မိုးကုတ််- ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒဏ်ရာရစစ်သားတွေ မိုးကုတ်က ဆေးရုံတချို့မှာ လာရောက်ကုသနေတာကြောင့် ပြည်သူတချို့ ဆေးရုံဆင်းပေးနေရပါတယ်။
” ဒီတစ်ခေါက်တိုက်ပွဲမှာစစ်သားတွေတော်တော်ထိကြတယ်၊ အရှေ့ပိုင်းဆေးရုံတောင်မဆံ့လို့
အနောက်ပိုင်း ဆေးရုံပါပို့ရတယ်၊ စစ်သားတွေ လာတက်တော့ သိပ်စိုးရိမ်စရာမလိုတဲ့လူနာတွေဆင်းခိုင်းတာ”လို့ ဆေးရုံဆင်းလာရတဲ့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးနဲ့ အနောက်ပိုင်း ကျပ်ပြင်ဆေးရုံတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရစစ်သားတွေကို ပို့ဆောင်ပြီး ကုသနေတာပါ။
မိုးကုတ်မြို့အရှေ့ပိုင်းကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရစစ်သား ၈၀ နီးပါး ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒဏ်ရာရစစ်သားတွေကိူတော့တိတ်တိတ်လေးဆေးရုံလာတင်တာ၊ များတယ်၊ ၈၀လောက်ရှိမယ်၊
သေတာတွေကိုတော့ ဗမွန်ရွာသုသာန်မှာသဂြိုလ်ကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့၊ ကုန်းစံရွာမှာ စက်တင်ဘာ ၁၁ရက်ကစတင်ပြီး အာဏာသိမ်းစစ်တပ်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA ) နဲ့ မိုးကုတ်အခြေပြုတပ်ရင်းများ ပူးပေါင်းတပ်က မိုးလုံးမှိုင်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်မှုဆောင်ရွက်နေတာဖြစ်တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများဆီကသိရပါတယ်။
“မြေပြင်တိုက်ပွဲမှာ စစ်သားတွေ တော်တော်ထိထားပါတယ်၊ သူတို့ထိခိုက်မှုများတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသဖို့တော့အဆင်ပြေပါတယ် ‘လို့ မိုးကုတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ခေါင်းဆောင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
မိုးကုတ်အခြေပြုတပ်ရင်းတွေဘက်ကတော့ လတ်တလောမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးတွေပြုလုပ်နေတာကြောင့် အာဏာသိမ်းစစ်တပ်နဲ့နီးစပ်တဲ့နေရာတွေကနေ ရှောင်ရှားကြဖို့နဲ့ အသွားအလာတွေ ဂရုစိုက်ကြဖို့ အသိပေးထားပါတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်၊ နောင်ချို – မိုးကုတ်တခွင်မှာ ကနောင်စစ်ဆင်ရေးအဖြစ် အာဏာသိမ်းစစ်တပ်ကို ချေမှုန်းနေတဲ့ NUG လက်အောက်ခံ PDF Mandalay ကတော့ ၂၀၂၃ ဇူလိုင် လလယ်ကနေ စက်တင်ဘာ လဆန်းလောက်ထိ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိတွေအပါအဝင် ၈၀ နီးပါးသေဆုံးထားကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ အခုလ ၁၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews