ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၁၀ (မော်ကွန်း)
မရမ်းကုန်းမြို့နယ်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့မိန်းကေဘယ်ကြိုး အခိုးခံရပြီးကြိုးပြတ်နေတာကြောင့် ၎င်းမြို့နယ်အတွင်းကရပ်ကွက်အချို့မှာ မနေ့ညကစတင်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။
ဒီလိုဓာတ်အားပြတ်တောက်မှုနဲ့ပတ်သက်လို့ မရမ်းကုန်းမြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းရာမှာ မိန်းကေဘယ်ကြိုး အခိုးခံရတာကြောင့်ဖြစ်ပြီး အမြန်ဆုံးလျှပ်မီးပေးနိုင်အောင် လက်ရှိမှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
မနေ့ညနေ ၅:၀၀ နာရီကစတင်ကာ မီးပျက်သွားတာဖြစ်ပြီး ဒီနေ့မနက် ၁၁ နာရီခွဲထိ မီးမလာ သေးဘူးလို့ မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်နေ ပြည်သူတွေကပြောပါတယ်။ ဒီလို အချိန်ကြာမြင့်စွာမီးပြတ်နေတာကြောင့် သုံးရေအခက်ခဲဖြစ်ပေါ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေကဆိုပါတယ်။
‘အစ်မတို့မြို့သစ်ဘက်ကတော့ တစ်ညလုံးရော ၊အခုတစ်မနက်လုံးရောမလာသေးဘူး အဲ့လောက်အကြာကြီးပြတ်တော့ အဓိကကတော့ ရေအခက်ခဲဖြစ်တယ်။ ဒီဘက်တွေကတိုက်ခန်းတွေချည်းပဲဆိုတော့ ရေမရှိရင် အပေါ့၊အလေးသွားဖို့တောင် မလွယ်ဘူးလေ။ ချက်ရပြုတ်ရတာလည်း တိုက်ခန်းတွေဆိုတော့ မီးပြတ်ရင် ဒုက္ခရောက်တယ်” လို့ သမိုင်း ၁ ရပ်ကွက် မြို့သစ်နေပြည်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကအာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးကို အလှည့်ကျမီးပေး စနစ်နဲ့ လျှပ်စစ်မီးပေးနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမီးပေးမှုမှာတော့ လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ အုပ်စုခွဲကာ မီးပေးနေတာပါ။
ဒီလိုအလှည့်ကျစနစ်နဲ့ပေးနေပေမယ့်လည်း မီးလာရမယ့်အချိန်မှာ မီးပြတ်တာတွေကတော့ ကြုံတွေ့နေရမြဲဖြစ်တယ်လို့ ရန်ကုန်မြို့နေပြည်သူတွေ ကဆိုပါတယ်။
#Dailynews

