မန္တလေး-၂၀၂၄ ဧပြီ ၁၄ (မော်ကွန်း)
မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်မှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သင်္ကြန်ပွဲကျင်းပနေချိန် ဗုံးပေါက်ကွဲတာကြောင့်လူသုံးဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“ ဗုံးက နှစ်လုံးဆင့်ကွဲသွားတာ။ ပထမတစ်လုံးကွဲပြီးတော့ ငါးမိနစ်လောက်နေတော့ နောက်တစ်လုံးထပ်ကွဲတာ။ လူကတော့ အဲဒီနားလေးတင် နည်းနည်းစည်တာပါ။ သူတို့လူတွေလောက်ပဲများတာပါ။ ကျန်တဲ့နေရာတွေတော့ လူသိပ်မရှိဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ မြို့တော်ဝန်မဏ္ဍပ်အနီးက ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ မသိရသေးပါဘူး။
ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သင်္ကြန်မဏ္ဍပ်အနီးနဲ့ မြို့တွင်းလမ်းတွေမှာ ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပုံစာ-ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့။
ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Ko Chit(MDY)

