မယ်ခိုတောင်၊ နိုင်ငံရေးယဉ်ကျေးမှု၊ ရန်သူမရှိနှင့် ဒဂုန်တာရာ ရာပြည့်

မယ်ခိုတောင်၊ နိုင်ငံရေးယဉ်ကျေးမှု၊ ရန်သူမရှိနှင့် ဒဂုန်တာရာ ရာပြည့်
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Diary  ဖြစ်ပါသည်။

ထွန်းဝင်းငြိမ်း ရေးသည်။

မယ်ခိုတောင်၊ နိုင်ငံရေးယဉ်ကျေးမှု၊ ရန်သူမရှိနှင့် ဒဂုန်တာရာ ရာပြည့်

လွန်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့သည် ဆရာဒဂုန် တာရာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်သည်။ ထိုနေ့ တွင် ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ ကမ္ဘောဇတိုင်း၏ ခေမာ ရဋ္ဌ သာမိုင်းခမ်းဟုခေါ်သည့် အောင်ပန်းမြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကလောမြို့မှလာလျှင် အောင်ပန်းမြို့အဝင်လမ်း ဘယ်ဘက်ခြမ်း၌ မယ်ခိုတောင် ရှိသည်။ မယ်ခိုတောင် တောင်ခါးပန်း၏ ထင်းရှူးပင်များကြားတွင် ဒဂုန်တာရာ အမှတ်တရ ငြိမ်းချမ်းရေးဗိမာန်ကို တွေ့နိုင်ပေသည်။ ထိုဗိမာန်၏ ဒဂုန်တာရာ ကဗျာရင်ပြင်တွင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

ဆရာ့ ရာပြည့်တွင် ဆရာ၏ ထင်ရှားသည့် အယူအဆဖြစ် သော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ် တာ” ဆိုသည်ကို နိုင်ငံရေးအရ ထောက်ခံပြောဆိုကြသူများ ရှိ သလို၊ ဆန်းစစ်ဝေဖန်ကြသူများလည်း ရှိသည်ကို တွေ့ရသည်။ သို့အတွက် ထိုအယူအဆကို လက်လှမ်းမီသလောက် စုစည်းကာ တွေးဆကြည့်မိပါသည်။

ပေါင်းစပ်ခြင်း

ဆရာဒဂုန်တာရာသည် စစ်နှင့်တော်လှန်ရေးကို ဖြတ်ခဲ့ရ သည်။ ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏ တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ဆရာက ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးကို ရရှိအောင် ဆောင်ရွက် ခြင်းသည် နိုင်ငံရေးဖြစ်သည်။ ထို့ကြောင့် ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့သည်ဟု နားလည်ရသည်။

ကျွန်တော်တို့နိုင်ငံသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး မကြာမီပင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍ ငြိမ်း ချမ်းရေး ပျက်ခဲ့သည်။ ငြိမ်းချမ်းရေးမရှိသည့်အတွက် တိုင်းပြည် တည်ဆောက်ရေး ကောင်းမွန်စွာမဆောင်ရွက်နိုင်။ ပြည်သူလူထု တစ်ရပ်လုံး၏ စားဝတ်နေရေးပြဿနာကိုလည်း ဖြေရှင်း၍မရ။  ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တိုင်းမှာ ငြိမ်းချမ်းရေး အခြေအနေ ပေါ်တွင် တည်သည်ဟု ဆရာဒဂုန်တာရာက သူ၏သမိုင်းဖြတ် သန်းမှု အတွေ့အကြုံအရ နားလည်သိမြင်ထားသည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုဟု သုံးနှုန်းရေးသားလိုက်သောအခါ နိုင်ငံ တော်တစ်ဝန်းလုံး၏ (သို့မဟုတ်) တစ်ပြည်လုံး၏ ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း ဆရာဒဂုန်တာရာက ဆိုခဲ့သည်။

နိုင်ငံရေးဆိုသည်မှာ အများနှင့် ပတ်သက်သော အနက်ရ သည်။ တစ်ဦးတစ်ယောက်ကောင်းစားရေးမဟုတ်။ အများ ကောင်းစားရေး ဖြစ်သည်။ ယဉ်ကျေးမှုဆိုသည်မှာ ရိုင်းရာမှ ယဉ်လာသည်အထိ တိုးတက်လာခြင်းပင်ဖြစ်သည်။ နိုင်ငံရေး ယဉ်ကျေးမှုဟု သုံးစွဲရာ၌ ပေါင်းစပ်ခြင်းသဘောလည်း သက် ရောက်သည်ကို ဆရာက ယခုကဲ့သို့ ဖော်ပြသည်။

“နိုင်ငံရေးသည် အများအတွက်၊ ပြည်သူတို့အတွက် ဖြစ် လေရာ ဧကဝါဒတို့နှင့်လည်း ဆန့်ကျင်နေပြန်သည်။ ဧကဝါဒနှင့် ဆန့်ကျင်သည်ဆိုလျှင် ဗဟုဝါဒအောက်သို့ ရောက်ရှိနေပြီ။ နိုင်ငံရေးယဉ်ကျေးမူသည် ဗဟုဝါဒ၏ တွဲဖက်အနက်။ ဗဟုဝါဒ ဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည် မှာလည်း ပေါင်းစပ်ခြင်းသဘောတရားဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်း သဘောတရား”ဟုဆိုခဲ့သည်။

