စစ်တွေ-၂၀၂၃၊ ဇွန် ၁၄ (မော်ကွန်း)
အင်အားပြင်းဆိုက်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တာ ဒီနေ့တစ်လပြည့်ပြီဖြစ်ပေမယ့် မုန်တိုင်းဒဏ်သင့်သူတွေကတော့ လုံလောက်တဲ့ကူညီထောက်ပံ့မှုမရကြသေးဘဲ ဒုက္ခပေါင်းစုံနဲ့ဖြတ်သန်းနေကြရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မေ ၁၄ ရက်က စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ဒီမုန်တိုင်းကြောင့် ရခိုင်မှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရပြီး နေအိမ်နဲ့ အဆောက်အအုံ သိန်းနဲ့ချီပျက်စီးခဲ့သလို ကျွဲ၊နွားတွေသေဆုံး၊ စိုက်ပျိုးမြေတွေပျက်စီး၊ ရေအရင်းအမြစ်တွေ ညစ်ပတ်ခဲ့ရတာပါ။
“ ဒီဘက်မှာအကူအညီတွေ တကယ်လုံးဝမရောက်သေးတဲ့ ရွာတွေလည်းရှိတယ်၊ ရောက်တဲ့ရွာတွေလည်းရှိတယ်။ ဒါပေမယ့် သွပ်ပြားတွေမဟုတ်ဘူး။ တာပေါ်လင်တွေလောက်ပဲရောက်သေးတယ်။ တစ်ခြားအဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် လာရောက်ကူညီပေးတာတွေတော့ မရှိသေးဘူး။ အချိန်ကြန့်ကြာနေတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်တိုးတက်ရေးလူငယ်အသင်း (PDYO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ရွာပေါင်းသုံးရာနီးပါးရှိပြီး မုန်တိုင်းကြောင့် ရွာ ၁၉၀ လောက်က နေအိမ်တွေ လုံးဝပျက်စီးဆုံးရှံးသွားခဲ့ရတယ်လို့ ဒေသအခြေစိုက်ကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ အခုဆိုရင် စာသင်နှစ်စလို့ မဖြစ်အနေ ကျောင်းတွေဖွင့်ရမယ်လို့ စစ်ကောင်စီကညွှန်ကြားတဲ့အတွက် သင်ကြားရေးစတင်နေရပေမယ့် ကျောင်းသားတွေဟာ အပျက်အစီးတွေကြားမှာပဲ ဖြစ်သလိုသင်ကြားနေရတာလို့လည်း သူက ပြောပါတယ်။
မိုခါမုန်တိုင်းဒဏ်ကို အပြင်းအထန်ဆုံးခံစားခဲ့ရတဲ့မြို့နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာလည်း အခုထိမပြင်ဆင်ရသေးတဲ့ စာသင်ကျောင်းတွေရှိသေးတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ စစ်တွေမြို့ပေါ်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တိုးတက်မှုတွေတော့ ရှိပါတယ်။ လျှပ်စစ်မီးတွေလည်း ရပ်ကွက်တစ်ချို့မှာရနေသလို ကျန်သေးတဲ့ရပ်ကွက်တွေမှာလည်း မီးရဖို့ကြိုးစားနေတာတွေ ရှိပါတယ်။ မြို့ပေါ်နဲ့ ရွာဘက်တွေမှာတော့ အမိုးအကာတွေ မပြင်ဆင်ရသေးတဲ့ စာသင်ကျောင်းတွေ အနည်းအကျဉ်းတော့ ကျန်သေးတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့ တစ်မြို့နယ်လုံးဆို ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းလောက်ပြီးပြီလို့ပြောလို့ရတယ်” လို့ သူက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့ပေါ်ကရပ်ကွက်အချို့မှာ လျှပ်စစ်မီးပြန်ရပြီဆိုပေမယ့် စစ်ရှောင်ပြည်သူ ၂,၀၀၀ ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်က စစ်ရှောင်စခန်းမှာတော့ မိုခါမုန်တိုင်းကြောင့် ဆိုလာပြားတွေပျက်စီးခဲ့ပြီးကတည်းက အခုချိန်ထိ လျှပ်စစ်မီးမရသေးဘူးလို့ စခန်းတာဝန်ခံက ပြောပါတယ်။ လက်ရှိအဲဒီစခန်းမှာ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ မြောက်ဦးမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အများအပြားကို မိုခါဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ဈေးအဆမတန်တက်ခဲ့တဲ့ အိမ်ဆောက်ပစ္စည်းတွေလည်း အခုဆိုပုံမှန်ဈေးအတိုင်းပြန်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA က အိမ်ဆောက်ပစ္စည်းဆိုင်ရှင်တွေကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ခေါ်ယူသတိပေးခဲ့ပြီးနောက် အခုလိုဈေးပြန်ကျသွားတာလို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။
