မိုးကုတ်- ၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို မနေ့ကမနက်ပိုင်း စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦးအထိ ရှိလာတယ်လို့ အဲဒီက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)က ဒီဗုံးကြဲမှုတွေကြောင့် အရပ်သားသုံးဦး သေခဲ့ရတယ်လို့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပေမယ့် မြို့နယ် ပ.က.ဖ ကတော့ ရှစ်ဦးအထိ ရှိတယ်လို့ မနေ့က ညနက်ပိုင်းမှာ ပြောပါတယ်။
အိမ်ပေါ်ဗုံးတည့်တည့်ကျလို့ တစ်စစီဖြစ်သွားတဲ့ အိမ်က အရပ်သားနှစ်ဦးရဲ့ အလောင်းတွေလည်း ရှာလို့ မတွေ့ဘူးလို့ သူက ဆက်ပြောပါတယ်။
” မင်းတံတား ကားကြီးကွင်းနားက အိမ်ပေါ် ပေါင် ၅၀၀(ဗုံး) တည့်တည့်ကျတာ။ သူတို့က အိပ်နေတာ။ ပတ်ဝန်းကျင်က တော့ သိတယ်ပေါ့။ ဒါပေမယ့် အိမ်လိုက်ကြီးပျောက်သွားတာဆိုတော့ အစအနပါ ရှာမရတာနှစ်ယောက်ရှိတယ်။ (ဒဏ်ရာ) စိုးရိမ်ရတဲ့ အထဲက ဦးခေါင်းထိထားသူက ညနေပိုင်းမှာ ထပ်ဆုံးသွားတယ်။ ဗုံးကြဲခံရပြီး ဆုံးသွားတာက ငါးယောက် ရှိတယ် ” လို့ မိုးကုတ်မြို့နယ် ပကဖက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက လူနေရပ်ကွက်ဖြစ်တဲ့ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက် ၊အရှေ့ရွာရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း အခုလို ထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပြီး ဒဏ်ရာရသူ ၁၈ ဦး ရှိပါတယ်။
ဒီမတိုင်ခင် စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ဒီလအတွင်း လေကြောင်းဗုံးကြဲမှု လေးကြိမ်ပြုလုပ်ထားပြီး ခြောက်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီက ဒီလအတွင်း TNLA ထိန်းချုပ်တဲ့ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ၊နောင်ချို၊ သီပေါ၊ မိုးကုတ် နဲ့ ကွတ်ခိုင်မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဇွန်လတုန်းက တအာင်းတပ်ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီကြောင့် အရပ်သား ငါးဦးသေ၊ ၃၂ ဦးဒဏ်ရာရတဲ့ စာရင်းထက်စာရင် ပိုမိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ပုံစာ – မိုးကုတ်မြို့ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း
ဓါတ်ပုံ – “မိုးကုတ်မြို့မှကြိုဆိုပါ၏”