(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၃)

ဆရာ ရည်ညွှန်းသော ဗဟုဝါဒ၏ အနှစ်သာရမှာ ပါတီစုံ စနစ်၊ အရင်းရှင်စီးပွားရေးနှင့် လစ်ဘရယ်ဒီမိုကရေစီကို ပြော သည်ဟု ဆိုခြင်းထက် လူတစ်ဦးချင်းစီ၏ အတွေးအမြင်၊ အရည် အချင်း၊ ကျွမ်းကျင်ပိုင်နိုင်မှုများကို လွတ်လပ်စွာ ပျိုးထောင်ခွင့်၊ ရှင်သန်ကြီးထွားခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပြဋ္ဌာန်းခွင့်တို့နှင့် လူ၏ မွေးရာပါ လွတ်လပ်မှုများအပေါ် ကောင်းမွန်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်သော ဝါဒကို ညွှန်းဆိုလိုရင်း ဖြစ် သည်ဟု ဆရာဖြတ်သန်းခဲ့သော ခေတ်စနစ်များ၏ အတွေ့အကြုံ ခံစားမှုများအရ ယူဆဖွယ်ရာ ရှိပါသည်။

ညီညွတ်ရေး၊ တန်းတူရေး၊ လွတ်လပ်ရေး

တိုင်းနိုင်ငံတိုင်းတွင် အုပ်ချုပ်ခံပြည်သူနှင့်အုပ်ချုပ်သူတို့ ရှိသည်။ အုပ်ချုပ်သူမရှိဘဲ တိုင်းသူပြည်သားများကသာ အုပ် ချုပ်သော နိုင်ငံဟူ၍ မရှိသေး။ ထိုအခြေအနေမှာ နိုင်ငံသား တစ်ဦးချင်းစီ၏ ယဉ်ကျေးမှုအဆင့်အတန်း အလွန်မြင့်မားမှ ဖြစ်မည်။ လူတိုင်း အသိတရား မြင့်နေမှ ဖြစ်မည်။ လူတိုင်းငြိမ်း ချမ်းသာယာစည်ပင်ဝပြောနေမှ ဖြစ်မည်။

ထိုသို့မဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကိုမည်သို့ဖြေရှင်းမည်လဲဟူသော မေးခွန်းရှိလာသည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ခြင်း စိတ်ဓာတ်ကသာလျှင်၊ လွတ်လပ်ရေးအခြေ အနေကသာလျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ဖြေရှင်းခြင်းဖြင့် ညီညွတ်ရေး အတိုင်းအတာတစ်ခု ရှိနေမည်ဆိုလျှင် ငြိမ်းချမ်းရေး ရရှိမည်ဟုဆိုနိုင်သည်။ ထိုသို့ဖြေရှင်းရာတွင် အကြမ်းပတမ်း နည်း၊ လက်နက်နည်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ခြင်းဟူ၍ နှစ် နည်းရှိသည်။ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမှသာလျှင် ညီညွတ်ရေးက ခိုင်မြဲမည်ဖြစ်ကြောင်း ဆရာဒဂုန်တာရာက ယခု လို ရေးသားသည်။

“နိုင်ငံရေးယဉ်ကျေးမူသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန် အခြေအနေများ ထည့်သွင်းစဉ်းစားကြ ရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန်အခြေအနေများမှာ တန်းတူ အခွင့်အရေး၊ လွတ်လပ်ရေးနှင့် ညီညွတ်ရေးဖြစ်သည်။ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေး ရရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေးရရှိမည်။ ငြိမ်းချမ်းရေး မရရှိခြင်းမှာ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေး မရရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့အကြောင်းတရားတို့သည် ဆက်စပ် မှီတွယ်နေကြပေ သည်။ မညီညွတ်ခြင်းသည် သဘာဝတော့ဖြစ်သည်။ သို့သော် ညီညွတ်ရေးရရှိရန်အစဉ်လှုပ်ရှားအားထုတ်နေရမည်။ မညီ ညွတ်ရသော အကြောင်းမှာ တန်းတူအခွင့်အရေးဖြင့် လွတ်လပ် ရေး မရှိသောကြောင့် ဖြစ်သည်”

(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၂)

ပြုစုပျိုးထောင်ခြင်း

ဆရာဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမူဟူသော ဝေါဟာရအနက်ကို ဆက်လက်ဖွင့်ဆိုရာ၌ ယဉ်ကျေးမှု၏ စကား ရင်းအဓိပ်္ပယ်မှာ ပြုစုပျိုးထောင်ခြင်းအနက်လည်း ပါဝင်သည်ဟု ဆိုပါသည်။ ပန်းပင်စိုက်သောအခါ မျိုးစေ့ကျရုံနှင့် ချက်ချင်းပွင့် လာသည်မဟုတ်။ ပေါင်းပင်များကို ဖယ်ရှင်းရသည်။ မြေကြီးကို နူးညံ့အောင်၊အပင်ကြီးထွားနိုင်အောင် လုပ်ပေးရသည်။ အဆင့်ဆင့် အသေးစိတ် ပြုစုပျိုးထောင်ပေးမှသာလျှင် ဖြစ်ထွန်းခြင်း အဖြစ်၊ သီးပွင့်ခြင်းအဖြစ်သို့ ရောက်ရသည်။ ဆရာက ယဉ်ကျေးမှု ကို ယင်းအနက်ဖြင့် ကောက်ယူကြောင်း အောက်ပါအတိုင်းရေးသည်။