မုန်တိုင်းဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ သွပ်ရိုက်သံတစ်ပိဿာကို ရှစ်သောင်းကျပ်အထိ ဈေးမြင့်ခဲ့ပေမယ့် အခုတော့ ကျပ်တစ်သောင်းကျော်ကျော်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ သွပ်တစ်ပေကိုလည်း ၂၅၀၀ ကျပ်နဲ့ ဝယ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။
ဒီလိုအိမ်ဆောက်ပစ္စည်းတွေဈေးပြန်ကျသွားပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကုန်းတစ်တန်ရေတစ်တန်သွားရတဲ့ ကျေးရွာတွေမှာတော့ အမိုးအကာတွေမတတ်နိုင်သေးဘဲ စားနပ်ရိက္ခာတွေလည်း အရေးကြီးလိုအပ်နေဆဲဖြစ်တယ်လို့ ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ရခိုင်ပြည်နယ်မှာ ခရီးသွားလာခွင့်ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှ အကူအညီအထောက် အပံ့တွေ ကြန့်ကြာသွားခဲ့တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ဆိုပါတယ်။ ဒါပေမဲ့ ဇွန် ၁၁ ရက်မှာတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နဲ့ ဝံလတ်ဖောင်ဒေးရှင်းအပါအဝင် NGO အဖွဲ့အစည်း ရှစ်ဖွဲ့ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်ကြောင်းကို စစ်ကောင်စီကခွင့်ပြုခဲ့ပါတယ်။
ဒေသခံ အကူအညီပေးရေးအဖွဲ့တွေက မုန်တိုင်းသင့်ခဲ့တာ တစ်လကြာလာသည့်တိုင် လိုအပ်နေသူတွေထံ အကူအညီတွေ မရောက်သေးဘူးလို့ ဆိုကြပေမယ့် စစ်ကောင်စီကတော့ ရခိုင်သဘာဝဘေးသင့်သူတွေကို ထောက်ပံ့မှုဆက်တိုက် လုပ်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားပြည်နယ်တွေကို ဆန်အိတ်၊ သွပ်၊ သွပ်သံ၊ မိုးကာတဲ၊ တာပေါ်လင်၊ အိမ်ရိုက်သံ၊ သစ်ခွဲသား၊ ရေသန့်စင်ကားနဲ့ပုံတွေ ပို့ဆောင်ပေးနေပြီး ပျက်စီးခဲ့တဲ့အဆောက်အအုံတွေကိုလည်း ပြုပြင်ပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကို သဘာဝဘေးဒဏ်ကျရောက်တဲ့ ဒေသအဖြစ် ကြေညာထားပါတယ်။
ကုလသမဂ္ဂရဲ့အကူအညီပေးရေးအဖွဲ့တွေကတော့ ရခိုင်မှာသွားလာရေး ကန့်သတ်ခံနေရပြီး ဒုက္ခရောက်သူတွေကိုကူညီဖို့ အဟန့်အတားတွေ ဖြစ်နေတယ်လို့ ဇွန်လထဲမှာ ဆိုထားပြီး သူတို့ လက်လှမ်းမီတာတွေကို အကူအညီပေးနေတယ်လို့လည်း ပြောပါတယ်။
ဒါအပြင် မိုခါမုန်တိုင်းကြောင့် ဘေးဒဏ်သင့်သူ ၁ ဒဿမ ၆ သန်းအတွက် အရေးပေါ် အကူအညီပေးနိုင်ရန် ဒေါ်လာ ၃၃၃ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကြေညာထားသလို မုန်တိုင်းသင့်သူတွေကို ထိရောက်တဲ့ အကူအညီတွေမပေးနိုင်ရင် အငတ်ဘေးနဲ့ ရောဂါဘယဘေးတွေ ကြုံနိုင်တယ်လို့လည်း သူတို့ကသတိပေးထားပါတယ်။
ပုံစာ- မိုခါမုန်တိုင်းအပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နေအိမ်အပျက်အစီးမြင်ကွင်း။
Photo – WFP/Thar Nge
#Dailynews

