မိုင်းလား

မိုင်းလား

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ဖိုးသော်တာ ရေးသည်။

မိုင်းလားမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိပြီး ကျိုင်းတုံမြို့အရှေ့မြောက် ဝမ်တာပင်းလမ်းမှသွားလျှင် ကီလိုမီတာ ၉၀ (၅၆ မိုင်)အကွာအဝေးတွင်တည်ရှိသည်။ မိုင်းလားဟု မြန်မာတို့ကခေါ်ဆိုကြသော်လည်း ရှမ်းအသံထွက်အမှန်မှာ မုန်းလားဖြစ်ပြီး မုန်းဆိုသည်မှာ ရှမ်းဘာသာဖြင့် မြို့ဟုအဓိပ္ပာယ်ရသည်။

မိုင်းလားမြို့သည် အထူးဒေသ ၄ ၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ထိုဒေသတွင်မိုင်းလား၊ ဆီလူး၊ နမ့်ပမ်း စသည့်မြို့များပါဝင်သည်။ အထူးဒေသ ၄ ဧရိယာသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲနှင့် ကီလိုမီတာ ၃၀ဝ (၁၈၆ မိုင်) ခန့် ၊ လန်ချန်းခရိုင်နှင့် ၄၅ ကီလိုမီတာ (၂၇မိုင်)ခန့် ထိစပ်လျက်ရှိပြီး အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့်မဲခေါင်မြစ်ခြားကာ ကီလိုမီတာ ၁၀ဝ ကျော် (၆၂မိုင်)ခန့် ထိ စပ်လျက်တည်ရှိသည်။

အနောက်မြောက်ဘက်တွင်မူ အထူးဒေသ ၂  (UWSA) နှင့်ထိစပ်လျက်ရှိပြီး အနောက်တောင်ဘက်တွင် နိုင်ငံတော်အစိုးရက စောင့်ကြပ်သည့်နယ်မြေများတည်ရှိသည်။ မိုင်းလားပတ်ဝန်းကျင်သည် မူလက လယ်ကွင်းများသာဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီက ၈၁၅ စစ်ဒေသအဖြစ် နမ့်ပန်းတွင် အခြေချဖွင့်လှစ်ချိန်တွင် ရွာအဖြစ်မျှသာရှိသေးသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သောအစိုးရအား တော်လှန်ရန် အရှေ့မြောက်စစ်ဒေသ၊ ၁၀၁ စစ်ဒေသ၊ ၂၀၂ စစ်ဒေသများဖွင့်လှစ်ခဲ့သည်။ အရှေ့မြောက် စစ်ဒေသနယ်မြေတွင် ကိုးကန့်၊ ဝ ၊ ကြူကုတ်၊ ပန်ဆန်းမြို့များပါဝင်ပြီး ၁၀၁ စစ်ဒေသတွင် ကချင်ပြည်နယ်ရှိ ပန်ဝါ၊ ကန်ပိုက် တီးမြို့များပါရှိကာ ၂၀၂ စစ်ဒေသမှာ ရွှေလီချိုင့်ဝှမ်းလွင်ပြင်ဖြစ်သည်။ ဗကပတို့သည် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သည့် ၈၁၅ စစ်ဒေသကို ၁၉၇၁ ခုနှစ်၌ ရှမ်းပြည်အရှေ့ဘက်တွင်ထပ်မံဖွင့်လှစ်ခဲ့ပြီး စစ်ရေးခေါင်းဆောင်အဖြစ် ဦးစိုင်းလင်း (လီမင့်ရှင်)ကိုတာဝန်ယူစေခဲ့သည်။

လီမင့်ရှင်သည် ယခုအခါ အထူးဒေသ ၄  အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDAA)၏ခေါင်းဆောင်ဖြစ်သည်။ လီမင့်ရှင်ဦးစီးသော နမ့်ပန်းအခြေစိုက် စစ်ဒေသကို ဗမာပြည် ကွန်မြူနစ်ပါတီ စတင်တည်ထောင်သော ၁၅ ဩဂုတ် ၁၉၃၉  ကို ဂုဏ်ပြုသည့်အနေဖြင့် ၈၁၅ စစ်ဒေသဟု ဗကပခေါင်းဆောင်များက အမည်ပေးခဲ့ခြင်းဖြစ်သည်။

မိုင်းလားသို့ ဝမ်တာပင်းလမ်းမှကားဖြင့်သွားလျှင် နှစ်နာရီကျော်ခန့်သာ ကြာမြင့်သော်လည်း ၂၀၁၆ က NCA (Nation-wide Ceasefire Agreement) လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ ဝတပ်(UWSA)နှင့် မြန်မာ့တပ်မတော်ကြား တင်းမာမှု ဖြစ်ပွားပြီးနောက် ဝမ်တာပင်းချောင်း တစ်ဖက်တစ်ချက်ရှိ တောင်တန်းများပေါ်တွင် ဝတပ်နှင့် မြန်မာ့တပ်မတော် တပ်ရင်း များ ဆိုင်ချထားလျက်ရှိကာ မြန်မာ့တပ်မတော်က ထိုလမ်းအား အသုံးပြုခွင့်ကိုပိတ်ထားခဲ့သည်။

သို့ဖြစ်၍ ကျိုင်းတုံမြို့အနောက်မြောက်ဘက်ရှိ မိုင်းယန်းလမ်း(ဝမ်တာပုံလမ်း) ကသာ သွားလာ၍ရသည်။ ကျိုင်းတုံမြို့မှ မိုင်းယန်းမြို့ထိ ၁၁၀ ကီလိုမီတာ (၆၈ မိုင်ခန့်)နှင့် မိုင်းယန်းမှ မိုင်းလားသို့ ကီလိုမီတာ ၆၀ ခန့် (၃၇ မိုင်) ဆက်သွားရသဖြင့် စုစုပေါင်း ကျိုင်းတုံမှ လေးနာရီခွဲခန့်ကြာအောင် ကားစီးရသည်။ မိုင်းလားသို့ သွားသော ဝမ်တာပင်း ၊ ဝမ်တာပုံ လမ်းနှစ်လမ်းသည် ကျိုင်းတုံလေဆိပ်အနီးမှ စတင်ခွဲထွက်သွားခြင်းဖြစ်သည်။