“လူတို့၏သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသောအဆင့် ဆင့်ကို ဖြတ်သန်းပြီးနောက် ဖူးရ၊ ပွင့်ရ၊ သီးရသည်။ ထိုအခါမှ ရနံ့ဖြစ်ထွန်းလာသည်။ အရသာဖြစ်ထွန်းလာသည်။ ဤသို့ အဆင့်ဆင့်သဘောဖြင့်ပင်လျှင် နိုင်ငံရေးယဉ်ကျေးမှုသည် ဖွဲ့ စည်းဖြစ်ထွန်းလာရပေမည်။ ယင်းအဆင့်ဆင့်ဟူသော သဘော မှာ အချိန်ကာလကို ပြသည်။ တစ်ပွင့်နှင့်တစ်ပွင့် တစ်သီးနှင့် တစ် သီး တူသည်တော့ မဟုတ်။ မြန်လျှင် မြန်မည်။ ကြာလျှင်ကြာမည်။ ယင်းသို့ လူတို့၏ သတ်မှတ်သော အချိန်ကာလနှင့် မှတ်သား နိုင်သည်။ အသီးအပွင့်တို့၏ သဘာဝသည် တစ်ခုနှင့် တစ်ခု တူကြသည်မဟုတ်။ ထို့ကြောင့် အချိန်ဖြင့် ပြောင်းလဲခြင်းအဆင့် ဆင့်ကို ဖူးပွင့်ခြင်း၊ သီးခြင်းအဆင့်ဆင့်ကို တရားသေ သတ်မှတ်၍ မရကောင်း။ နိုင်ငံရေးယဉ်ကျေးမှုသည်လည်း ယင်းအတိုင်းပင် ဖြစ်မည်”

ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီ လှုပ် ရှားသော ခေတ် စသဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံ ရေးအဓိပ္ပာယ်ကို သူ၏ တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တစ်ပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာ သီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်း သည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရ ဖြစ် သည်ဟု ဆိုရပေလိမ့်မည်။ နိုင်ငံရေးယဉ်ကျေးမှုသည် ယင်းနိုင်ငံ ၏ အရေးနှင့် ပြုစုပျိုးထောင်ခြင်းသဘောကို ပေါင်းစပ်၍ နား လည်ရသော သဘောတရားဖြစ်ပေသည်ဟု ဆရာက ဖွင့်ဆို ရေးသားခဲ့ သည်။

ကိုလိုနီခေတ်၏ နိုင်ငံရေးမှာ လွတ်လပ်ရေးအတွက် ကြိုး ပမ်းရသော နယ်ချဲ့ဆန့်ကျင်ရေးဖြစ်သည်။ ဂျပန်ခေတ်တွင် ဖက် ဆစ်ဆန့်ကျင်ရေးမှာ နိုင်ငံရေးဖြစ်သည်။ လွတ်လပ်ရေးခေတ်တွင် အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးမှာ နိုင်ငံရေးဖြစ်သည်။ ဒီမိုကရေစီအစိုးရခေတ်တွင် ဒီမိုကရေစီ အခွင့်အရေးလှုပ်ရှား မှုများသည် ပင်မနိုင်ငံရေးဖြစ်ကြောင်း ဆရာက ထောက်ပြသည်။

ဒီမိုကရေစီဟူသောဝေါဟာရမှာ ပြည်သူတို့က စိုးမိုးခြင်း၊ ပြည်သူ့အာဏာဟု အဓိပ္ပာယ်ရသည်။ ပြည်သူဟူသော စကားရပ် ၏ အဓိပ္ပာယ်မှာလည်း ရှေးခေတ်ကနှင့် မတူတော့။ စိုးမိုးခြင်း ခံရသော ပြည်သူ၊ အဖိနှိပ်ခံရသောပြည်သူ၊ ချုပ်ချယ်ခြင်း ခံရသော ပြည်သူဟူ၍ အဓိပ္ပာယ်ဖွင့်ကြသည်။ ပြည်သူတို့ အာဏာမရမချင်း (ဝါ) ပြည်သူတို့၏အစိုးရမပေါ်ပေါက်မချင်း ဤသို့ နားလည်ကြမှာဖြစ်ကြောင်းနှင့် ယနေ့ နိုင်ငံရေးယဉ်ကျေး မှု၏ ရည်ရွယ်ချက်ကို ဆရာက ယခုလို ဖွင့်ဆိုရေးသားခဲ့သည်။

