မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၁ (မော်ကွန်း)
မန္တလေးတိုင်း မိုးကုတ်မြို့ သဒွတ်လျှိုကျေးရွာ နေအိမ်တစ်အိမ်ဟာ မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ငွေအမြောက်အများပါသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ရွှေ ၃၀ ကျပ်သား ၊ ငွေသား သိန်း ၂၀၀ ကျော် ၊ဖုန်း ခြောက်လုံး ၊ ကျောက် ၁၇ ထုပ်ပါသွားတယ်။ လူ ခြောက်ယောက် ခြံဝန်းထဲဝင်လာတာ ခြံဝန်းကလည်း ကျယ်တယ်။ ခါတိုင်းလည်း ကျောက်ပြသူတွေ လာနေကြဆိုတော့ ကျောက်လာပြတယ်လို့ပဲ ထင်ကြတာ နောက်မှဓားပြတိုက်ခံရတာသိရတာ”လို့ သူကဆိုပါတယ်။
လူခြောက်ယောက် နေအိမ်ထဲကို ဝင်လာပြီးနောက် နေအိမ်ထဲမှာရှိတဲ့လူတွေကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ကိုပိတ်ထားကာ အဘွားတစ်ယောက်ကိုတော့ ပစ္စည်းတွေထုတ်ပေးခိုင်းတယ်လို့ ဆိုပါတယ်။
“နေအိမ်မှာကအဖိုးကြီးအဖွားကြီးတွေရှိတယ် ၊ကလေးတွေကောရှိနေတယ် ၊ဓားပြတိုက်တဲ့သူတွေဆီမှာသေနတ်တွေကောပါတယ်၊ မထုတ်ပေးရင် အဖိုးကြီးကိုပစ်သတ်မယ်ဆိုပြီးခြိမ်းခြောက်တော့ ပေးလိုက်ရတယ်”လို့ ဆိုပါတယ်။
ဓါးပြတိုက်ခံရတာဟာ မိုးကုတ်မြို့မှာ ဖြစ်လေ့ဖြစ်ထမရှိတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
#Dailynews