ဝမ်တာပုံလမ်းသည် မိုင်းလားသို့ အနောက်မြောက်ဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး ဝမ်တာပင်းလမ်းမှာ အရှေ့ဘက်မှဝင်ရောက်ရခြင်းဖြစ်သည်။ မိုင်းယန်းမြို့အဝင်တွင် တပ်ရင်းအခြေစိုက် ဗျူဟာရုံးတစ်ခုရှိပြီး ၁၉၈၈က ဒုတပ်ရင်းမှူး သီဟသူရတင်အောင်မြင့်ဦး ခေါင်းဆောင်သည့် ထိုတပ်စခန်းကို ဦးစိုင်းလင်း၏ တပ်များက ဝင်သိမ်းခဲ့ဖူးသည်။ ထိုစခန်းကျော်လွန်၍ မိုင်းယန်း မြို့လွန်ပါက ဆီလူးဒေသ နယ်မြေဖြစ်ပြီး ဝတပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းသို့သွားသော ခိုဆုန်ဂိတ်လမ်းခွဲရှိကာ ထိုနယ်မြေများကို အစိုးရတပ်များ ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။

မိုင်းလား ၂

မိုင်းယန်းမြို့မှထွက်၍ ဆီလူးလွန်သည်နှင့် နမ့်လန်းချောင်း တစ်လျှောက် ဖောက်လုပ်ထားသော ကားလမ်းအတိုင်းလာခဲ့ပြီး တောင်ကြားများအဆင်းတွင် အထပ်မြင့်ဆောက်လုပ်ထားသော အဆောက်အအုံများ၊ ဆောက်လုပ်ဆဲအဆောက်အအုံများဖြင့် ပြည့်နှက်လျက်ရှိသော မိုင်းလားမြို့ကို တွေ့မြင်ရမည်ဖြစ်သည် ။ မိုင်းလားမြို့၏ စံတော်ချိန်မှာ တရုတ်စံတော်အချိန်အတိုင်းဖြစ်ပြီး မြန်မာစံတော်ချိန်ထက် တစ်နာရီခွဲစောသည်။

ဒေသခံလူထုမှာ တရုတ်ဘာသာစကားကိုသာ ပြောဆိုကြပြီး တရုတ်ငွေ (ယွမ် ) ကိုသာ အသုံးပြုကြသည် ။ မြို့တွင်းတွင် နောက်ဆုံးပေါ်ကားအသစ်စက်စက်ကြီးများကိုသာ အသုံးပြုသူ များပြီး တရုတ်ပြည်ဘက်မှ ကားများ၊ ဝဒေသဘက်မှ ကားများလည်း ဝင်ရောက်စီးနင်းခွင့်ရှိသည်။ တရုတ်ကားများမှာမူ နံပါတ်အပြာများဖြင့် တရုတ်လို ရေးထိုးထားကြပြီး ဝဒေသမှကားများမှာ  W/…. နံပါတ်ဖြစ်ကာ အထူးဒေသ ၄ ၏ နံပါတ်မှာ SR 4/….များဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ကားဈေးများမှာလည်း ပြည်မရှိ လိုင်စင်ကားများထက်စာလျှင် ဈေးများစွာ သက်သာသည်။မိုင်းလားမြို့တွင် မြင်မြင်သမျှမှာ ငါးဖမ်းဂိမ်းဆိုင်များ၊ အနှိပ်ခန်းများ၊ ရေချိုးခန်းများ၊ ဟိုတယ်ကြီးများဖြင့်သာ ပြည့်နှက်နေပြီး နေ့ဘက်တွင် ခြောက်ကပ်နေကာ ညဘက်မှာမှ စည်ကားနေတတ်သည်။ ဆိုင်အများစု၏ အမည်ကို မြန်မာစာလုံး သတ်ပုံအမှားများဖြင့် တရုတ်စာလုံးများနှင့် ယှဉ်တွဲဖော်ပြထားသည် ။ အထူးဒေသ ၄ အာဏာပိုင်များသည် ဆိုင်အမည်များ၊ ဟိုတယ်အမည်များကို မြန်မာစာဖြင့် ရှေ့ဆုံးကနေ ရေးထိုးဖော်ပြစေပြီးမှ တရုတ်လိုရေးထိုးရန် ညွှန်ကြားထားသည်။ မြန်မာစာလုံးများ သတ်ပုံမှားနေသဖြင့် အမှန်ပြန်လည်ရေးထိုးရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

နေရာတိုင်းတွင် မီးများထိန်ညီးလျက်ရှိပြီး အထူးဒေသက ကိုယ်ပိုင်ဓာတ်အားပေးစက်ရုံများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိသည်။ အကြီးဆုံးဓာတ်အားပေးစက်ရုံကို အနောက်မှ အရှေ့သို့ စီးဆင်းလျက်ရှိသော နမ့်လွေချောင်းနှင့် နမ့်လန်းချောင်းဆုံရာ မိုင်းဝဒေသတွင် ၂၀ဝ၄ က ယွမ်ငွေ ကိုးဘီလီယံအကုန်အကျခံကာ တည်ဆောက်ခဲ့သည်။ စက်ရုံများအားလုံး၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ တစ်နေ့လျှင် ၈၀ မဂ္ဂါဝပ်ရှိပြီး ဒေသတွင်းဓာတ်အားသုံးစွဲမှုထက် ပိုလျှံနေသဖြင့် ပိုလျှံဓာတ်အားများကို အနီးရှိအခြားနေရာများသို့ ရောင်းချရန် စီစဉ်နေသည်ဟုလည်း ကြားသိရသည်။ မီတာခကို တစ်ယူနစ်လျှင် နှစ်ယွမ်နှုန်း (၄၃၀ ကျပ်)ခန့်ဖြင့် ကောက်ခံသည်။

