ရေစကြို – ၂၀၂၂ ဩဂုတ် ၁၈ (မော်ကွန်း)
မနေ့က အာဏာသိမ်းစစ်တပ်မီးရှို့ခဲ့တဲ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသ၊ ငတမျှော်ကျေးရွာဟာ ဒီကနေ့မှာလည်း ဆက်ရှို့ခံနေရပြီး ရွာခံစစ်ရှောင်ပြည်သူတွေ အကူအညီတွေလိုအပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငတမျှော်ကျေးရွာကို မနေ့ မနက်ပိုင်းကစတင်မီးရှို့ခဲ့ပြီး ဒီနေ့မှာလည်း ကျန်တဲ့အိမ်တွေကို ဆက်လက်မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခြေအနေ မသိရသေးဘူး၊ စစ်သားတွေက မထွက်ကြသေးဘူး၊ ဒီနေ့နေ့လယ်ထိ ငတမျှော်ကို မီးဆက်ရှို့နေပြီး လက်နက်ကြီးတွေ ရမ်းထုနေကြတာ၊တိုက်ပွဲက
ဒီနေ့မဖြစ်လိုက်သေးဘူး၊သူတို့ဘာသာအထဲကနေပတ်ထုနေတာရယ်”လို့အနီးအနားကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
မနေ့ညပိုင်းမှာ ငတမျှော်ကျေးရွာဘက်မှာမိုး ရွာသွန်းခဲ့တာကြောင့် မီးငြိမ်းခဲ့ပေမယ့် ရွာသား ၃၀၀၀ ကျော်လောက်ကတော့ မိုးရေထဲ ရှောင်တိမ်းနေရတယ်လို့ သူကပြောပါတယ်။
နှစ်ရက်ဆက်တိုက် မီးရှို့နေတာကြောင့်နေအိမ်အားလုံးနီးပါး မီးလောင်နိုင်တယ်လို့ ဒေသခံကပြောပါတယ်။
“ခုထိ မထွက်သေးတော့ အသေးစိတ်မသိရသေးဘူးခင်ဗျ။တစ်ရွာလုံး ကုန်နိုင်ခြေရှိပါတယ်ဗျ၊ လေးငါးခြောက်အိမ်ပဲကျန်တယ်လို့တော့ သိထားရတယ်။ အတည်တော့မပြုနိုင်သေးဘူးခင်ဗျ”လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကဒီကနေ့အထိ ကျေးရွာအတွင်းတပ်စွဲနေထိုင်နေတာကြောင့် ရွာသားတွေဟာ ဘုန်းကြီးကျောင်းတွေ၊ တောထဲနဲ့ အခြားရွာတွေကဆွေမျိုး၊ မိတ်ဆွေတွေဆီမှာသွားရောက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ ငတမျှော်ရွာ
ဓာတ်ပုံ – ရေလယ်ကျွန်းသတင်း ၂
#Dailynews

