ရန်ကုန် – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း)
ဒီနေ့မနက်ပိုင်းက မိုးကုတ်မြို့အနောက်ပိုင်းကနေ စစ်ဘေးရှောင်ကားအစီး ၁၀၀ ခန့် ထပ်မံဆင်းလာခဲ့ပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲတွေကြောင့် လမ်းပိတ်နေဆဲဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အပိုင်းအလိုက်စိုးမိုးထားတဲ့ မိုးကုတ်မြို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းတည်းက မြို့ကထွက်ခွာခဲ့ကြပေမယ့် လမ်းတစ်လျှောက်တိုက်ပွဲတွေကြောင့် ကားလမ်းတွေပေါ်မှာပဲ ပိတ်မိနေတာ သီတင်းတစ်ပတ်ကျော်ရှိနေပါပြီ။
ဒီလိုလမ်းပိတ်နေတာသိပေမယ့် မနေ့ကညပိုင်းကစပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်းက ဒေသခံအများအပြား ထပ်မံပြီးမြို့ကနေထွက်ခွာလာတာလို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက မြို့ကိုစွန့်ခွာပြီး စစ်ရှောင်ခဲ့တဲ့စစ်ရှောင်တွေဟာ သပိတ်ကျဉ်းမြို့အနီးမှာ ပိတ်မိနေတာ သီတင်းတစ်ပတ်ကျော်ထိရှိနေပြီး လက်ရှိမှာ နောက်ထပ်စစ်ဘေးရှောင်ကားတန်းတွေ ထပ်မံရောက်လာတာပါ။
မနေ့ညပိုင်းက မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး လူနေအိမ်တချို့ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
မြို့ကစွန့်ခွာလာတဲ့ ဒေသခံတွေဟာ သပိတ်ကျဉ်းမြို့နယ်အရောက်မှာတော့ တိုက်ပွဲတွေကြောင့် ရှေ့ဆက်သွားမရဘဲ ပိတ်မိနေတာဖြစ်ပြီး မိုးကုတ်မြို့ကိုလည်း ပြန်လှည့်လို့မရတော့တဲ့အတွက် လမ်းမှာပိတ်မိနေတဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း ထောင်နဲ့ချီရှိလာပြီလို့ စစ်ရှောင်လာသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အဲဒီနားမှာက ရွာလေးတွေပဲရှိတာ။ ဈေးဆိုင်လည်းမရှိဘူး။ အဓိကတော့ စားစရာ အိပ်စရာ ခက်ခဲနေတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
မိုးကုတ်-မန္တလေး ၊ မိုးကုတ်-ရွှေဘို လမ်းပိုင်းတွေပေါ်က စဉ့်ကူး၊ မတ္တရာ အစရှိတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အဲဒီလမ်းပိုင်းတွေကို ပိတ်ဆို့ထားတာပါ။
ပြီးခဲ့တဲ့လကုန်ပိုင်းမှာ TNLA နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မိုးကုတ်အနောက်ပိုင်းကို စီးနင်းတိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ အနောက်ပိုင်းကို ထိန်းချုပ်ခဲ့ပါတယ်။ မြို့အရှေ့ပိုင်းမှာတော့ စစ်ကောင်စီတပ်က နေရာယူထားပြီး အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွားလာခွင့်တွေကိုလည်း နှစ်ဖက်တပ်တွေက ကန့်သတ်ထားပါတယ်။
စစ်ကောင်စီတပ်ရင်းရှိတဲ့ မိုးကုတ်အရှေ့ပိုင်းမှာတော့ လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး ဒေသခံအများအပြား မြို့ထဲမှာ ပိတ်မိနေတာပါ။
မိုးကုတ်မြို့ရဲ့ အရှေ့ဘက်ကထွက်ရမယ့်လမ်းကလည်း တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်မြို့ပဲရှိတာကြောင့် မြို့ခံတွေဟာ မြို့အနောက်ပိုင်းကနေပဲ ထွက်ခွာနေကြတာဖြစ်ပြီး အဲဒီလမ်းပေါ်မှာလည်း တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်နေတာပါ။
“လောလောဆယ် ထွက်လို့ရတာက အနောက်ဘက်ပဲရှိတယ်။ အရှေ့ဘက်ကျတော့ မိုးမိတ်ပဲရှိတာ၊ အရှေ့ဘက်ကလူတွေကတော့ ဘယ်မှသွားမရတဲ့ အခြေအနေဖြစ်နေတာ” လို့ မိုးကုတ်မြို့ခံတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။
မြို့တွင်းမှာပိတ်မိသူတွေဟာလည်း ဆန်၊ ဆီ အစရှိတဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ယူဖို့ အခက်အခဲဖြစ်နေကြပြီး ဆိုင်တချို့ကပဲ ဆန်ကို ခွဲတမ်းနဲ့ ရောင်းပေးနေတာရှိတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲရက် ကြာလာတာနဲ့အမျှ စားစရာမရှိတော့တဲ့သူတွေ ဆန်၊ ဆီ ဝယ်ဖို့လည်း ငွေကြေးမရှိတော့တဲ့သူတွေလဲ ပိုများလာတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ကျပ်ပြင်ကျေးရွာနဲ့ နေရာတစ်ဝိုက်ကိုတော့ TNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မိုးကုတ်မြို့ပေါ်နဲ့ အရှေ့ပိုင်းရပ်ကွက်တွေကိုတော့ စစ်ကောင်စီတပ်တွေက နေရာယူထားတာပါ။
TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တစ်ကျော့ပြန်စစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသတွေအပြင် မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာပါ။
ပုံစာ – မိုးကုတ်ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်ယာဉ်တန်း
ဓာတ်ပုံ – ပေးပို့