“ယနေ့ အလိုအပ်ဆုံး၊ ပြည်သူတို့ အလိုအပ်ဆုံးကား ညီ ညွတ်ရေး၊ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ကမ္ဘာ့ပြည်သူတို့ကလည်း ငြိမ်းချမ်းရေးကို လိုအပ်နေသည်။ ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူတို့၏စွမ်းအားကို အကုန် အသုံးပြုပိုင်ခွင့်ရှိသည်။ ပြည်သူ တို့၏ ကိုယ်စား အုပ်ချုပ်ရေး ရှိမှသာလျှင် ငြိမ်းချမ်းရေးရနိုင်သည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှု၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်း ရေး၊ ပြည်သူတို့၏ ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စစ်မက် မရှိသော ကမ္ဘာသည် ထာဝရငြိမ်းချမ်းရေး၊ ထို့ကြောင့် ငြိမ်းချမ်း ရေးသည် နိုင်ငံရေးယဉ်ကျေးမှု၏ စုစည်းလမ်းဖြစ်သည်ဟု ဆိုချင် ပါတော့သည်”

(ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၅)

မတူသော အကြောင်းအရာများ

ပေါင်းစပ်ခြင်းဆိုသည်မှာ မတူသောအကြောင်းအရာများ ကိုပေါင်းစပ်ခြင်းဟု ဆရာဒဂုန်တာရာက ဩန်းဆိုပါသည်။ မတူ ခြင်းသည် သဘာဝတရားဖြစ်ပြီး မတူ၍ ခြားနားနေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ကမ္ဘာကြီးတွင် ပေါင်းစပ်နေကြရသည်။ တစ်ဦးကို တစ်ဦး အမှီသဟဲပြု၍ နေကြရသည်။ ယခင်ကကဲ့သို့သော တော တောင်ရေမြေ ခြားနားသော တံတိုင်းကြီးများက ပြိုကွဲသွားပြီ။ မရှိတော့။ အီလက်ထရွန်းနစ် နည်းပညာကြောင့်လည်း ကမ္ဘာကြီး သည် ပို၍နီးစပ်နေကြသည်။ နီးကပ်နေကြသည်ကို ဆရာက အောက်ပါအတိုင်း အသေးစိတ် တင်ပြခဲ့သည်။

“တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက်က ယူနေကြ သည်။ မိမိတို့၏ အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ရှိလင့်ကစား ယင်းယဉ်ကျေးမှုတု့ိပင်လျှင် အသွင်ပြောင်းစပြုလာသည်။ ပေါင်းစပ်ခြင်းဆိုသည်မှာလည်း ညီညွတ်ရေးသဘောတရားပင် ဖြစ်သည်။  မတူသော်လည်း ပေါင်းစပ်လျှင် ညီညွတ်နိုင်သည်။ ညီညွတ်သွားခြင်းဆိုသည်မှာလည်း ဆန့်ကျင်မှုများ နည်းပါး သွားသည်ဟု ယူ၍ရသည်။

ဆန့်ကျင်မှုများ နည်းပါးသွားသည်ဆိုလျှင် ရန်ပြုခြင်း လည်း နည်းပါးသွားနိုင်သည်။ ရန်ပြုခြင်းသည် မတည်မငြိမ်ဖြစ် ခြင်းကို အားပေးသည်။ ဒဿနတစ်ရပ်တွင် ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးဟူသော သဘောတရားပင် ပေါ်ထွန်းလာသည်မှာ အမှန်ပင်။

မတူသောအရာများပေါင်းစပ်၍ ရသလော။ ရနိုင်သည်။ ရသည်။ လူတို့၏အတွေးအခေါ်သည် ကမ္ဘာတည်စနှင့်မတူ၊ ပြောင်း လဲ တိုးတက်လာသည်။ ပြောင်းလဲခြင်းသည် သဘာဝတရား ဖြစ်သည်။ ပြောင်းကို ပြောင်းလဲရမည်။

မတူသောအင်အားစုများ ပေါင်းစပ်မိလျှင် အောင်မြင်ခြင်း အထွတ်အထိပ်သို့ ရောက်နိုင်ပေလိမ့်မည်”

(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၉၊ ၂၁)

ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေး

ကမ္ဘာမြေပေါ်တွင် လူတို့သည် အမျိုးမျိုး ရှိကြသည်။ မတူ ကြ။ နေရာဒေသ၊ လူမျိုး၊ ဘာသာစကားများ တစ်ခုနှင့် တစ်ခု မတူနိုင်။ ထို့ကြောင့် ဆန့်ကျင်ဘက်ဆိုသည်မှာ ရှိစမြဲ။ သဘာဝ ကျသည်ဟုဆိုသည်။ လူတို့၏ ဘဝလမ်းကြောင်းတလျှောက်တွင် ဆန့်ကျင်ဘက်များကို တွေ့ရမည်။ ရှောင်လွှဲ၍မရ။ ပြည်ထောင်စု အတွင်း၊ အဖွဲ့အစည်းအတွင်းဖြစ်စေ၊ မတူသောအရာများရှိသည်။ အခြေခံ နောက်ခံကားချပ်မတူ၊ သို့သော် ထိုသို့ မတူညီသော ဆန့်ကျင်ဘက်တို့၏ ညီညွတ်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေးနှင့် နီးစပ်နိုင်ကြောင်း ယခုလိုရေးသားဖော်ပြခဲ့သည်။

