မိုခါမုန်တိုင်းကြောင့် လတ်တလော ကိုးဦးသေဆုံးထားပြီး ထိခိုက်ပျက်စီးမှုတွေလည်းရှိနေ

မိုခါမုန်တိုင်းကြောင့် လတ်တလော ကိုးဦးသေဆုံးထားပြီး ထိခိုက်ပျက်စီးမှုတွေလည်းရှိနေ

ရန်ကုန်-မေ ၁၅ (မော်ကွန်း)

စူပါဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ရခိုင်ပြည်နယ်မှာ ကိုးဦးသေးဆုံးခဲ့ပြီးဖြစ်တယ်လို့ ယနေ့ နေ့လည်ပိုင်းမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့ ဒေသခံတစ်ချို့က ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်ဘေးမှာရှိပြီး ရခိုင်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ စစ်တွေနဲ့ ရမ်းဗြဲ မြို့တွေမှာ လူခြောက်ဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ဖြစ်တဲ့မြောက်ဦးမှာတော့ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ စစ်တွေ အဓိဌာန်ဘုန်းကြီးကျောင်းမှာ ကလေးငယ်တစ်ဦး မှန်ကွဲစမှန်ပြီး(သေတယ်)၊ မျက်နှာဖောက်သွားတာ။ ရမ်းဗြဲမှာက လူတစ်ယောက် အုန်းပင်ပိပြီး သေတာ။ စစ်တွေအပါအဝင်စုစုပေါင်း ခြောက်ယောက် သေတယ်လို့ လောလောဆယ် သိ ထားတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူက ဒီနေ့ နေ့လည်ပိုင်း မှာ ပြောပါတယ်။

မြောက်ဦးမြို့နယ်က သေဆုံးမှုနဲ့ ပတ်သတ်ပြီး “ မြောက်ဦးမှာ သုံးယောက်သေတာကတော့ အဘွားကြီးတစ်ယောက်က ဓမ္မာရုံမှာသေတယ်။ နောက်ထပ်နှစ်ယောက်ကကြတော့ မုန်တိုင်းခိုလှုံဖို့ နေရာအကူးအပြောင်းလုပ်ရင်းသေတာလို့ ကြားတယ်” လို့ လက်ရှိမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ မြောက်ဦးဒေသခံ တစ်ဦးက ပြောပါတယ်။

မိုခါ မုန်တိုင်း တည့်တည့်ဖြတ်ကျော်ခံရတဲ့ စစ်တွေမြို့ပေါ်မှာတော့ လျှပ်စစ်မီးတိုင်တွေလဲတာ၊ ဖုန်းတာဝါတိုင်တွေပြိုတာ၊ နေအိမ်တွေပြိုကျပျက်စီးတာ၊ သစ်ပင်တွေလဲပြီး အဆောက်အဦတွေအပေါ် ပိတာတွေဖြစ်ပေါ်ခဲ့တယ်လို့ စစ်တွေမြို့မှာ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

မေလ ၁၄ ရက် နေ့လယ်ပိုင်းမှာ ပင်လယ်ထဲကနေကုန်းပေါ်ကို မုန်တိုင်းတက်လာကတည်းက ရခိုင်ပြည်နယ်က ဒေသအတော်များများနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းမှာတော့ ဒေသခံတချို့နဲ့ ပြန်လည် အဆက် အသွယ်ရရှိခဲ့ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ ထိခိုက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပေမယ့် လတ်တလော တချို့ဒေသတွေရဲ့ မုန်တိုင်းဆိုင်ရာ နောက်ဆက်တွဲ အခြေအနေတွေကို အသေးစိတ်မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ ကုန်းတိုင်းမုန်တိုင်းအဖြစ် ဆက်လက်တိုက်ခတ်နေဆဲဖြစ်တဲ့ မိုခါမုန်တိုင်းကို အစိမ်းရောင်အဖြစ် ဒီနေ့မှာသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

မုန်တိုင်းတစ်လုံးဖြတ်ကျော်ဝင်ရောက်နေချိန်မှာ အနီရောင်အဆင့်သတ်မှတ်ပြီး ဖြတ်ကျော်ဝင်ရောက်ပြီးချိန်မှာတော့ အစိမ်ရောင်အဖြစ် သတ်မှတ်တာလည်း ဖြစ်ပါတယ်။

ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မုန်းတိုင်းလမ်းကြောင်း ဖြတ်သန်းရာ လမ်းကြောင်းဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာနဲ့ ရုတ်တရက် မိုးသည်းထန်ရွာ ရွာသွန်းတာ တွေ ဖြစ်နေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် မုန်းတိုင်းလမ်းကြောင်းပေါ်မှာ ရှိတဲ့ မြို့ရွာတွေကို အင်တာနက်ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေအနေအသေးစိတ်ကို တပြေးညီ မသိရသေးပါဘူး။

မိုခါမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ထိခိုက်ပျက်စီးသေဆုံးမှုတွေရှိပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အကြီးအကျယ်ထိခိုက်မှုတွေ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မိုးခါ မုန်တိုင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ စစ်ကောင်စီအစိုးရဘက်က ဒီနေ့လယ်အထိ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

ပုံစာ – မိုခါမုန်တိုင်းအပြီးစစ်တွေမြို့မြင်ကွင်း
Photo- U San Myat Shwe


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."