မန္တလေး – ၂၀၂၄ မေ ၂၄ (မော်ကွန်း)
မန္တလေးမြို့ပေါ်က စစ်ကောင်စီတပ် ကင်းတဲနဲ့ ရဲစခန်းကို အခုလ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုအတွင်း မြို့ပြပြောက်ကျားရဲဘော်တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defence Force (NMD) အဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
၎င်းအဖွဲ့ဟာ အခုလ ၂၁ ရက်မှာ စစ်ကောင်စီက ၁၀၂၇ ယတြာချေတဲ့အနေနဲ့ သံဃာ ၁၀,၂၇၂ ပါးကို ဆွမ်းလောင်းပွဲလုပ်တဲ့အချိန် ချမ်းမြသာစည်မြို့နယ်ထဲက မြဝတီဘဏ်ရှေ့မှာရှိတဲ့ စစ်ကောင်စီအစောင့်ကင်းတဲကို မနက် ၁၁ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အဲဒီနေ့ ညနေပိုင်းမှာ မဟာအောင်မြေမြို့နယ်က အမှတ် ၇ ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ထုတ်ပြန်ထားပါတယ်။
“ပစ်ခဲ့တဲ့အချိန်မှာ တစ်လုံးက error တက်ပြီး ရဲဘော်ကိုပြန်ထိပြီး မပြေးနိုင်တဲ့အချိန် ဖမ်းဆီးခံခဲ့ရပါတယ်” လို့ NMD က တာဝန်ရှိသူကပြောပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်ရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ ၎င်းကဆိုပါတယ်။
ပြီးခဲတဲ့ ၁၁ ရက်နေ့တုန်းကလည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း NMD အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
NMD အဖွဲ့ဟာ တော်လှန်ရေးကာလတစ်လျှောက် ထိခိုက်ဆုံးရှုံးမှု ဖမ်းဆီးခံရမှုတွေရှိပေမယ့် စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ပုံစာ- စစ်ကောင်စီတပ်စွဲထားသည့် မန္တလေးနန်းမြို့ရိုး
ဓာတ်ပုံ-ပေးပို့