မိုးကုတ် – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာ ဒီကနေ့ညနေပိုင်းက ပေါက်ကွဲသံ နှစ်ချက်ဆက်တိုက်ကြားပြီးနောက် အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့ အရှေပိုင်း ဘီးတောင်ရပ်ကွက်၊ ပိတ်စွယ်ရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊အချုပ်ထောင်နဲ့ မင်းတံတားရပ်ကွက်က လျှပ်စစ်ရုံးမှာ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး အနောက်ပိုင်းက ရဲစခန်းနားမှာလည်းပစ်ခတ်သံဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
” နဂါးရုံဘုရားအသစ်နားမှာ ဗုံးနှစ်လုံးအရင်ကွဲတယ်၊ ဗုံးကွဲတဲ့လမ်းတစ်လျှောက်စစ်သားတွေက သေနတ်ကိုခြောက်ပြီးရမ်းပစ်နေတာ၊ ညစျေးကဆိုင်တွေလဲပိတ်ကုန်ပြီ’လို့ မိုးကုတ်အရှေ့ပိုင်းဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့က နေရာအနှံ့နီးပါးမှာပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့်ဒေသခံတွေကစိုးရိမ်နေကြတယ် ပြောပါတယ်။
” စခန်းနားက ပစ်သံကြားတယ်၊ ထွက်မကြည့်ရဲလို့ တော်တော်ကိုပစ်နေတာ၊ ပစ်သံဆက်တိုက် ၁၀ချက်လောက်ကြားပြီးတိတ်သွားတာ”လို့ မိုးကုတ်အနောက်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ခါတော်မှီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က စစ်ကား သုံးစီးနဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မင်းတံတားရပ်ကွက်က ကွက်သစ်တောင်မှာ တပ်စွဲထားတယ်လို့ ဒေသခံကပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က လမ်းတွေပေါ်လိုက်လံစစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

