပိုင်း ကနဦး သတင်းထုတ်ပြန်ချက်တွေမှာ သေဆုံးသူ ရှစ်ဦးလို့ အတည်ပြုနိုင်ရာကနေ ဒီနေ့မနက်ပိုင်းမှာ တစ်စစီ ပြန့်ကျဲနေတဲ့ အလောင်းတွေကို တွေ့ပြီး ပိုတိုးလာတာ ဖြစ်ပါတယ်။
ဒီလေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၅ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မြေပြင်ရှာဖွေ ကယ်ဆယ်နေသူတစ်ဦးက အတည်ပြုပါတယ်။
မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) ကတော့ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးစာရင်းအဖြစ် သေသူ ရှစ်ဦးနဲ့ ဒဏ်ရာ ရသူ ခုနှစ်ဦး ရှိတယ်လို့ ဒီမနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒါပေမဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ကတော့ မိုးကုတ်ကို စစ်ကောင်စီဗုံးကြဲတာကြောင့် ၂၀ သေဆုံးပြီး ငါးဦး ဒဏ်ရာ ရခဲ့တယ်လို့ အမည်နဲ့တကွ ဒီနေ့လယ်ပိုင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီနေအထိ မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးထားရပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ TWO က ဖော်ပြပါတယ်။
ပဋိပက္ခကို စောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar အဖွဲ့ကတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းကနေ ပြီးခဲ့တဲ့ မေလဝက် အထိ နိုင်ငံတစ်ဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အကြိမ် ၈၀ ထက်မနည်း ဖြစ်ပွားထားပြီး အရပ်သား ၁,၆၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ – ဒီနေ့စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့မြင်ကွင်း
ဓါတ်ပုံ – မိုးကုတ်မြို့မှကြိုဆိုပါ၏