အထူးဒေသ ၄ နယ်မြေ၏ မြို့များဖြစ်သော ဆီလူး၊ မိုင်းလား၊ နမ့်ပန်းတို့တွင် ရှမ်း၊ အားခါ၊ လွယ်၊ ကိုးကန့်၊ လားဟူ၊ မြောင်၊ အားခေး၊ ဝ၊ ဖိန်း၊ ကချင်၊ ဗမာစသည့် လူမျိုး ၁၃ မျိုး နေထိုင်လျက်ရှိပြီး လူဦးရေတစ်သိန်းတစ်သောင်းကျော်ရှိသည်ဟု ဖော်ပြထားသော်လည်း မိုင်းလားမြို့ထဲတွင်မူ တရုတ်လူမျိုး များကိုသာ အများအားဖြင့်တွေ့မြင်ခဲ့ရသည်။ ဆီလူးဒေသသည် ဗကပများ ကြီးစိုးစဉ်က ၈၁၅ စစ်ဒေသနယ်မြေတွင် မပါဝင်ဘဲ ကျိုင်းတုံမြောက်ပိုင်းခရိုင်(ကျိုင်းမြောက်) အဖြစ်သာ တည်ရှိခဲ့သည်။

၁၉၈၉ ဧပြီတွင် ဗကပ တို့ထံမှ ၈၁၅ ဒေသတပ်များ အာဏာသိမ်းပိုက်ခဲ့ပြီး ဆီလူးဒေသရှိ တပ်မဟာ ၇၆၈ (ရှမ်းတပ်) သည် ၈၁၅ စစ်ဒေသနှင့်ပူးပေါင်းကာ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ အဖြစ် တပ်မတော်အစိုးရက တရားဝင်သတ်မှတ်ပေးခဲ့သည်။ အထူးဒေသ ၄ တွင် အမြဲတမ်းစစ်သည်အင်အား ၆,ဝဝဝ ခန့်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များရှိသည်။ မိုင်းလားမြို့တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံတစ်ရုံ၊ အထူးဒေသ ၄ ကထူထောင်ထားသော ဆေးခန်းနှင့် အစိုးရဆေးရုံတစ်ရုံလည်းရှိပြီး အစိုးရအထက်တန်းကျောင်းတစ်ကျောင်းလည်းရှိသည်။

မိုင်းလားမြို့လမ်းများသည်သန့်ရှင်းလျက်ရှိပြီး အဆောက်အအုံများကို တရုတ်ပြည်မှပညာရှင်များ၊ ယန္တရားများဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။ ကိုယ်ပိုင်စစ်တပ်ရှိပြီး မြို့ကိုအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သဖြင့် အထူးဒေသ ၄ ဝင်ငွေရလမ်းကို စူးစမ်းမိသည်။

mawkun-68-travelogue-jpg

Photo-Pho Thaw Dar

အထူးဒေသ ၄ နယ်မြေတွင် ရာဘာအချောစက်ရုံရှစ်ရုံရှိပြီး ၂၀၁၈ တွင် ရော်ဘာအချောထည် တန်ချိန်ခြောက်သောင်း ထွက်ရှိကြောင်း သိရကာ ၂၀၁၈ ရော်ဘာအချောထည် ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၈၇ သန်းကျော်ရှိသည်ဟု ပြည်တွင်းမီဒီယာသတင်းများက ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ သန်း ၅၀ တန် မဂ္ဂနီစီယမ် သတ္တုသန့်စင်စက်ရုံတစ်ရုံလည်း တည်ဆောက်ထားသည်။ ထို့ပြင် ဒေသအရှေ့တောင်ဘက်ရှိ ဆွတ်လွေဆိပ်ကမ်းကလည်း ဝင်ငွေရလမ်းကို အားသာစေသည်။ ဆွတ်လွေဆိပ်ကမ်းသည် မဲခေါင်မြစ်ပေါ်တွင်တည်ရှိပြီး ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းများ ဝင်ရောက်ရာနေရာဖြစ်သည်။

ကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောကြီးများသည် ရေနည်းချိန်တွင် မဲခေါင်မြစ်ကြောင်းအတိုင်း တရုတ်နိုင်ငံသို့ ဆန်မတက်နိုင်တော့ဘဲ ကုန်စည်များကို ဆွတ်လွေဆိပ်ကမ်း တွင်ချကာ တရုတ်ပြည်သို့ ကုန်းတွင်းပိုင်းမှတစ်ဆင့် အတိုဆုံးလမ်းအတိုင်း တင်ပို့နိုင်သဖြင့် အခွန်အခများစွာရရှိနိုင်ပေသည်။

တရုတ်ပြည်သည် ထိုင်းနိုင်ငံမှတင်သွင်းသော အရည်အသွေးကောင်း ပစ္စည်းများကို လိုလားလျက်ရှိပြီး ထိုင်းနိုင်ငံကလည်း တရုတ်ပစ္စည်းများကို ဈေးချိုချိုနှင့် ရရှိနေသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဆင်ပြေချောမွေ့နေဟန်တူသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ တရားဝင်ထုတ်ပြန်ချက်အရ တရုတ်-ထိုင်း နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ ၂၀၁၈ ဇန်နဝါရီမှ ဧပြီအတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၃၂ ဘီလီယံရှိသည်ဟု သိရှိရပြီး ထိုအထဲမှ ရာခိုင်နှုန်းမည်မျှခန့်သည် မဲခေါင်မြစ်ပေါ်ရှိ ဆွတ်လွေဆိပ်ခံမှတစ်ဆင့် ကူးသန်းဖောက်ကားခဲ့ကြောင်း အတိအကျမသိရှိရပေ။

အထူးဒေသ ၄ အာဏာပိုင်များကလည်း ထိုကိန်းဂဏန်းများကို မည်သည့်အခါမျှ အမှန်တကယ် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။ မူးယစ်ဆေးဝါး ဖောက်ကားရောင်းဝယ်မှုဖြင့် နာမည်ကျော်ကြားသည့် ကိုးကန့်ဒေသခေါင်းဆောင် ဦးဖုန်ကျားစင်း၏ သမက်တော်စပ်သူဦးစိုင်းလင်း (လီမင့်ရှင်)ကလည်း အထူးဒေသ ၄ သည် မူးယစ်ဆေးဝါးစိုက်ပျိုးဖြန့်ဖြူး ရောင်းဝယ်မှုကို ခြောက်နှစ်စီမံကိန်းချမှတ်၍ တားဆီးပိတ်ပင်ခဲ့ရာ ၁၉၉၇တွင် မူးယစ်ကင်းစင်ဒေသအဖြစ် ကြေညာနိုင်ခဲ့ကြောင်းသာ တဖွဖွပြောဆိုလျက်ရှိနေသည်။

