မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၇ (မော်ကွန်း)
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်က ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ လူတချို့ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်တွေလည်းပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနက် ၁၁:၀၀ နာရီ ဝန်းကျင်က တစ်ကြိမ် ပေါက်ကွဲပြီး နောက်ထပ် မိနစ်နှစ်ဆယ်ခန့်အကြာမှာ နောက်ထပ်တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
သိပ္ပံလမ်းပေါ် က.ည.နရုံးရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေထဲက ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး တခြားဆိုင်ကယ်တွေပါ မီးကူးစက်လောင်ကျွမ်းခဲ့ကာ လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မြို့ခံတွေပြောပါတယ်။
“ဆိုင်ကယ်တွေကတော့ ဆယ်စီးလောက်ရှိမယ်။ လူနာတွေကိုတော့ လူနာတင်ယာဉ်နဲ့ခေါ်သွားတာတွေ့တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတဲ့ က.ည.န ရုံးတွေမှာ လက်တလောဆောင်ရွက်ခြင်းမပြုဖို့ သတိပေးထားကြပါတယ်။
မန္တလေးမြို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးရှေ့မှာ ဇွန်လနဲ့ စက်တင်ဘာလတွေတုန်းကလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါသေးတယ်။
ဓါတ်ပုံ-မြို့ခံတစ်ဦး၏ ဗွီဒီယိုမှတ်တမ်း
#Dailynews