“နိုင်ငံရေးယဉ်ကျေးမှု၊ လူမူရေးနောက်ခံကားချင်းမတူ။ ထို့ကြောင့်ပင်မတူသောအရာများရှိနေသည်မှာ မတတ်နိုင်။ သို့ သော် ယင်းမတူူသော ဆန့်ကျင်ဘက်များကို ဆောင်ရွက်ခြင်းဖြင့် ကွဲလွဲချက်များရှိလင့်ကစား ညီညွတ်စွာဆောင်ရွက်နိုင်သော အခြေအနေကို ရယူဖန်တီးကြရမည်ဟုကျွန်တော်ယူဆထား သည်။ ရယူမဖန်တီးနိုင်လျှင် အခြေအနေသည် တည်ငြိမ်မည် မဟုတ်။ မညီညွတ်လျှင် ငြိမ်းချမ်းရေးနှင့်လည်း ဝေးသွားနိုင်သည်”

(ဒဂုန်တာရာ ၊ နိုင်ငံရေးယဉ်ကျေးမူ၊ စာ-၂၃)

ဆရာက ဘဝခရီးတွင် ဆန့်ကျင်ဘက်အရာများနှင့် ပဋိပက္ခ ကြုံရသည့်အခါ စေ့စပ်ရေးနှင့် သင့်မြတ်အောင် နေထိုင် ခဲ့ခြင်းမှာ သူ၏မူ ဖြစ်သည်ဟု ဆိုသည်။ ဆန့်ကျင်ဘက်ကိစ္စများ လျော့ပါးသွားအောင်၊ သင့်မြတ်အောင် လုပ်ကြရမည်ဟု ဆို သည်။ သူကတော့ မည်သူ့ကိုမျှ ရန်သူလိုသဘောမထား၊ တစ်ခါ တစ်ရံ အကြောင်းအကျိုး မခိုင်လုံဘဲ၊ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ရန်လုပ်ခြင်းများနှင့် ကြုံရတတ်သည်။ သို့သော် သူက ရန် ပြန်မလုပ်တတ်။ မတုံ့ပြန်။ ရန်ကိုရှောင်သဖြင့် ပြဿနာမရှည် တော့။ ဤသည်မှာ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေ သာရှိဟု သဘောထားနိုင်လျှင် ညီညွတ်ရေးလမ်းနှင့် နီးလာ သည်ဟု ယုံကြည်ထားသော အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဆရာက သူ၏ ယုံကြည်မှုကို ယခုလိုဖော်ပြသည်။

“အယူအဆမတူခြင်းသည် သဘာဝဖြစ်၍ နီးစပ်လာသည် အထိ ညှိနှိုင်းမည်ဆိုလျှင် ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ၊ မုန်းသူ မရှိ၊ ချစ်သူသာ ရှိ အခြေအနေသို့ လုံးဝရောက်ရမည်ဟု ကျွန်တော်၏ ဘဝအတွေ့အကြုံ၊ သမိုင်းအတွေ့အကြုံအရ ယုံကြည်လျက် ရှိနေပေသည်”

(စံပယ်ဖြူ ၊ ဇန်နဝါရီ ၂ဝ၁၄)

အချစ်နှင့် အမုန်း

ဆရာဒဂုန်တာရာသည် ၁၉၅ဝ ခုနှစ်လောက်က စ၍ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ လောက်က စပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်း ရေးသားဖော်ပြခဲ့သည်။ ဆရာသည် ယုံယုံကြည်ကြည်နှင့် ရေးသားဆောင်ရွက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအဖွဲ့အစည်း များတွင် အာဏာနိုင်ငံရေးသမားအချို့၏ ပြုမူချက်ကို စိတ်ပျက် မိသော်လည်း ဆက်လက်ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။

ထိုအချိန်က လက်နက်နိုင်ငံကြီးတချို့သည် တစ်ဖက်က    ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ပွဲများ ခင်းနေကြ သည်ကိုတွေ့ရ၍ စိတ်ပျက်ရသော်လည်း သူသည် ငြိမ်းချမ်းရေး တရားဓမ်္မကိုကား မစွန့်လွှတ်နိုင်ခဲ့ပေ။ ယုံကြည်မြဲ ယုံကြည် လျက်ပင် ရှိနေကြောင်း ယခုလိုရေးသားသည်။

“နိုင်ငံတော်စနစ်ချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သည်ဟူသောတရားကို ကျွန်တော်နှစ်သက်သည်။ သို့သော် သူတို့သည် မကျင့်သုံးကြပေ။

လူတို့၏အင်အား(ဝါ)အများစုကြီးဖြစ်သော ပြည်သူတို့၏စွမ်းအားကို ကိုယ်စားပြုသော၊ တကယ်ကြီးမားလွှမ်းမိုးသော ခေတ်တွင်ကား ငြိမ်းချမ်းရေးသည် ထာဝစဉ်တည်ရှိမည်ဟု ယုံကြည်မိပေသည်။ ထိုအခါလူသားတို့၏ ချစ်ခြင်းမေတ္တာတရား သည် လွှမ်းမိုးနေမည်ဟု ယုံကြည်မိပေသည်” ဟု ဆိုခဲ့သည်။