ဘဏ္ဍာငွေရရှိမှုနှင့် ပတ်သက်၍အထူးဒေသ ၄ တွင် ပွင့်လင်းမြင်သာမှုမရှိလှပါ။ ဒေသခံများကလည်း စားဝတ်နေရေး ပြေလည်မှုရှိနေသဖြင့် စိတ်ဝင်စားကြဟန်မပြပါ။ ဝင်ငွေရလမ်းထဲတွင် ခရီးသွားလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဦးစိုင်းလင်းက အထူးဒေသ ၄ ထူထောင်ခြင်း နှစ်၃၀ ပြည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

mawkun-68-travelogue-jpg

Photo – Pho Thaw Dar

မိုင်းလား ၃

မိုင်းလားဒေသတွင် ခရီးသွားလုပ်ငန်းဟုဆိုသော်လည်း လောင်းကစားဧည့်လုပ်ငန်းဆိုသည်က ပိုမိုသင့်လျော်မည်ဟု ထင်ပါသည်။ အဆိုပါဒေသကို မြန်မာပြည်တွင်းက လာရောက်လည်ပတ်သူအရေအတွက်မှာ လွန်စွာနည်းပါးလှပြီး တရုတ်ပြည်မကြီးအတွင်းနှင့် ဟောင်ကောင်ဘက်တို့မှ တရုတ်များသာ အများဆုံးလာရောက်လည်ပတ်သူများဖြစ်ကြသည်။

မိုင်းလားမြို့အရှေ့ဘက် မြို့ပြင်တွင် ကြီးမားလှသောကာစီနိုကစားရုံကြီးများစွာ တည်ရှိနေသည်။ ဒေသခံတို့၏အဆိုအရ မိုင်းလားမြို့တွင် ကာစီနိုကစားရုံကြီးများ ၃၀ ကျော်ခန့်ရှိ သည်ဟုသိရသည်။ ကာစီနီုကစားရုံတို့၏ အတွင်းပိုင်းအပြင် အဆင်များသည် ရုပ်ရှင်ကားများထဲတွင် တွေ့ဖူးသည့် လာဗေးဂစ်၊ မကာအိုတို့တွင်ရှိသည့်ကစားရုံများအတိုင်းပင် ခမ်းနားလွန်းလှသည်။ ဓာတ်ပုံရိုက်ခွင့်မပြုသဖြင့် မသိမသာရိုက်ရန် စိတ်ကူးမိသော်လည်း ဧည့်သည်အဖြစ် ဖိတ်ကြားခံရသူတစ်ဦးသည် အိမ်ရှင်အပေါ် ဤသို့မပြုမူသင့်ဟု ယူဆမိသဖြင့်မရိုက်တော့ပါ။

ဥရောပဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားသော ဝန်ထမ်းများ၊ ကစားသူများကို စောင့်ကြည့်လေ့လာနေသော နားကြပ်တပ်ထားသည့် ကြီးကြပ်သူများ၊ တရုတ်ငွေအထပ်လိုက်ကိုင်ကာဆော့နေကြသော တရုတ်အမျိုးသမီး၊ အမျိုးသားများ ဖြင့် ကစားဝိုင်းများသည် အသက်ဝင်နေသည်။ ကစားရုံများမှာ ၂၄ နာရီဖွင့်လှစ်ထားရှိပြီး ဝန်ထမ်းများကို အဆိုင်းများခွဲ၍ အလုပ်ဆင်းစေသည်။

ကစားနည်းများက ဖဲနှစ်ချပ်မှောက်၊ သုံးချပ်မှောက်၊ ငါး ချပ်မှောက်၊ အွန်လိုင်းလောင်းကစားများ စသဖြင့် အမျိုးမျိုးရှိသည်။ ကာစီနိုဝိုင်းတစ်ဝိုင်းတွင် ဒိုင်ဘက်မှ သုံးယောက်ထားရှိသည်။ တစ်ဦးက ငွေအလျော်အစားလုပ်ရန်၊ တစ်ဦးကအနိုင်အရှုံး ဇယားမှတ်ခြင်းကိုလုပ်ကိုင်ရန်နှင့် တစ်ဦးကမူဖဲဝေရန်ဖြစ်သည်။ လူတစ်ဦးထဲက အနိုင်များနေပါက ကြီးကြပ်သူက လာရောက်ပြီး အကဲခတ်နေတတ်သည်။

မိုင်းလားကာစီနိုရုံပိုင်ရှင်များသည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးများ စသူတို့ကိုသာ ခန့်အပ်ခွင့်ရှိပြီး ဖဲဝေ သူများကိုမူ အထူးဒေသ ၄ အာဏာပိုင်များက ရွေးချယ်ထားသော ကုမ္ပဏီတစ်ခုတည်းကသာလျှင် ခန့်အပ်ခွင့်ရှိပေသည်။ ထိုးသားနှင့် ဒိုင်အကြား မသမာမှုမရှိစေရန် ဆောင်ရွက်ထားသည်ဟု ယူဆရပြီး ဖဲဝေသောဝန်ထမ်းကိုလည်း တစ်လတန်သည်၊ နှစ်လတန်သည် စသဖြင့် ကစားရုံများတွင် အလှည့်ကျလဲလှယ်ကာ တာဝန်ပေးအပ်သည်။

