ရန်ကုန်-၂၀၂၃ မေ ၁၇ (မော်ကွန်း)
ဆိုင်ကလုန်းမိုခါကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်မှာ နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-CDF မတူပီ က ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“ ကျွန်တော်တို့လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် မတူပီမြို့နယ်တစ်ခြမ်းလောက်ပဲ ရနိုင်တာရှိတယ်။ ဝေးတဲ့ နေရာကတော့ ဆိုင်ကယ်လမ်းတွေပျက်လို့၊ ဖုန်းလိုင်းမရတာတွေဖြစ်လို့၊ လောလောဆယ်တော့ မြို့နယ်တစ်ခြမ်းတောင် ကျေးရွာပေါင်း ၃၀ လောက်မှာ ပျက်စီးတဲ့အိမ်က ၅၀ နီးပါးလောက်ရှိတယ်။
လောလောဆယ်က ရွာသုံးဆယ်လေးဆယ်လောက်ပဲ စာရင်းကကောက်လို့ရသေးတယ်” လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖြတ်တောက်မှုကြောင့် နဂိုကတည်းက ဆက်သွယ်ရေးစနစ်ဆိုးရွားတဲ့ ချင်းပြည်နယ်ဟာ အခုတော့ မုန်တိုင်းကြောင့်ပိုမိုဆိုးရွားသွားပြီလို့ သူက ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပိတ်ဆို့ မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ယခင်က တစ်ရက်သွားရတဲ့ကျေးရွာတွေကိုရောက်ဖို့ အခုဆိုရင် နှစ်ရက်ခရီးလောက်အထိ သွားနေရတယ်လို့ သူကမြေပြင်အခြေအနေကို ရှင်းပြတယ်။
ဒါ့အပြင် အခြားမြို့နယ်တွေရဲ့ အပျက်အစီး အထိအခိုက်ကိုလည်း ဆက်သွယ်ရေးနဲ့ လမ်းပန်းအခက်အခဲကြောင့် မသိရသေးဘူးလို့ ဆိုပါတယ်။
“ လိုင်းက နေရာတိုင်းမှာ မရတာဆိုးတာ။ ဆက်သွယ်လို့ လုံးဝမရဘူး။ ကျွန်တော်တို့ မတူပီမြို့နယ်အတွင်းမှာတောင် ဆက်သွယ်လို့မရဘူးဖြစ်နေတာ။ အခုကတစ်ရွာလုံး တစ်အိမ်နှစ်အိမ်လောက်ပဲ ကောင်းတော့တယ်ဆိုတဲ့ရွာတွေရှိတယ်။ နှစ်ရွာသုံးရွာလောက် အဲဒီလို ပျက်သွားတဲ့ ရွာတွေရှိတာ” လို့ လက်တလော အခြေအနေကို ပြောပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ ချင်းပြည်နယ်ကိုလည်း မြေပြင်လိုအပ်ချက်တွေသိအောင်ဆောင်ရွက်ပြီး လိုအပ်တာတွေဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ မေ ၁၆ ရက်က လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးမှာပြောထားပါတယ်။
ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီက ပြန်ကြားရေးတာဝန်ရှိသူကတော့ မုန်တိုင်းကြောင့် လူနေအိမ်တွေ၊ စစ်ဘေးရှောင်စခန်းတွေ မတူပီ မြို့နယ်ထဲမှာ ပျက်စီးထားပေမယ့် ဒီနေ့အထိတော့ ဘယ်အဖွဲ့ဆီကမှ အကူအညီမရသေးဘူးလို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ “မိုခါ”မုန်တိုင်းကြောင့် ချင်းပြည်နယ်က မတူပီ၊ ပလက်ဝ၊ တီးတိန်နဲ့ ဟားခါးမြို့နယ်လေးခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် မနေ့က သတ်မှတ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့သတင်းစာတွေမှာတော့ မုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုက ကျေးရွာ ၇၆၉ ရွာမှာ လူနေအိမ် ၁၁,၅၃၂လုံး၊ သာသနိကအဆောက်အဦး ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်တိုင် ၁၁၉ တိုင်၊ လေဆိပ်နှစ်ခုနဲ့ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးပျက်စီးခဲ့ပြီး ၂၁ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ချင်းပြည်နယ်တွင်း ဆိုင်ကလုန်းမိုခါတိုက်အပြီး မြင်ကွင်း
Photo – Chin Health Organization
#Dailynews