 ရန်သူမှ မိတ်ဆွေသို့

ဆရာဒဂုန်တာရာက သူ့ကိုယ်သူ နိင်ငံရေးသမားဟု မသတ်မှတ်။ သို့သော် နိုင်ငံရေးရာကိစ္စများကို စိတ်ဝင်စားသူ၊ ဖတ်ရှုလေ့လာသူ၊ ယဉ်ကျေးမှုရေးရာ အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ဖူးသူအဖြစ်သာ သတ်မှတ်ထားသည်။ ယင်းသို့ သော လူထုလှုပ်ရှားမှု အတွေ့အကြုံဖြင့် သူ၏ဘဝဒဿနကို ရရှိခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ ရန်သူမှ မိတ်ဆွေသို့ ပြောင်းလဲ စေရေး ဖြစ်သည် ဟူ၍။ ဆရာက သူ၏ဖြတ်သန်းမှုကို ယခုကဲ့သို့ သုံးသပ်ကြည့်သည်။

“စစ်ပြီးခေတ်တွင် ကြီးပြင်းလာသူများသည် စစ်အေး ကာလကို ဖြတ်သန်းသွားကြသူများဖြစ်သည်။ စစ်အေးခေတ် ကာလဆိုသည်မှာ ဆန့်ကျင်ဘက်အုပ်စုများ တစ်ဖက်နှင့် တစ် ဖက် သင့်မြတ်ပေါင်းစည်းလာရေးမဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်လာရေး၊ ရန်သူစိတ်ဓာတ် တိုးပွားလာရေးတို့သာ ဖြစ်သည်။ ထို့ ကြောင့် တစ်ဖက်ကို တစ်ဖက် အကောင်းမမြင်နိုင်ကြ။ အမှန် တရားကို ရှာဖွေလေ့လာ စူးစမ်းသော ကာလမဟုတ်။ တစ်ဖက် သတ်အမှန်တရားဟုသာ နားလည်နေသော ခေတ်ကာလဟု ကျွန်တော်ထင်သည်။ ယင်းကာလသည် စုံလင်ထွေပြား များ မြောင်ရှုပ်ထွေးသည်။ သို့သော် ရှုပ်ထွေးသည့်အထဲမှာပင် ရှင်း လင်းလာအောင် ကြည့်မြင်ကြရပေမည်။ လွယ်တော့မလွယ်။ အတွေ့အကြုံ၊ သမိုင်းဖြစ်ရပ်များက သင်ကြားပေးနေသည်”

(ဒဂုန်တာရာ ၊ နိုင်ငံယဉ်ကျေးမှု၊ စာ-၄၃)

ဆရာဒဂုန်တာရာက စစ်အေးလွန်ကာလတွင် ကမ္ဘာကြီး မှာ အင်အားကြီးနိုင်ငံများသည် ရန်သူကိုမိတ်ဆွေအဖြစ် ပြောင်း လဲရမည်ဟူသော နိုင်ငံရေး ဆန်းစစ်လာပြီဟု သုံးသပ်သည်။ တစ်နည်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားစပြုလာပြီဟု ယူဆသည်။ စစ်လက်နက်အပြိုင်အဆိုင် ထုတ်လုပ်ရေး၊ တစ်ဖက် ရန်သူကို ဝိုင်းပယ်ရေး၊ တစ်ဖက်ရန်သူ၏ အပြစ်များကို ထုတ် ဖော်ကာ ဝါဒဖြန့်ရေးစသည့် အညစ်အကြေးများ ကင်းစင်လာ လျှင် ပူးပေါင်းဆောင်ရွက်မည်။ ကူညီထောက်ပံ့မည် ဟူသော ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်တို့ ဆန်းသစ်လာရပေမည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် ဆရာက သူ၏ ဒဿနကို ယခုလို အနားသတ်ရှုမြင်ခဲ့ပေသည်။

“ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့လူသားတို့အတွက် တိုးတက်ရေးဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးသည် တည် ဆောက်ရေးဖြစ်သည်။ ဖျက်ဆီးခြင်းမဟုတ်။ အနုပညာသိပ္ပံ ပညာတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်း လူသားတို့၏ ယဉ် ကျေးမှုကြီးသည်လည်း အရှိန်လျင်မြန်စွာဖြင့် အားကောင်းစွာ ထွန်းကားစည်ပင်လာရပေမည်။ ထိုအခါ ရန်သူမှ မိတ်ဆွေသို့ ပြောင်းလဲသော နိုင်ငံရေးယဉ်ကျေးမှု ဝါဒသည် ရှင်သန်လာရ ပေမည်။ နိုင်ငံရေးယဉ်ကျေးမှုဝါဒသည် ဗုဒ္ဓအလိုကျမေတ္တာဝါဒ ဖြင့်သာလျှင် အချစ်ကမ္ဘာကြီးကို တည်ဆောက်နိုင်ပေလိမ့်မည်”

(ရနံ့သစ်၊ ဖေဖော်ဝါရီ ၂ဝဝ၂)

