မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၇ (မော်ကွန်း)
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေတဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သပိတ်စစ်ကြောင်း ငါးခုဟာ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလေးမြို့အခြေစိုက်လူထုသပိတ်စစ်ကြောင်းနဲ့ စိန်ပန်းသပိတ်စစ်ကြောင်းတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့တွင်းမြို့ပြင် နေရာအနှံ့ ပိတ်ဆို့စစ်ဆေးမှုတွေနဲ့ တင်းကြပ်နေတဲ့ကြားကနေ သပိတ်စစ်ကြောင်းဟာ ဘေးအန္တရာယ်တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်းဟာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြခဲ့ကြပြီး “လူထုအရေးတော်ပုံ ဒုတိယလှိုင်းအတွက်ပြင်ဆင်ကြ” “သွေးကြွေးကိုသွေးနဲ့ဆပ်စေ့မယ်” စတဲ့
ကြေးကြော်သံများနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ| Black၊ ဗကသ
#Dailynews

