မိုးကုတ် – ၂၀၂၄ ဇူလိုင်် ၉ (မော်ကွန်း)
သီတင်းနှစ်ပတ်ကျော်ဖြစ်လာတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်စပြုလာပြီး အခြေခံလူတန်းစားတွေ စားနပ်ရိက္ခာလိုအပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့မှာ တိုက်ပွဲ ဖြစ်နေချိန်အတွင်း မြို့အဝင်အထွက်လမ်းတွေပိတ်ထားတာကြောင့် ကုန်စီးဆင်းမှုမရှိသလို မြို့တွင်းရှိတဲ့ကုန်ပစ္စည်းတွေလည်း ရောင်းကုန်သလောက်ရှိနေပြီး စားနပ်ရိက္ခာတွေ ဝယ်ယူရပိုခက်ခဲလာတယ်လို့ မိုးကုတ်မြို့အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
” ဆန်ဆိုရင် တစ်မြို့လုံးပတ်ဝယ်တာတောင်မရဘူး၊ အိမ်စားဖို့လည်းမိသားစု သုံးယောက် ဆန်ပိုင်းတဝက်(ဆန်အိတ်တစ်ဝက်)ပဲကျန်တယ်၊ဘယ်မှာမှရှာဝယ်လို့မရဘူး၊ ရက်ကြာလာရင် ငတ်မှာပဲ၊ ဆီတွေလည်းဝယ်ရခက်တယ်၊ ပိုက်ဆံရှိရင်တောင် ဘာမှကိုဝယ်လို့မရတော့ဘူး”လို့ သူကပြောပါတယ်။
မိုးကုတ်မြို့မှာ ဆန်၊ ဆီနဲ့အခြေခံစားသောက်ကုန်တွေ စျေးပိုတက်လာတဲ့အပြင် ဝင်ငွေပုံမှန်မရရှိတဲ့ အခြေခံလူတန်းစားတွေ စားနပ်ရိက္ခာခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အလုပ်ကလည်းမသွားရဘူး၊ အိမ်မှာရှိတဲ့ထမင်းရယ်၊ အခြောက်ခြမ်းရယ်ပဲစားနေရတယ်၊ အလှူရှင်တွေလည်းဝယ်မရတော့မလှူနိုင်ဘူး၊ ဒီထပ်ရက်ကြာလာရင် ကျွန်တော်တို့လည်းငတ်ပြီ”လို့ ပန်းရံလုပ်ကိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။
မိုးကုတ် မြို့အနောက်ပိုင်းမှာ ဇွန်၂၅ရက်ကစလို့ အာဏာသိမ်းစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ပူးပေါင်းတပ်တို့ တိုက်ပွဲဲဖြစ်နေဖြစ်ပြီး မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာကြောင့် ဒေသခံတွေရဲ့ အလုပ်အကိုင်၊ သွားလာမှုတွေ ပုံမှန်မလည်ပတ်နိုင်သေးပါဘူး။
လက်ရှိမှာ မိုးကုတ်အပြင် မိုးမိတ်နယ်နဲ့ မိုးကုတ်-မန္တလေးလမ်းပေါ်က မတ္တရာနယ်တွေထဲမှာလည်း TNLA နဲ့ ပူးပေါင်းထားတဲ့ MDY-PDF အဖွဲ့တွေက အာဏာသိမ်းစစ်တပ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
ပုံစာ – လက်ရှိ မိုးကုတ်မြို့တွင်းတစ်နေရာ
ဓါတ်ပုံ – Mawkun Magazine