နိဂုံး

ဆရာဒဂုန်တာရာ၏ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲအောင်လုပ်တာ ဟူသော အယူအဆ ကို ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်း တော်ဘုရား ကလေး စာပေဆုပေးပွဲ စိမ်းလန်းစိုပြေတွင် ပြောကြားသော အဖွင့်အမှာစကားတွင် ယခုလို အကျယ်တဝင့် ရှင်းလင်းထား သည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေးအတွက် ကျွန်တော့်အတွေ့အကြုံအရ ပြော ရရင် ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ။ မုန်းသူ မရှိ၊ ချစ်သူသာ ရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲ အောင် လုပ်တာ။ အဲဒီလိုပဲ ကျွန်တော်ထပ်ပြီးတော့ ပြောချင်ပါ တယ်။ အယူအဆကတော့ တချို့ ကြိုက်နှစ်သက်ခြင်း ရှိဟန်မတူ ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကိုပဲ ထပ်ပြောချင်တဲ့အတွက် ဒီနေ့ အမှာစကားပြောရာမှာ ရန်သူမရှိဆိုတဲ့ စကားအတွက် နည်းနည်းလေး ရှင်းခွင့်ရရင် ပြောချင်ပါတယ်။ ရန်သူမရှိဘူးလို့ ဆိုတာကတော့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်မရှိဘူးလို့ ပြော တာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ရန်သူလို့ သဘောမထားတာ ဖြစ်ပါတယ်။ စကားအနေနဲ့ ကဗျာစကားလုံးလေးအဖြစ်၊ လေး လုံးစပ်ကဗျာထဲမှာ ရန်သူမရှိလို့ပဲ ကျွန်တော်သုံးနှုန်းခဲ့ပါတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိဆိုပြီး မိတ်ဆွေတွေလို့ အားလုံးကို သဘောထားရမယ်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ရန်သူမရှိ၊ မိတ်ဆွေ သာ ရှိ၊ မုန်းသူ မရှိ ချစ်သူသာ ရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူ ကို မိတ်ဆွေဖြစ်အောင် လုပ်တာလို့ ပြောရမှာပါ”

ဟူ၍ ဆရာဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးအယူအဆ၊ ဘဝဒဿနကိုရှင်းပြခဲ့သည်။ သို့သော် ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နေကြရသော ယနေ့ခေတ်တွင် ဆရာ ငယ်စဉ်ကတည်းက လိုလားခဲ့သော တန်းတူရေး၊ လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးတို့ကို အခြေခံသည့် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် လက်တွေ့ နိုင်ငံရေးဘဝတွင် မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။

ဆရာ့ အယူအဆတွင် ရန်သူကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့် သနည်း။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာဒဂုန်တာရာတို့ ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးမှာ ဘက်ရှိသော ငြိမ်းချမ်းရေး ဖြစ်သည်။ ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင် ပါဝင်သည့် ပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီသော ငြိမ်းချမ်းရေး ကို တည်ဆောက်ရန်ဖြစ်သည်ဟု ဆိုခဲ့သည်။ ပြည်သူလူထု၏ဆန္ဒ နှင့် ကိုက်ညီသော နိုင်ငံရေးဆိုသည်မှာ အများကောင်းစားရေး ဆောင်ရွက်ခြင်းဟု ဆရာကဆိုခဲ့သည်။ တစ်နည်းအားဖြင့် ပြည်သူလူထုအကျိုးစီးပွားကို တိုးတက်အောင်ဆောင်ရွက်သော နိုင်ငံရေးယဉ်ကျေးမှုဖြစ်သည်။ ထိုသို့ဆိုလျှင် ရန်သူဆိုသည်မှာ ပြည်သူလူထု အကျိုးစီးပွားကို ဆုတ်ယုတ်အောင် ဆောင်ရွက်သူ ဟု ဆိုနိုင်သည်။ ထိုအကျိုးစီးပွားအပေါ် မူတည်၍ ပဋိပက္ခများ ဖြစ်ကြသည်။ အမြင့်ဆုံးနိုင်ငံရေးပဋိပက္ခမှာ စစ်ပွဲများ ဖြစ်သည်။

စစ်ဆိုသည်မှာလည်း နိုင်ငံရေး၏ အဆက်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာလည်း ခေတ်တစ်ခေတ်၏ တည်ရှိနေသော စီးပွားရေး စနစ်ပေါ်မှသာ ပေါ်ထွက်လာရခြင်းဖြစ်သည်။ ယနေ့ ခေတ်တွင် တိုင်းပြည်၏ သယံဇာတ၊ မြေယာ၊ သဘာဝအရင်း အမြစ်များနှင့် စီးပွားရေး ဘဝတစ်ခုလုံးမှာ စစ်အာဏာပိုင်များနှင့် ခရိုနီတို့သာ အဓိကပိုင်ဆိုင်နေကြသည်။ တိုင်းရင်းသားပြည်သူ လူထုမှာ နင်းပြားဘဝက မလွတ်မြောက်နိုင်သေးပေ။ တရားမျှတ သော မိုးကောင်းကင်ကြီးအောက်တွင် ပြည်သူလူထုမှာ ဝမ်းရေး အတွက် တစ်နေ့စာ တစ်နေ့ ရှာဖွေစားသောက်နေရသဖြင့် ရန်သူ မရှိ မိတ်ဆွေသာ ရှိချင်ကြပါသည်။ မုန်းသူမရှိ ချစ်သူသာ ရှိချင် ကြပါသည်။ သို့သော် ပြည်သူတို့၏ မွေးရာပါ အခွင့်အရေးများ ဖြစ်သော တရားမျှတမှု၊ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များကို တောင်း ဆိုသောအခါ အာဏာပိုင်များသည် ပြည်သူလူထုအပေါ် မိတ် ဆွေမရှိ၊ ရန်သူသာရှိကြသည်။ ချစ်သူမရှိ၊ မုန်းသူသာ ရှိကြသည်။ အာဏာကုန်သုံး၍ ဖြေရှင်းကြသည်။ ထိုအခြေအနေများကို ဆရာဒဂုန်တာရာက ပြောင်းပြန်လှန်ပစ်လိုသည်။ အာဏာ ပိုင်များကိုလည်း ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲရမည်ဟူ သော နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားစေချင်သည်ဟု ယူဆ ရသည်။

