ရန်ကုန် – မေ ၂၁ (မော်ကွန်း)
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တံဆိပ်တုံးပါဝင်တဲ့ နိုတြီဘာသာပြန် စာရွက်စာတမ်းပြုလုပ်ရာမှာ ပွဲစားတွေနဲ့ လုပ်ကိုင်နေရပြီး နိုတြီတစ်စောင်ကို ကျပ်တစ်သိန်းထိ ပေါက်ဈေးဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။
ပြည်ပမှာ အအလုပ်လုပ်ကိုင်ဖို့နဲ့ ကျောင်းတက်ဖို့ မြန်မာနိုင်ငံက ဘွဲ့လက်မှတ်၊ ကျောင်းဆင်းလက်မှတ်၊ မွေးစာရင်း၊ လက်ထပ်စာချုပ် အစရှိတဲ့ အထောက်အထားတွေကို ပြည်ပမှာအသုံးပြုနိုင်အောင်ဘာသာပြန်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အသိအမှတ်ပြုကြောင်း တံဆိပ်တုံး ထုရတာဖြစ်ပါတယ်။
အဲဒီစာရွက်စာတမ်းတွေကို နိုတြီလုပ်ပိုင်ခွင့်ရ တရားလွှတ်တော်ရှေ့နေတွေကတစ်ဆင့် ဘာသာပြန်ဆိုရတာဖြစ်ပြီး ဘာသာပြန်ခ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတံဆိပ်တုံးထုအပြီးအစီးကို တစ်စောင် ကျပ်တစ်သိန်းဝန်းကျင်ထိ ရှိနေတာပါ။
ရန်ကုန်ပြည်လမ်းမှာရှိတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုလည်း အပြင်လူအဝင်မခံဘဲ ပွဲစားတွေနဲ့ပဲ တံဆိပ်တုံးထုပေးနေတယ်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတချို့က ပြောပါတယ်
“ပွဲစားနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာလုပ်ရင် ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်၊ မှားနေတယ်ဆိုပြီရစ်တာ။ သူတို့လူတွေ ပွဲစားတွေပဲ ပေးဝင်တာ” လို့ ကိုယ်တိုင် နိုတြီဘာသာပြန်ခဲ့သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတော့ နိုတြီဘာသာပြန်ဆိုခဟာ ကျပ်နှစ်သောင်း၊ သုံးသောင်းဝန်းကျင်ခန့်ပဲ ကုန်ကျပေမယ့် လက်ရှိမှာ ပြည်ပထွက်ခွာလိုသူတွေကလည်း များပြားနေတာကြောင့် အခုလို တစ်စောင်ကို တစ်သိန်းထိ ပေါက်ဈေးဖြစ်လာတယ်လို့ အဲဒီဈေးကွက်ထဲက သိရပါတယ်။
ရန်ကုန်မြို့တွင်း ၃၅ လမ်းတစ်ဝိုက်မှာ နိုတြီ ဘာသာပြန်တဲ့ပွဲစားတွေ အများအပြားရှိသလို လူမှုကွန်ရက်တွေမှာလည်း နိုတြီပြန်ပေးသူတွေ ရှိပြီး သူတို့ဆီကရရှိလာတဲ့ နိုတြီဘာသာပြန်စာရွက်နဲ့အတူ မြန်မာ့စီးပွားရေးဘဏ်မှာ ကျသင့်ငွေ ၅၀၀ ကျပ်ကို ပေးသွင်းရမှာပါ။
အဆိုပါ ငွေသွင်းထားတဲ့ စလစ်နဲ့အတူ ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို သွားရောက်ပြီး အသိအမှတ်ပြုတံဆိပ်တုံး သွားထုရတာပါ။
နိုတြီဘာသာပြန်ရာမှာ အင်္ဂလိပ်ဘာသာတစ်ခုတင်မကဘဲ ကိုယ်သွားမယ့် နိုင်ငံတွေရဲ့ သက်ဆိုင်ရာ ဘာသာအသီးသီးကို ပြန်ဆိုမှုတွေ ရှိနေပြီး ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အာရဗီ စတဲ့ ဘာသာတွေကို အများဆုံးပြန်ဆိုကြတယ်လို့ အဆိုပါ ဈေးကွက်အတွင်းက သိရပါတယ်။
ပြည်ပမှာ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တံဆိပ်တုံး မဖြစ်မနေပါဖို့လိုအပ်ပြီး တံဆိပ်တုံးမထုထားပါက သက်ဆိုင်ရာနိုင်ငံတွေရဲ့သံရုံးတွေက ဗီဇာမထုတ်ပေးဘူးလို့ ပြည်ပကိုရောက်ရှိနေသူတချို့က ပြောပါတယ်။
“အခုက သံရုံးမှာဗီဇာဝင်ရင် အကုန်နိုတြီပြန်ပြီး မိုဖာ (နိုင်ငံခြားရေးဝန်ကြီးဌာန) တုံးထုရတယ်။ ကိုယ့်မှာ စာရွက်စာတမ်းဘယ်လောက်ယူမလဲ။ လိုအပ်သလောက်ထုထားမှ ဗီဇာပေးတော့တယ်။ ပြည်ပမှာလည်း ပွဲစားတွေရှိတယ်၊ သံရုံးတွေလည်း သူ့ပွဲစားနဲ့သူပဲ” လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုမထမ်းချင်တဲ့လူငယ်အများအပြားဟာ ပြည်ပကိုထွက်ခွါနေကြတာပါ။
ပုံစာ – နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တံဆိပ်တုံးထုထားတဲ့ နိုတြီစာရွက်စာတမ်းများ
ဓာတ်ပုံ – Online Notary Service