ထိုဝန်ထမ်း၏ လုပ်ရည်ကိုင်ရည်ကိုကြည့်၍ လစာကို တိုးပေးလေ့ရှိသည်။ ကာစီနိုရုံဝန်ထမ်းများ၏လစာသည် တစ်ဦးကို တစ်လလျှင်ယွမ် ၂,ဝဝဝ မှ ၈,ဝဝဝ ထိ အစားစားရရှိကြသည်။ (တစ်ယွမ်လျှင် ကျပ် ၂၂၀ ဝန်းကျင်ရှိသည်။) ကစားဝိုင်းများမှာ တစ်လှည့်လျှင် မိနစ်ဝက်မျှသာ ရှိတတ်ပြီး စားပွဲပေါ်တွင် ယွမ်တစ်ရာတန် ငွေစက္ကူများဖြင့် ပြန့်ကျဲနေသည်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် အမျိုးသမီး၊ အမျိုးသားများသည် ဖဲချပ်များကို ကျစ်လျစ်လေးလံလှသော ကျောက်ချပ်ကြီးများကို မ နေရသကဲ့သို့ လှန်လှောကြည့်ရှုတတ်သည်။ ဖဲချပ်များမှာ တစ်ခါသုံးသာဖြစ်သည်။

ကာစီနိုရုံပိုင်ရှင်များသည် ဟိုတယ်များဖြင့် ချိတ်ဆက်ထားသဖြင့် ဟိုတယ်များသည် အမြဲလိုလို အခန်းပြည့်နေတတ်သည်။ မိမိတို့ရုံတွင် လာရောက်ကစားသော ကစားသမားများကို ဟိုတယ်၊ အစားအသောက်၊ သွားရေးလာရေး အခမဲ့စီစဉ်ပေးထားသည်။ ကစားသော ငွေပမာဏအလိုက် လေယာဉ်လက်မှတ်ခပင်ပေးသော အစီအစဉ်များရှိသည်။ တစ်နေ့လျှင် ယွမ် ၂,ဝဝဝ ဖိုးခန့် ဆော့သော ကစားသမားသည် သူလောင်းကစားရုံတွင် နေ့စဉ်လာဆော့နေသမျှ ကာလပတ်လုံး အနေအထိုင်စရိတ်ငြိမ်းဖြစ်သည်။ ငွေကုန်၍ လာဆော့ကစားခြင်းမရှိတော့ပါက သူ့လက်ထဲက ဟိုတယ်အခန်းသော့သည် သူ့အခန်းတံခါးကို ဖွင့်၍ရတော့မည်မဟုတ်ပေ။ သူ့အိမ်သူပြန်ရုံသာရှိတော့သည်။

ကစားရုံပိုင်ရှင်များသည် ဟောင်ကောင်၊ မကာအို၊ ဘေကျင်း စသည့်တရုတ်မြို့ကြီးများတွင်ရှိသည့် ရွှေကြိုများ (Organizer) များဖြင့် ချိတ်ဆက်ထားဟန်တူပါသည်။ အမှန်စင်စစ်မူ တရုတ်အစိုးရအနေဖြင့် တရုတ်ပြည်မကြီးဘက်မှ နိုင်ငံသားများကို မိုင်းလားသို့ လာရောက်ခွင့်ပေးခြင်းမပြုပါ။ ဖမ်းဆီးမိပါက ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခြင်းခံရနိုင်သည်။ သို့ရာတွင် ကီလိုမီတာ ၃၀ဝ ကျော်ထိစပ်နေသော နယ်စပ်နေရာတိုင်းကို မပိတ်ဆို့နိုင်ပါ ။ ဤသို့ဖြင့် တရုတ်ပြည်ကြီးနှင့် အခြားနေရာများမှ လူများသည် မိုင်းလားသို့ ကုမ္ပဏီများ၏ အစီအစဉ်ဖြင့်တစ်မျိုး၊ မိမိတို့နည်းလမ်းဖြင့်တစ်သွယ် ဝင်ရောက်နေကြသည်။

စစ်ဆောင်ပန်းနား(ယူနန်ပြည်နယ်ထဲမှ ပြည်နယ်ခွဲ) မှတ်ပုံတင်ကိုင် ဆောင်ထားသူများသာ ဗီဇာမလို လာရောက်လည်ပတ်ခွင့်ရှိပြီး မြန်မာနိုင်ငံဘက်မှလည်း မိုင်းလားမှတ်ပုံတင် ကိုင်ဆောင်ထားသူများသာ ဗီဇာမလိုဘဲ တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခွင့်ရှိသည်။

မိုင်းလားဒေသ စတင်ဖွံ့ဖြိုးစဉ်က ကာစီနိုရုံများသည် တရုတ်ပြည်နယ်စပ်နှင့် နီးကပ်စွာတည်ရှိနေခဲ့သည်။ တရုတ်နိုင်ငံမှ အစိုးရဝန်ထမ်းများ ၊ ဌာနဆိုင်ရာအကြီးအကဲများ၏ ဆွေမျိုးများ လာရောက်ဆော့ကစားလေ့ရှိကြသဖြင့် ကာစီနိုရုံများအားရွှေ့ရန် တရုတ်အစိုးရက အထူးဒေသ အာဏာပိုင်များအား ဖိအားပေးခဲ့သည်ဟု ဆိုသည်။ ၂၀ဝ၄ နောက်ပိုင်းတွင် အဆိုပါ ကစားရုံများကို ယခုတည်ရှိနေသည့် မိုင်းလားမြို့ အပြင်ဘက် ဝမ်ရှို့အရပ်သို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။

ဆောက်လုပ်ဆဲဟိုတယ်များနှင့် ကာစီနိုရုံများကလည်း နေရာအနှံ့အပြားပင်။ လောင်းကစားသူ မည်မျှများ မများ ဝန်ထမ်းများ ဂျူတီပြောင်းလဲချိန်တွင် ဝန်ထမ်းကြိုပို့ကားများ များပြားလှသဖြင့် အသွားတစ်လမ်း၊ အပြန်လမ်းတစ်လမ်း သပ် သပ်စီ ဝမ်ရှို့အဝင်တွင် ဖောက်ထားရသည်။ ယခုအခါ မိုင်းလားမြို့တွင်း ကားကျပ်မည်စိုးသဖြင့် ကာစီနိုဝန်ထမ်းများအတွက် အိမ်ရာများကို ထိုလောင်းကစားရုံများအနီးတွင် အာဏာပိုင်များက တည်ဆောက်နေသည်။