ဆရာက စစ်ဆိုသည်နှင့် အကြမ်းဖက် ဖြေရှင်းကြသည်၊ ရန် ငါ ပဋိပက္ခ ဖြေရှင်းမှုမျိုးဖြစ်သည်ဟု ရှုမြင်ပါသည်။ ထို ပဋိပက္ခကို မိတ်ဖက်ပဋိပက္ခအဖြစ် ဆရာက ပြောင်းလဲလိုသည်။ စစ်ပွဲတွင်လည်း ဖိနှိပ်သောစစ်နှင့် ခုခံရသောစစ်ဟူ၍ ရှိကြ သည်ကိုလည်း ဆရာ့အတွေ့အကြုံအရ သိသည်။ ယင်းအခြေအနေမှာ အလွန်နက်နဲခက်ခဲပါသည်။ အာဏာလက်ရှိနှင့် အာဏာမဲ့သူတို့၏ တွေ့ဆုံမှုမှာ တန်းတူရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အရေးများ လိုအပ်ပါသည်။ သို့သော် ဆရာ၏ နိုင်ငံရေးယဉ်ကျေးမှုအလိုအရ အနုနည်းဖြစ်သော နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေးစေမည့် နည်းဖြင့်သာ ပြဿနာ၏အဖြေ ကို ရှာစေချင်သည်။ ထို့နောက် ယုံကြည်မှုတည်ဆောက်ကြမည်။ ပြည်တွင်းစစ် နှစ် ၇ဝ ခရီး၏ ဆက်ထုံးများကို တစ်ရစ်ချင်း ဖြေလျှော့ကြမည်။ စသည်ဖြင့် များပြားလှစွာသော လုပ်ငန်းစဉ် များ ရှိကြပါလိမ့်မည်။ တကယ်တော့ ဆရာဒဂုန်တာရာ၏  “နိုင်ငံ ရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”ဆိုသည့် အယူအဆမှာ အချိန်ယူ၍ သုတေသနလုပ်ရမည့်အရာ ဖြစ်သည်။ ယခုမှာမူ တို့ထိကြည့်ခြင်း အဆင့်သာဖြစ်သည်။

စစ်အာဏာရှင်စနစ်အောက်တွင် ရာစုနှစ် ထက်ဝက် ကျော်နေလာခဲ့ရသော ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှာ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျလျက်ရှိသည်။ အာဏာလက်ရှိ စစ်အုပ်စုနှင့် နိုင်ငံရေး အင်အားစုများအကြား ယုံကြည်မှုက မရနိုင်သေးပါ။ အကျိုး တရားအဖြစ်ပေါ်ပေါက်လာသော စစ်ပွဲများ၏ အကြောင်းရင်း များကို ဘက်ပေါင်းစုံက အသေအချာ လေ့လာဖော်ထုတ်ပြီး သင်ခန်းစာယူနိုင်မှသာ ရန်သူမရှိ မိတ်ဆွေသာရှိ ဖြစ်ပါလိမ့်မည်။ သို့မဟုတ်ပါက အာဏာလက်မဲ့ဘဝဖြင့် တစ်လျှောက်လုံး တုံး အောက်က ဖားဖြစ်ခဲ့ကြသော တိုင်းရင်းသားပြည်သူလူထု၏ နိုင်ငံရေးအင်အားစုများအဖို့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရ ခြင်းသည် အာဏာရှိသူများ၏ နိုင်ငံရေး ကစားကွက်များ ကြားတွင် မိတ်ဆွေများ ရန်သူဖြစ်သွားပြီး အတုအယောင် နိုင်ငံ ရေး ဝဲဂယက်တွင် သံသရာလည်နေမည် ဖြစ်ပါကြောင်း ဆရာ ဒဂုန်တာရာ ရာပြည့်ကာလတွင် တွေးဆနေမိပါတော့သည်။

 

စာကိုး။  ။

၁။ စံပယ်ဖြူ    မဂ်္ဂဇင်း (ဇန်နဝါရီ၊ ၂ဝ၁၄)

၂။ ရှုမဝမဂ်္ဂဇင်း (၁၉၈၁၊ အောက်တိုဘာ)

၃။ မိုးဝေ မဂ်္ဂဇင်း (သြဂုတ်၊ ၁၉၈၆)

၄။ ရုပ်ရှင်တေးကဗျာမဂ်္ဂဇင်း  (မတ်၊ ၁၉၉၉)

၅။ ရနံ့သစ်မဂ်္ဂဇင်း (ဖေဖော်ဝါရီ၊ ၂ဝဝ၂)

၆။ တော်ဘုရားကလေး စာပေဆုပေးပွဲ အဖွင့်အမှာစကား

    (၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် )

၇။ ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု

    (တိုးမြစ်စာအုပ်တိုက်၊ ပထမအကြိမ်၊ ဇွန်၊ ၂ဝ၁ဝ)

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - ဒိုင်ယာရီ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."