ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၉ (မော်ကွန်း)
မော်လမြိုင် – ထားဝယ်ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းရဲ့ ရေးမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ ကလိန်အောင်မြို့ကြားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ရန်ကုန်ကနေ မြိတ်၊ ထားဝယ်ထိ ဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့သုံးရက်ထဲက တိုက်ပွဲတွေစတင်ဖြစ်လာတယ်လို့ ၎င်းလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့က ပြောပါတယ်။
“၂၆ ရက်နေ့က ထားဝယ်ကနေတက်သွားတဲ့ကားတွေအကုန် အဲဒီ့မလွှဲတောင်မှာ ပိတ်မိနေတယ်။ အနောက်လည်းပြန်လှည့်လို့မရဘူး၊ ကြားညပ်နေတာပေါ့။ မနေ့ကလည်း ထပ်ပြီးတော့ တက်သွားတဲ့ကားတွေကတော့ အဲဒီထိကိုတောင် မရောက်တော့ဘူး ထားဝယ်ဘက် အကုန်ပြန်လှည့်ထားတယ်။ အခုဒီနေ့တော့ ဘယ်ကားမှမထွက်ပါဘူး” လို့ မြိတ်-ထားဝယ်-ရန်ကုန် ကားလေးဝန်ဆောင်မှု လုပ်ကိုင်တစ်ဦးက ပြောပါတယ်။
၎င်းအမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းရဲ့ ရေးမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်ကနေ ကလိန်အောင်မြို့ဘက်ကို စစ်ကော်မရှင်တပ်က ဒီလ၏နောက်ဆုံးပတ်မှာ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်မှာလည်း အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒီဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသတွင်း သတင်းတချို့မှာဖော်ပြပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ၎င်းလမ်းပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၅,၀၀၀ နီးပါးဟာ ရေးမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေကြရတာပါ။
မော်လမြိုင်-ထားဝယ်လမ်းပိုင်းဟာ အရင်ကလည်း တိုက်ပွဲတွေမကြာခဏဖြစ်ပွားတာကြောင့် လမ်းမကြာခဏပိတ်တဲ့အပြင် စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ထိန်းချုပ်နေတဲ့လမ်းပိုင်းဖြစ်တယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“ပုံမှန် ထားဝယ်ပြန်ရင် ဒီလမ်းကသိပ်စိတ်မချရဘူး။ နည်းနည်းတော့ စွန့်စားသွားရတယ်။ ခုနောက်ပိုင်း လေယာဉ်နဲ့ပဲပြန်ဖြစ်တယ်။ စရိတ်တော့ပိုကုန်တာပေါ့” လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလ ၁၅ ရက်ကလည်း ဒီလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်က အရာရှိ သုံးဦးအပါအဝင် ၁၇ ဦးထိ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၃၃) က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဒေသတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ PDF ဗျူဟာ (၃၃) တပ်ဖွဲ့နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီး စစ်ကော်မရှင်တပ်ကို အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ပုံစာ – အမှတ် (၈) လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – မွန်ပြည်တော်လှန်ရေးတပ်