မိုင်းလားဒေသ အာဏာပိုင်များက ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်မဟုတ်ဟု ငြင်းဆိုထားသော်လည်း မိုင်းလားဈေးအတွင်းနှင့် အားကစားကွင်းရှေ့လမ်းက တံတားပေါ်တွင် ဇိမ်မယ်များကို တွေ့ရှိနိုင်ပါသည်။ ထိန်ညီးသောမီးရောင်များအောက်တွင် အရောင်အမျိုးမျိုး ခြယ်သထားသော ပေါင်တံဖြူဖြူ အမျိုးသမီးများသည် ဘန်ကောက်က အပျော်မယ်များထက်ပင် ပို၍လှပချောမောပြီး ဆွဲဆောင်နိုင်စွမ်းမြင့်မားကြသည်။ အများစုမှာ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။ ဈေးအတွင်းဘက်လမ်းထဲ ပတ်သွားပါက အလုအယက် ဝိုင်းဆွဲတတ်ကြသည်။ စားသောက်ဆိုင်တွင် ထိုင်နေပါကလည်း ွျှနခ့အေ အကောင့်နှင့် တရုတ်ဖုန်းနံပါတ်များ ရိုက်နှိပ်ထားသော ဝတ်လစ်စလစ်ပုံ ကတ်ကလေးများကို လာချပေးတတ်သွားကြသည်။

မိမိတို့ရောက်နေချိန်သည် အထူးဒေသ ၄ အနှစ် ၃၀ ပြည့် ပွဲကျင်းပပြုလုပ်မည့်ကာလဖြစ်သည့်အတွက် သားရဲတိရစ္ဆာန် မှောင်ခိုဈေးဟု ကမ္ဘာတွင်ကျော်ကြားလှသော ဈေးဆိုင်များကို သက်ဆိုင်ရာက ပိတ်သိမ်းခိုင်းထားသဖြင့် မတွေ့ခဲ့ရပါ ။ မျောက်ဝံများအား ရောင်းချလေ့ရှိသည်ဆိုသော ဆိုင်တစ်ဆိုင်ကိုသာ သော့ခတ်လျကတွေ့ရှိခဲ့ရသည်။

မိုင်းလားမြို့တွင် မြန်မာ MPT ဆက်သွယ်ရေးလိုင်းသာ ဖမ်းမိပြီး မိမိဖုန်း၏ Data Roaming ကိုသေချာ ပိတ်မိထားရန်လိုပါသည်။ မဟုတ်ပါက တရုတ်ဆက်သွယ်ရေးလိုင်းက သူ့ကွန်ရက်သုံးသည်ဟု ယူဆကာ ငွေဖြတ်သွားတတ်သည်။

အထူးဒေသ  ၄ နယ်မြေတွင် ပြည်မအစိုးရဝန်ထမ်းဟူ၍ ကျန်းမာရေး၊ ပညာရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး၊ စိုက်ပျိုးရေး၊ နတလ ဝန်ထမ်းများသာ တာဝန်ထမ်းဆောင်လျက်ရှိသည်။ မူလက လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများပါရှိသော်လည်း ၂၀ဝ၉ တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ရေးနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားလာသဖြင့် ဝန်ထမ်းအားလုံး မိုင်းလားကို စွန့်ခွာခဲ့ကြသည်။

နအဖ အစိုးရသည် နယ်ခြားစောင့်အဖွဲ့ (BGF) အဖြစ်ပြောင်းရန် NDAA (အထူးဒေသ ၄) အဖွဲ့အား ဖိအားပေးခဲ့သည်။ ၂၀ဝ၉ မှ ၂၀၁၀ အထိ တစ်နှစ်ကြာ ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် တင်းမာနေခဲ့ကြသည်။ NDAA ဘက်က ခံစစ်ပြင်ဆင်ထားသော်လည်း အစိုးရတပ်များက ထိုးစစ်ဆင်ခြင်းမပြုခဲ့ပါ။ ၂၀၁၀ သမ္မတ ဦးသိန်းစိန်တက်ပြီးမှ မိုင်းလားအဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ပြည်ထောင်စုအဆင့် / ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် (Bilateral) ကို ၇.၉.၂၀၁၁ တွင် တစ်ကြိမ်၊ ၉.၁၀.၂၀၁၁ တွင် တစ်ကြိမ်၊ ၂၇.၁၂.၂၀၁၁ တွင် တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ် လက်မှတ်ရေးထိုးပြီးကာမှ အဆိုပါဝန်ထမ်းများ ပြန်လည်ရောက်ရှိကာ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ သို့ရာတွင် လဝကတော့ ပြန်ပါမလာတော့ပေ။

အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်သော အစိုးရဝန်ထမ်းများသည် လစာအပြင် ရှားပါးစားရိတ် (က) အဆင့် (လစာ နှစ်ဆ) ရရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့လည်း ထောက်ပံ့မှုပေးသဖြင့် အဆင်ပြေနေကြသည်။ မိုင်းလားမြို့၏ ထူးခြားချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော်လည်း ဘဏ်တစ်ခုမှမရှိခြင်း ဖြစ်သည်။ အစိုးရဝန်ထမ်းများနှင့် ပြည်မမှလာရောက်အလုပ် လုပ်ကိုင်သူ (၃၀,ဝဝဝ ကျော်ခန့်) တို့၏ ပြည်မရှိမိသားစုများထံ ငွေလွှဲရန်နေရာများ (ဟွန်ဒီ) သာ ရှိသည်။

မိုင်းလား ၄

စီးပွားရေးမြို့၊ လောင်းကစားမြို့ဖြစ်လင့်ကစား မိုင်းလားမြို့တွင် ဥပဒေအတော်စိုးမိုးပုံရသည်။ ဒေသဆိုင်ရာအာဏာပိုင် တို့၏အဆိုအရ မိုင်းလားမြို့တွင်းတွင် CCTV ကင်မရာအလုံး ၄၀ဝ ခန့်တပ်ဆင်ထားကြောင်းသိရပြီး မြို့ကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော မူးယစ်ရမ်းကားမှုများ သိပ်မတွေ့ရပါ။ ကြီးလေးသောအမှုများအတွက် သေဒဏ်စီရင်ချမှတ်လေ့ရှိသည်။ ကားများမှာလည်း လူကူးနေပါက အဝေးကပင် ဖြည်းညင်းစွာ ရပ်ပေးတတ်ကြသည် ။

