မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကန့ မနက် ၆:၀၀ နာရီဝန်းကျင် အုန်းကိုင်းရပ်ကွက်က လူနေအိမ်ပေါ်ကျောက်တောင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတွေဆီက သိရပါတယ်။
” ပြိုကျတဲ့ ခဲက အိမ်ထက်ကြီးတယ်။ ပြိုကျတဲ့အသံကလဲ အကျယ်ကြီးပဲ။ ကျောက်တောင်မပြိုခင် သစ်ပင်အရင်လဲတာ အဲ့နောက် ပြိုကျတာ။
အိမ်တောင်ပြားသွားတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသူဟာ ကျောက်တောင်ပြိုကျတဲ့အခါ ပိမိနေတာကြောင့် အချိန်အတော်ကြာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်အနေအထားနဲ့ တွေ့ရှိခဲ့တာလို့ ကယ်ဆယ်ရေးသမားတစ်ဦးကပြောပါတယ်။
ကျောက်တောင်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိထားပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဒေသခံက ဆိုပါတယ်။
မိုးကုတ်မြို့မှာ ဒီလို မြေပြိုမှု ၊ တောင်ပြိုမှုတွေ မကြာခဏ ဖြစ်ပွါးလာပြီး သေဆုံးသူတွေလည်း ရှိလာနေပါတယ်။
ပုံစာ – ကျောက်တောင်ပြိုကျမှုမြင်ကွင်း။
ဓာတ်ပုံ – Supplied
#Dailynews