ကျွန်တော်သည်မိုင်းလားဒေသသို့ အခါအခွင့်သင့်သဖြင့်ရောက်ရှိခဲ့ရခြင်းဖြစ်ပြီး အခြားလူမျိုးစုများ နေထိုင်ရာနေရာများသို့ သွားရောက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ထိုဒေသများအတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေးရာများကို မလေ့လာနိုင်ခဲ့ပါ။ သို့ဖြစ်၍ မိမိရောက်ရှိခဲ့ရာ အရပ်ဒေသတစ်ခု၏အခြေအနေကို မိမိမြင်တွေ့ခဲ့သလို ပြန်ရေးပြခြင်းသာဖြစ်ပါသည်။ တစ်ခုသတိထားမိသည်မှာ NDAA ထိန်းချုပ်ရာအထူးဒေသ   ၄ ၏ အုပ်ချုပ်ပုံသည် အခြားလက်နက်ကိုင် တိုင်းရင်းသားလူမျိုး စုများကဲ့သို့ လူမျိုးတစ်မျိုးပေါ်တွင် အခြေမခံဘဲ လူမျိုးစုများ အချိုးကျပါဝင်သော အုပ်ချုပ်မှုပုံစံဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းတွင် ရှမ်း ၊ အားခါ နှင့် ယခင် ဗကပ ကာလတိုက်ခိုက်ရေး အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းထားပြီး ခေါင်းဆောင်မှာ ဦးစိုင်းလင်းခေါ် လီမင့်ရှင် ဖြစ်သည်။ ဦစိုင်းလင်းသည် ကြူကုတ်ဇာတိဖြစ်ပြီး ဗကပ များကြူကုတ်ကို သိမ်းပိုက်ချိန် ၁၉၆၈ တွင် ဗမာပြည်ကွန်မြူနစ်ပါတီသို့ တပ်သားအဖြစ် ဝင်ရောက်ခဲ့ပြီး တရုတ်- ရှမ်းကပြား ဖြစ်သည်။ တိုက်ရည်ခိုက်ရည်ကောင်းပြီး သဘောထားမျှတသူဟု ကျော်စောသည်။ ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗကပ တို့ကို ပုန်ကန်ပြီးနောက် ထိုအချိန်က နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး အစိုးရက အထူးဒေသ ၄ ဟု သတ်မှတ်ပေးခဲ့သည်။ မူလက အုပ်ချုပ်ရေးအဖွဲ့အမည်မှာ စစ် ရေးနှင့်ဒေသန္တရအုပ်ချုပ်ရေးကော်မတီဟု ခေါ်ဆိုခဲ့သော်လည်း ၂၀ဝ၅ တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကောင်စီ (Peace and Solidarity Council – PSC) ဟု ပြောင်းလဲခဲ့ကာ ကာကွယ် ရေးတပ်ဖွဲ့အမည်မှာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(National and Democratic Alliance Army – NDAA) ဖြစ်သည်။

mawkun-68-travelogue-jpg

Photo – Pho Thaw Dar

NDAA အဖွဲ့သည် UWSA အဖွဲ့ ၊ ကိုးကန့် MNDAA အဖွဲ့နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်းကျားစင်း၏သမီး ဒေါ်နန်းရင်မှာ ဦးစိုင်းလင်း၏ဇနီးဖြစ်သည်။ နဝတ တက်ပြီးနောက် တပ်မတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးကိုသာ အဓိကထားလုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို သေချာဖြေရှင်းခဲ့ခြင်း မပြုခဲ့ပေ။ တပ်မတော်အစိုးရသည် တရားဝင် (Dejury) မဟုတ်သည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာမည့် အစိုးရနှင့်သာဆက်ဆွေးနွေးရန် သဘောထားခဲ့သည်ဟု ယူဆရပါသည်။

သို့ရာတွင် ၂၀ဝ၈ အခြေခံဥပဒေရေးဆွဲပြီးစီးသောအခါ နဝတ မှ နအဖ ဟု အမည်ပြောင်းလဲလိုက်သော တပ်မတော်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်များ၏ အင်အားနှင့် အခြေအနေကိုလိုက်၍ နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။ BGF ပါ စည်းကမ်းအချို့ကို သဘောမတူသဖြင့် NDAA သည် လက်ခံခြင်းမပြုဘဲ ငြင်းဆန်ခဲ့သည်။ အလားတူ ငြင်းဆန်ခြင်းပြုခဲ့သော ကိုးကန့် (MNDAA) အဖွဲ့ကို တပ်မတော်က ၂၀ဝ၉ တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ခေါင်းဆောင် ဦးဖုန်းကျားစင်းမှာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။ UWSA အား လက်ခံခြင်းမရှိသော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း တပ်မတော်မှ တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန်သောကြောင့် UWSA ဝ တပ်ဖွဲ့သည် မိုင်းလားဒေသအချို့တွင် ဝင်ရောက်တပ်စွဲခဲ့သည်။ မိုင်းလားမှာ မိုင်းဆတ်ခရိုင်အတွင်းရှိ ဝ တောင်ပိုင်းနှင့် ပန်ဆန်းရှိ ဝ မြောက်ပိုင်းဒေသတို့ ကူးလူးဆက် ဆံရာအချက်အချာဒေသ ဖြစ်နေသည်။ ထို့အပြင်အထူးဒေသ ၄  နိုင်ငံရေးအရ ရင်ဆိုင်နေရသော ပြဿနာမှာ အထူးဒေသ၏ ဖြစ်တည်မှုဖြစ်သည်။

နဝတ၊ နအဖ စသည့် တပ်မတော်အစိုးရလက်ထက်က အထူးဒေသများသည် တရားဝင်ဖြစ်ခဲ့သော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးဒေသများသည် တရားဝင်ခြင်းမရှိပေ။ အခြေခံဥပဒေအရ အထူးဒေသများအစား ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းနှင့် ဒေသများကိုသာ သတ်မှတ်ပေးထားသည်။ မြန်မာပြည်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသများမှာ-

(၁) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(၂) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(၃) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(၄) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(၅) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ

(၆) ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတို့ဖြစ်သည်။

အထူးဒေသ ဆိုသည်မှာ ဥပဒေပြုရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်မအစိုးရ ဝင်စွက်ဖက်ခွင့်မရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အစိုးရ၏အာဏာအချို့ သက်ရောက်သည်။ သို့ဖြစ်၍ အထူးဒေသ ၄ သည် သူ့ပိုင်နယ်များဖြစ်သည့် မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများအား တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အပြည့်အဝရှိသည့်ဒေသအဖြစ် တောင်းဆိုထားသည်။ ရှမ်းပြည်နယ်တွင် အထူးဒေသ ၂  နှင့် အထူးဒေသ ၄ တို့သာ ကျန်ရှိတော့ပြီး UWSA ၏ အထူးဒေသ ၂ မှာမူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်း ဖြစ်သွားသည်။ (ဝ ကမူ သူတို့ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆိုထားသည်)

သမ္မတဦးသိန်းစိန်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဆွေးနွေးမှုရလဒ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ်ထွက်လာသည်။ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ ရှိသည့်အနက် မိုင်းလား (NCA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့မှာ NCA ပါ အချက်အလက်များ ဆွေးနွေးရာတွင် ပါဝင်ခဲ့ခြင်း မရှိကြပါ။  NDAA လည်း NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ပါဘဲ အဖွဲ့ ရှစ်ဖွဲ့ကသာလျှင် ၂၀၁၅ အောက်တိုဘာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၆ အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာသောအခါ ၂၁ ရာစုပင်လုံညီလာခံသို့ NCA ထိုးသည့်အဖွဲ့များရော မထိုးသည့် အဖွဲ့များကိုပါ ဖိတ်ကြားခဲ့သည်။ ညီလာခံတွင် NCA ထီးရိပ်အောက်မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအနေ ဖြင့် NCA ထိုးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် NCA မထိုးသော တိုင်းရင်း သားကိုယ်စားလှယ်များ ကိုယ်စားပြုအဖွဲ့ UNFC ၏ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ ၂၀၁၆ အောက်တိုဘာတွင် တွေ့ဆုံပြီး NCA ထိုးရေးအတွက် ဆွေးနွေးကြသော်လည်း အောင်မြင်မှုမရှိခဲ့ပါ။ အစိုးရနှင့် တပ်မတော်ဘက်က NCA ကို မပြုမပြင် လက်မှတ်ရေးထိုးစေလိုပြီး တိုင်းရင်းသားများဘက်က ပြုပြင်ပြီးမှ လက်မှတ်ထိုးလိုသည့်အတွက်ဟု နိုင်ငံရေးအကဲခတ်များကဆိုသည် ။

၂၁ ရာစုပင်လုံအခမ်းအနားသို့ NDAA (မိုင်းလား) နှင့် UWSA (ဝ) တို့ တက်ရောက်ခဲ့သော်လည်း ဝ မှာ ညီလာခံပြီးဆုံးသည်အထိ နေထိုင်ခြင်းမပြုဘဲ ထွက်ခွာသွားခဲ့သည်။ ပင်လုံ ဒုတိယနေ့တွင် NCA အတွင်းရေးမှူး ဦးကြည်မြင့်က အစိုးရ၏ NCA ကိစ္စအား ထောက်ခံပြောဆိုသွားသည့်အတွက် ဝ နှင့် မိုင်းလားအကြားတင်းမာမှုများ ရှိလာခဲ့ပြီး ၂၀၁၆ စက်တင်ဘာတွင် ဝတပ်များ မိုင်းလားဒေသသို့ ဝင်ရောက်လာကာ တာပင်းဂိတ်အနီး တောင်တန်းများပေါ်တွင် နေရာချထားခဲ့သည်။ တပ်မတော်က သတိပေးပြောဆိုသော်လည်း ဝ တပ်အချို့သာ  ရုပ်သိမ်းသဖြင့် ကျိုင်းတုံ-တာပင်း -မိုင်းလားလမ်းကို အစိုးရတပ်များက ယနေ့ထိ တိုင် ပိတ်ဆို့ထားဆဲဖြစ်သည်။

mawkun-68-travelogue-jpg

Photo – Pho Thaw Dar

ခြုံ၍ သုံးသပ်ရလျှင် မိုင်းလား အထူးဒေသ ၄ အာဏာပိုင် များအနေဖြင့် အစိုးရ၊ တပ်မတော်၊ UWSA တို့အကြား ညင်သာ ပျော့ပျောင်းစွာ ဆက်ဆံနေရပြီး  UWSA ၏ သဘောတူညီချက် မရဘဲ NCA ကို လက်မှတ်ရေးထိုးလိမ့်မည် မဟုတ်ပေ။ အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးဖို့ ဆွေး နွေးရာတွင် မည်သူပါဝင်ရမည်ဆိုသော အဖွဲ့အစည်းကန့်သတ်ချက်များကို လျှော့ပေးရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ငြိမ်းချမ်းရေးသည် အလှမ်းဝေးနေမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် တိုင်းရင်းသားလူမျိုး စုံလင်လှသော ရှမ်းပြည်နယ်တွင် အရှုပ်ထွေးဆုံးဟု ပြောဆိုနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော မိုင်းလား၏ ကံကြမ္မာသည်လည်း ဆူးကြားကဘူးခါးသဖွယ် တည်ရှိနေပါသည်။

(ဝန်ခံချက်။  ။အချက်အလက်များအား နိုင်ငံရေးလေ့လာအကဲခတ် စာရေးဆရာ မောင်မောင်စိုး၏ မြောက်ပိုင်းစစ်ပွဲနှင့်မြန်မာပြည်ငြိမ်းချမ်းရေးစာအုပ်မှ ကိုးကားရယူပါသည်။)


#mawkun #magazine #chronicle #travelouge #မိုင်းလား


 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."